သက်သေခံပစ္စည်းစီတန်းပြသခြင်းဟူသည်

မောင်စာဂ

ရာဇဝတ်မှုခင်းများတွင် သက်သေခံပစ္စည်းများကို မှတ်မိခြင်း ရှိ-မရှိ ပစ္စည်းစီတန်းပြသခြင်း ပြုမူဆောင် ရွက်ရသည့်အခါမျိုး ကြုံတွေ့ရတတ်သည်။ အဘယ် ကြောင့် သက်သေခံပစ္စည်းကို စီတန်းပြသမှု ပြရသနည်း။ ဘယ်နည်းဘယ်ပုံ ဆောင်ရွက်ရသနည်း။ ဗဟုသုတအလို့ငှာ မျှဝေပါရစေ။

 

သက်သေခံပစ္စည်းစီတန်းပြသရခြင်း၏ရည်ရွယ်ချက်
သက်သေခံပစ္စည်းကို မှတ်မိခြင်း ရှိ-မရှိ ပစ္စည်းစီတန်း ပြသခဲ့ခြင်းမပြုဘဲ သက်သေတစ်ဦးက သက်သေခံပစ္စည်း သည် ပြစ်မှုနှင့်ပတ်သက်ကြောင်း စွပ်စွဲထွက်ဆိုလာလျှင် ထိုထွက်ဆိုချက်မျိုးကို အထောက်အကူပြုသည့် သက်သေခံချက်မရှိဘဲ သက်သေ၏တရားရုံးရှေ့ ထွက်ဆို ချက်တစ်ခုတည်းအရ တရားခံအား အပြစ်ပေးရန် သင့် မည်မဟုတ်ပေ။ သို့ဖြစ်၍ သက်သေတစ်ဦးသည် သက်သေခံပစ္စည်းကို အမှန်တကယ်မှတ်မိခြင်း ရှိ-မရှိ သိရှိနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

 

သက်သေခံပစ္စည်း စီတန်းပြသရန်လိုအပ်ခြင်း

သက်သေခံပစ္စည်း စီတန်းပြခြင်းကို အထူးသဖြင့် ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှု စသည့်အမှုများတွင် သက်သေခံပစ္စည်းကို စီတန်းပြသခြင်း ပြုလုပ်ရလေ့ရှိ သည်။ ဓားပြမှု၊ လုယက်မှု၊ ခိုးမှုများ ဖြစ်ပွားပြီးနောက် ဓားပြတိုက်ခံရသောပစ္စည်း၊ လုယက်ခံရသောပစ္စည်း၊ အခိုးခံရသောပစ္စည်းများကို သက်သေခံပစ္စည်များအဖြစ် ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သောအခါမျိုးတွင် ထိုသက်သေခံပစ္စည်းသည် ဓားပြတိုက်ယူသွားသော ပစ္စည်း၊ လုယက်သွားသောပစ္စည်း၊ အခိုးခံရသောပစ္စည်း ဟုတ်-မဟုတ်၊ မှန်-မမှန် သက်သေအား ပစ္စည်းစီတန်း ပြသမှု ပြုလုပ်ရသည်။


အနှစ်ချုပ်အားဖြင့် သက်သေခံပစ္စည်းသည် ပြစ်မှုနှင့် ပတ်သက်သောပစ္စည်း ဟုတ်-မဟုတ်၊ မှန်-မမှန် သက်သေ အား ပစ္စည်းစီတန်းပြသရန် လိုအပ်သည့်အခြေအနေ ပေါ်ပေါက်လာလျှင် သက်သေခံပစ္စည်းကို စီတန်းပြသ ခြင်း ပြုရသည်။

 

ဆောင်ရွက်ရမည့်နည်းလမ်း
သက်သေခံပစ္စည်းများကို အလားတူပစ္စည်းများနှင့် ရောနှောပြသရပါမည်။ အလားတူ အခြားပစ္စည်း မည်ရွေ့ မည်မျှနှင့် ရောနှောပြသရမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။ သို့ရာတွင် စွပ်စွဲပြသသူ သက်သေသည် သက်သေခံပစ္စည်းကို အမှန်တကယ်မှတ်မိခြင်းမရှိဘဲ ကံအားလျော်စွာ စွဲဆိုပြသခြင်း မပြုနိုင်စေရန် ရောနှောပြ ရမည့် ပစ္စည်းအရေအတွက်သည် အသင့်အတင့်များရန် လိုအပ်သည့်အပြင် သက်သေခံပစ္စည်းနှင့် အတော်အတန်
ဆင်တူယိုးမှားဖြစ်ဖို့လည်းလိုသည်။ အနည်းဆုံး ပစ္စည်း သုံးခုနှင့် ရောနှောပြရန် သင့်ပါသည်။ တစ်ကြိမ်လျှင် သက်သေခံပစ္စည်းတစ်ခုသာ ပြရပါမည်။


