သိပ္ပံပွဲတော် ၂၀၂၃ တတိယနေ့နှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ တတိယနေ့ကို ယမန်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာတို့၌ ဆက်လက်ကျင်းပသည်။

ပွဲတော် တတိယနေ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ROSATOM တာဝန်ရှိသူများ နှင့် National Research Nuclear University MEPhI (Moscow Engineering Physics Institute) မှ ပါမောက္ခများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်နည်းပညာတက္ကသိုလ်၌ အဏုမြူစွမ်း အင် ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ခင်းကျင်းပြသထားသော ပြခန်းများ၊ ပိုစတာများဖြင့် ရှင်းလင်း တင်ပြမှုများ၊ လေ့လာနေမှုများကို  ကြည့်ရှုအားပေးကာ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကောင်းစွာအထောက်အကူပြုနိုင်မည့် စွန့်ဦးတီထွင် နည်းပညာများ၊ သုတေသန ရလဒ်များ ရရှိလာသည်အထိ ကြိုးပမ်းဆောင်ရွက်၍ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် နည်းပညာများကို ဖြန့်ဖြူးပေးရန် မှာကြားသည်။

ဆက်လက်၍ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာသို့ရောက်ရှိပြီး လာရောက်လေ့လာကြသည့် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာတွင် ကျင်းပသော သိပ္ပံပွဲတော် ၂၀၂၃ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် “Nuclear Now’ ရုပ်ရှင်ကိုပြသပြီး ရုပ်ရှင်တွင် ပါဝင်သော အကြောင်းအရာများ နှင့်စပ်လျဉ်း၍ တက်ရောက်သူများ၏ မေးမြန်းမှုများကို MEPhI မှ ပါမောက္ခများက ပြန်လည်ဖြေကြားကြသည်။

သိပ္ပံပွဲတော် ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာ ရှင်များအထိ နျူကလီးယား နည်းပညာရပ် အပါအဝင် သိပ္ပံဆိုင်ရာ အသိအမြင်များနှင့် အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားစေပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများအား လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာ များမှတစ်ဆင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့် အတွက် နိုင်ငံတော်တွင် သိပ္ပံနှင့်နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်