နေပြည်တော် နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ နယ် တောင်ပြင်(၁)ရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးလှဝင်းအောင် ၏ နို့စားနွား မွေးမြူရေးခြံ၌ ဒေသခံနို့စားနွားမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင် နိုင်ကြစေရန်၊ သမားရိုးကျ မွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်သို့ ကူးပြောင်းဆောင် ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ နို့စားနွားမွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှု၊ သီးနှံဆွတ်ခူးရိတ်သိမ်းပြီး ဘေးထွက် ကုန်ကြမ်းများဖြင့် မွေးမြူရေးအစာ ထုတ်လုပ်နေမှုများကိုကြည့်ရှုအားပေးသည်။
အလားတူ အောင်လံမြို့နယ်၊ ဇေယျဝတီရပ်ကွက်ရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေး ခြံများနှင့် ခေတ်သစ်ဒိန်ချဉ် လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ အကြံပြုဆွေးနွေးမှာကြားကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါကြိတ်စက်ရုံ(အောင်လံ) သို့ ရောက်ရှိပြီး ဝါကြိတ်စက်များ ထိမ်းသိမ်းထားရှိမှုနှင့် စက်များ၏ ကြံ့ခိုင်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အောင်လံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် အောင်လံခရိုင် နို့စားနွားမွေးမြူရေးနှင့် ဥစားကြက်မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ ဈေးကွက်နှင့် ကိုက်ညီ သော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေးအတွက် ဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်