သတိပြုရမည့်အချက်
ပစ္စည်းကိုမပြမီ စွပ်စွဲပြသသူ သက်သေအား ပစ္စည်းကို မှတ်မိလောက်အောင် ထူးခြားသောအမှတ်အသား ရှိ-မရှိ သို့မဟုတ် ယေဘုယျပုံသဏ္ဌာန်ကိုကြည့်၍ စွဲဆိုပြသ မည်လားစသည်ဖြင့် မေးမြန်းရပါမည်။ သက်သေခံပစ္စည်း ကို နေရာအထားအသိုပြောင်း၍ စွပ်စွဲပြသသူ သက်သေ အား (၃)ကြိမ်တိုင်တိုင် စီတန်းပြရပါမည်။

 

အသုံးပြုရမည့်ပုံစံနှင့် ဖြည့်သွင်းနည်း

သက်သေခံပစ္စည်းကို မှတ်မိခြင်းရှိ-မရှိ ပစ္စည်းစီတန်း ပြသရာတွင် ပုံစံ (၉၉) ကို အသုံးပြုရပါမည်။ သက်သေခံ ပစ္စည်းများသည် တစ်ခုထက်ပိုလျှင် ပစ္စည်းတစ်ခုစီ အတွက် ပုံစံ (၁) ရွက်စီ အသုံးပြုရပါမည်။ ပုံစံ၏အထက် ပိုင်း ကွက်လပ်များတွင် သက်သေခံပစ္စည်းများကို ပြသ သည့်နေ့ရက်၊ နေရာနှင့် စွပ်စွဲပြသသူ သက်သေ၏အမည် တို့ကို အသီးသီးရေးသွင်းရန်ဖြစ်သည်။


ပုံစံ၏ ပထမအပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲပြသရန် ဖြစ်သော သက်သေခံပစ္စည်းကို ရေးသွင်းရန်ဖြစ်သည်။ ပုံစံ၏ ဒုတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် သက်သေခံ ပစ္စည်းနှင့် ရောနှောပြသမည့် အခြားအလားတူပစ္စည်း များ၏ အရေအတွက်ကို ဖော်ပြရန်ဖြစ်သည်။ ပုံစံ၏ တတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် ရောနှောပြသသော ပစ္စည်းများသည် သက်သေခံပစ္စည်းကိုမှတ်မိကြောင်း စွပ်စွဲပြသရာ၌ တရားသဖြင့် ဖြစ်လောက်အောင် အလားတူ-မတူကို ရေးသွင်းရန်ဖြစ်သည်။


ပုံစံ၏ စတုတ္ထအပိုဒ်နံဘေးရှိ ကွက်လပ်တွင်

ပစ္စည်းများကို မပြသမီ သက်သေအား မိမိ၏ပစ္စည်းကို အထူးအမှတ်အသားအားဖြင့် လည်းကောင်း၊ သို့မဟုတ် သာမည ပုံသဏ္ဌာန်အားဖြင့် လည်းကောင်း မှတ်မိခြင်း ရှိ-မရှိ မေးမြန်း၍ သူ၏ဖြေကြားချက်ကို ရေးသွင်းရန် ဖြစ်သည်။ ပုံစံ၏ ပဉ္စမစာပိုဒ်နံဘေးရှိ ကွက်လပ်တွင် သက်သေခံပစ္စည်းကို မဆွဲပြမီ မည်သည့်အခါကနောက်ဆုံး
မြင်ခဲ့ကြောင်းကို သက်သေအားမေးမြန်း၍ သူ၏ဖြေကြား ချက်ကို ရေးသွင်းရန်ဖြစ်သည်။
ပုံစံ၏ ဆဋ္ဌမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် သက်သေခံ ပစ္စည်းကို စွပ်စွဲပြသသူ သက်သေအား စီတန်းပြသရာ၌ ထိုပစ္စည်းကို စွပ်စွဲပြသနိုင်ခြင် ရှိ-မရှိ ရေးသားရန်ဖြစ်သည်။ (၃) ကြိမ်စီတန်းပြသရာတွင် (၃) ကြိမ်စလုံး မှန်ကန်စွာ စွပ်စွဲပြသနိုင်ပါက ယင်းသို့ပြသနိုင်ကြောင်း ရေးသွင်းရန် ဖြစ်သည်။ သတ္တမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲပြသ သည့်ပစ္စည်း၏ အကြောင်းအရာကို ဖော်ပြရန်ဖြစ်သည်။ ကြီးကြပ်သူသည် ပစ္စည်းများပြသခြင်းနှင့်ပတ်သက်၍ တရားရုံးရှေ့တွင် သက်သေခံသည့်အခါ တရားရုံးရှေ့ရှိ မည်သည့်ပစ္စည်းကို စွပ်စွဲပြသသူသက်သေက ရဲစုံစမ်း ထောက်လှမ်းသည့် အချိန်ကာလတွင် စွပ်စွဲပြသနိုင်ခဲ့ ကြောင်းကို ထွက်ဆိုပြသရန်လိုသည်။ ထို့ကြောင့် ယင်းသို့ ထွက်ဆိုပြသနိုင်ရန်အလို့ငှာ မိမိရှေ့တွင် သက်သေက စွပ်စွဲပြသနိုင်ခဲ့သောပစ္စည်းကို မှတ်မိရန် အတွက် ကြီးကြပ်သူက ထိုပစ္စည်း၏အကြောင်းအရာ အသေးစိတ်ကို မှတ်သားထားရန်လိုသည်။


