သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်  အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၃၀

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်‌တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်သည် တောင်သူများအတွက် သိုလှောင်ရုံများတွင် သီးနှံကို အပေါင်စနစ်အဖြစ် အပ်နှံပြီးရရှိလာသည့် ကုန်အပ်လက်မှတ်ကို အသုံးပြု၍ ဘဏ်များတွင် ချေးငွေရယူနိုင်မည့်စနစ်ဖြစ်ပါကြောင်း။

 

အဆိုပါစနစ်တွင် တောင်သူများသည် သီးနှံပိုင်ရှင်ကုန်အပ်သူ၊ ကျေးလက်ဒေသရှိ သိုလှောင်ရုံ ပိုင်ရှင်များသည် သိုလှောင်ရုံကုန်အပ်လက်မှတ်ထုတ်ပေးသူ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသည်  သိုလှောင်ရုံကုန်အပ်လက်မှတ်အပေါ် အခြေခံ၍ ချေးငွေထုတ်ပေးသူ၊ အစိုးရဌာနအဖွဲ့အစည်းများသည် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်း ချမှတ်သူများအနေဖြင့် ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် တောင်သူလယ်သမားများ သီးနှံ ပေါ်ချိန်တွင် စပါးပေါက်ဈေး ကျဆင်းနေမှုကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိမှုလျော့နည်း လာခြင်းကို ကာကွယ်တားဆီးနိုင်ပြီး နစ်နာဆုံးရှုံးမှုများကို ကုစားဖြေရှင်းနိုင်မည်ဖြစ်သည့်အပြင် ဆန်စပါးဈေးနှုန်း တည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။

 

 နိုင်ငံ၏ သိုလှောင်ရုံစနစ် ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် အရည်အသွေးပြည့်မီသည့် သီးနှံများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပို့ကုန်ဝင်ငွေတိုးမြှင့်ကာ နိုင်ငံ့စီးပွား ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစိုးရ-ပုဂ္ဂလိက နှစ်ဦးနှစ်ဖက်ပူးပေါင်း၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ Presentation ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် မူဝါဒများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်တကွ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)