သက်မွန်မြင့်၏ အနုပညာသက်တမ်း နှစ် ၂၀ ပြည့် ပရိသတ်များနှင့် တွေ့ဆုံပွဲကျင်းပ

အကယ်ဒမီ နှစ်ထပ်ကွမ်းဆုရှင် သက်မွန်မြင့်၏ အနုပညာသက်တမ်း နှစ် ၂၀ပြည့် အထိမ်းအမှတ် သက်မွန်မြင့် ပရိသတ်များနှင့် ငါးကြိမ်မြောက်တွေ့ဆုံပွဲကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။

“သက်မွန် ခုလိုပွဲလေး လုပ်ဆောင်ဖြစ်တဲ့အတွက် ရင်ထဲမှာ ဝမ်းနည်းသလို ခံစားရပါတယ်၊ နှစ်တိုင်းလည်း ဒီ fan အဖွဲ့တွေနဲ့ အလှူလေးတွေလည်း လုပ်ဖြစ်ပါတယ်။ နှစ် ၂၀ ပြည့် အနုပညာလမ်းခရီးမှာ ပရိသတ်တွေနဲ့ တွေ့ဆုံတာ ဒါက ပထမဆုံးပါ။ အားလုံးကလည်း တတ်နိုင်သလောက် အလှူငွေလေးတွေ ထည့်လှူကြတယ်။ သက်မွန်ကို အခုလို ချစ်ပေးကြလို့ ဘဝတစ်ခု ဆက်လက်တည်ဆောက်ဖို့အတွက် အင်မတန် ခွန်အားတွေဖြစ်ရပါတယ်၊ နောက်နှစ်တွေမှာလည်း အချစ်တွေမပြယ်ဘဲ ချစ်ချစ်ခင်ခင် ဖြတ်သန်းချင်ပါတယ်” ဟု သက်မွန်မြင့်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ သက်မွန်မြင့်ကို ချစ်ခင်အားပေးသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မဲဆောက်မြို့များမှ ပရိသတ်များ အပါအဝင် အနယ်နယ်အရပ်ရပ်မှ Fan များ တက်ရောက်ခဲ့ကြပြီး ဖြိုးငွေစိုး၊ မိုးပြည့်ပြည့်မောင်၊ ခင်လေးနွယ်၊ ဖူးစုံ၊ ငွေစက်လှိုင်း၊ ပိုးမီနှင့် အနုပညာရှင် သူငယ်ချင်းများလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြ သည်။ ထို့နောက် သက်မွန်မြင့်နှင့်အတူ ပျော်စရာဂိမ်းများ ကစားခဲ့ကြပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဝမ်းနည်းမှတ်တမ်း သီချင်းကို သီဆိုဖျော်ဖြေပေးခဲ့သည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် သက်မွန်မြင့်က Fan  များအား မေတ္တာလက်ဆောင် အဖြစ် Samsung ဖုန်းများ၊ တီရှပ်များနှင့် Zoey အိတ်များ လက်ဆောင်ပေးအပ်ခဲ့ပြီး အနုပညာသက်တမ်း နှစ် ၂၀ ပြည့် အမှတ်တရ အလှူအဖြစ် ခေတ်သစ် ဖောင်ဒေးရှင်းသို့ အလှူငွေ ကျပ်ငါးသိန်းကိုလည်းကောင်း၊ သက်ကြီး ရုပ်ရှင်သရုပ်ဆောင် နှင့် နာမကျန်းသူ သရုပ်ဆောင် ၁၀ ဦးအတွက် တစ်ဦးလျှင် အလှူငွေကျပ် နှစ်သိန်းစီဖြင့် သိန်း ၂၀ ကိုလည်းကောင်း သက်မွန်မြင့်က ပေးအပ်လှူဒါန်းခဲ့သည်။

ကိုလင်း