အထက်ပါအတိုင်း ပုံစံတွင် ပစ္စည်းစီတန်းပြသခြင်းနှင့်ပတ်သက်၍ ကြီးကြပ်သူ၊ သို့မဟုတ် ကြီးကြပ်သူများ ကိုယ်တိုင် လိုအပ်ချက်များကို ရေးသားထည့်သွင်းပြီး နောက် ပစ္စည်းစီတန်းပြသခြင်းကို ကြည့်ရှုရန် ခေါ်ထား သည့် သက်သေလူကြီးများက လက်မှတ်ရေးထိုးပြီး ၎င်း တို့၏ ရာထူး၊ သို့မဟုတ် အလုပ်အကိုင်ကို ရေးသွင်းရမည်။

 

ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခြင်း
သက်သေခံပစ္စည်းကို မှတ်မိခြင်းရှိ-မရှိ ပစ္စည်းစီတန်း ပြသခြင်းများကို မည်သူမဆို ကြီးကြပ်ဆောင်ရွက်နိုင် သည်။ ဤကိစ္စများအတွက် တရားသူကြီးအဖွဲ့အား အကူ အညီတောင်းခံလာပါက တရားသူကြီးအဖွဲ့ဝင်တစ်ဦးဦး ကဖြစ်စေ၊ တရားသူကြီးအဖွဲ့ဝင် မပါဝင်နိုင်သည့်ကိစ္စများ တွင် တရားရေးဝန်ထမ်းတစ်ဦးဦးကဖြစ်စေ ကြီးကြပ် ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့တရားသူကြီးအဖွဲ့က ၁၃-၁၀-၁၉၈၀ ပြည့်နှစ် ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၂၀) ကို ထုတ်ပြန်ခဲ့ဖူးသည်။

 

မပြုမနေပြုရမည့်ကိစ္စမဟုတ်ပါ
သက်သေခံပစ္စည်းကို မှတ်မိခြင်း ရှိ-မရှိ ပစ္စည်းစီတန်း ပြသခြင်းပြုရန် လိုအပ်သည်ဟု ဥပဒေပြဋ္ဌာန်းထားခြင်း မရှိပါ။ သက်သေခံပစ္စည်း စီတန်းပြသသည့်ကိစ္စမှာ မပြု မနေရ ပြုလုပ်ရမည့်ကိစ္စ မဟုတ်ပါ။ သို့ရာတွင် ထိုသို့ သက်သေခံပစ္စည်း စီတန်းပြသခြင်းဖြင့် စွပ်စွဲခံရသည့် တရားခံ ပြစ်မှုကျူးလွန်သည် ဖြစ်သည်၊ မဖြစ်သည် ဆိုသောအချက်ကို ထောက်ခံချက်သက်သေ ရရှိနိုင်ရန် အတွက် လိုအပ်သည့်မှုခင်းများတွင် လူစီတန်းပြခြင်းကို ပြုမူဆောင်ရွက်ကြရသည်။


မှုခင်းဖော်ထုတ်ခြင်းအစ သက်သေခံပစ္စည်းက

ရာဇဝတ်မှုခင်းတစ်ခုဖြစ်ပွားလာလျှင် ယင်းမှုခင်း၏ ဖော်ထုတ်ခြင်းအစသက်သေခံပစ္စည်းကဟု ဆိုနိုင်သည်။ လူသတ်မှုများတွင် အခင်းဖြစ်ပွားရာနေရာ၌ ကျန်ရစ်ခဲ့ သော ဖိနပ်၊ ဆေးလိပ်တို၊ မီးခြစ်၊ ဓာတ်မီး၊ တုတ်၊ ဓား စသည့်သက်သေခံပစ္စည်းများကို အခြေပြု၍လည်းကောင်း၊ ဓားပြမှု၊ လုယက်မှု၊ ခိုးမှုများတွင် သက်သေခံပစ္စည်းဖြစ် သည့် ရွှေထည်၊ လက်ဝတ်လက်စား၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို အခြေပြု၍လည်းကောင်း စုံစမ်းစစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ပေး နိုင်ခဲ့သည်။


တွေ့ကြုံခဲ့ရဖူးသည့် ဖြစ်စဉ်သာဓကအချို့ဖော်ပြရ လျှင် ၁၉၈၆ ခုနှစ်ပတ်ဝန်းကျင်ခန့်က ဓားပြမှုတစ်ခုတွင် အိမ်ရှင်အမျိုးသားက ဘီစကစ်မုန့်ပုံးထဲတွင်ထည့်ထား သော နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကိုထုတ်ပေးရာ တွင် အနီးရှိ မင်အိုးကိုဖွင့်၍လက်နှိုက်ပြီး ငွေစက္ကူထုပ် များ၏ဘေးတွင် သုတ်၍ပေးလိုက်သည်။ တစ်ပတ်ခန့် အကြာတွင် အမျိုးသမီးနှစ်ဦးက ယင်းငွေစက္ကူထုပ် တစ်ထုပ်စီကိုင်ကာ စျေးတွင်စျေးဝယ်ရာမှ သိမ်းဆည်း ရမိသည်။ အိမ်ရှင်အမျိုးသားက သူမင်တို့ပေးလိုက်သည့် ငွေစက္ကူများကို ပစ္စည်းတန်းစီပြသရာ၌ ဆွဲပြနိုင်ခြင်း ကြောင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ပေးနိုင်ခဲ့ သည်။


ချိုးငှက် (တည်ချိုး) ကိုမွေး၍အခြားချိုးငှက်များကိုထောင်ကာ ဖမ်းဆီးလေ့ရှိသော အရပ်ဒေသတစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်က ချိုးငှက်ခိုးမှုတစ်ခုကြုံတွေ့ခဲ့ဖူးသည်။ ချိုးငှက်ပိုင်ရှင်က သူ၏ချိုးငှက်(တည်ချိုး) သည် မည်သူ၏ထံတွင်ရှိနေသည်၊ သူ့ချိုးငှက်ကို သူက အသံပေး၍ လက်ညှိုးထိုးပေးလျှင် သူ၏လက်ညှိုးကို နှုတ်သီးဖြင့်ငုံထားတတ်ပါသည်ဟု ပြောဆိုတိုင်ကြား သည်။ အခြားချိုးငှက် ၁၀ ကောင်နှင့် ရောနှောစီတန်း ပြသရာ သူ၏ချိုးငှက်ကိုဆွဲပြနိုင်သဖြင့် ပြစ်မှုကျူးလွန်သူ ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။

 

ခိုင်မာသောလုပ်ထုံးလုပ်နည်းကျင့်စဉ်
ပစ္စည်းစီတန်းပြသခြင်းကို ပြုကိုပြုရမည်ဟု ဥပဒေ ပြဋ္ဌာန်းမထားသော်လည်း ပစ္စည်းစီတန်းပြသခြင်း ပြုလုပ်ခြင်းဖြင့် ပြစ်မှုကျူးလွန်သူ အမှန်တကယ်ဟုတ်- မဟုတ် သုံးသပ်ဆုံးဖြတ်ရန် အားကောင်းသည့်ထောက်ခံ ချက် သက်သေခံချက်တစ်ရပ်ဖြစ်နေသောကြောင့် လိုအပ်သည့်အမှုများတွင် ပစ္စည်းစီတန်းပြသမှုပြုလုပ် ခြင်းသည် တရားစီရင်ရေးတွင် ခိုင်မာသော လုပ်ထုံး လုပ်နည်းကျင့်စဉ်အဖြစ် တည်လျက်ရှိနေကြောင်းပါဗျာ။


ပစ္စည်းစီတန်းပြသခြင်းဖြင့် အမှုအတွက် အထောက်အကူပြုသည့် သက်သေခံချက် ရရှိနိုင် ပါစေ၊

 

ပစ္စည်းစီတန်းပြသမှုပြုရာတွင် လုပ်ထုံးလုပ်နည်း ကျင့်စဉ်များနှင့်အညီဖြစ်ကြပါစေ၊


ခိုင်မာသည့်လုပ်ထုံးလုပ်နည်းကျင့်စဉ်များဖြင့် တရားစီရင်ရေးမဏ္ဍိုင် ခန့်ထည်မြဲနိုင်ကြပါစေ။


ရည်ညွှန်းချက်။ ။ ပြည်သူ့တရားသူကြီးအဖွဲ့၏ ၁၃-၁၀-၁၉၈၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂၀) နှင့် တရားရုံးများလက်စွဲအပိုဒ် (၆၁၈)

 

km