သမိုင်းဖြစ်ရပ်တွေနဲ့ မင်းလှခံတပ်

တသွင်သွင်စီးဆင်းနေသော ဧရာဝတီမြစ်၊ မြစ်ရေပြင်တွင် စုန်ဆန်သွားလာနေကြ သည့် ရေယာဉ်များ၊ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းမှ စိမ်းညို့နေသောသစ်ပင်များနှင့် ရွာငယ်များကို လှမ်းမြင်ရသည်။ ဤနေရာသည် တစ်ချိန်က မြန်မာတို့၏ အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်များ၊ အော်ဟစ် တိုက်ပွဲဝင်သံများ ဆူဝေခဲ့သည့် နေရာ၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တို့ဖြင့် ရဲရဲတောက် ဆင်နွှဲခဲ့သည့် နေရာ၊ သမိုင်းဖြစ်ရပ်တို့ကို ပြတ်ပြတ်ထင်ထင်၊ ကြေးမုံသွင်ကဲ့သို့ မြင်စေသည့်နေရာ။

ကျွန်တော်တို့ မင်းလှခံတပ်ပေါ်ရပ်ကာ ဧရာဝတီမြစ်ပြင်ကိုကြည့်ရင်း အတွေးများ ကိုယ်စီဝေကာ နှုတ်ဆိတ်နေကြသည်။ ကိုယ်စီရင်ထဲ၌ အမည်မဖော်ပြနိုင်သော နက်ရှိုင်းသည့်ခံစားမှုတို့ ယှက်ဖြာနေသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကာလ မြန်မာ တို့၏ နောက်ဆုံးခံတပ်အဖြစ် ကြံ့ကြံ့ခံ အံတု တိုက်ခိုက်ခဲ့သည့် သမိုင်းဝင်နေရာပင် မဟုတ်ပါလော။

တကယ်တော့ ကျွန်တော်တို့ မကွေးမြို့သို့ရောက်ခိုက် မြန်မာ့သမိုင်း ဝင်နေရာ တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည့် မင်းလှခံတပ်သို့ ရောက်အောင် လာခဲ့ကြခြင်း ဖြစ်သည်။ ခရီးက အတန်ပင် လှမ်းသည်ဖြစ်သော်လည်း အရောက်လာချင်စိတ် ပြင်းပြလွန်းသဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ သည်ခရီးကို ကားဖြင့်ရောက်အောင် လိုက်ပို့ပေးသည့် မကွေးမြို့သား ကိုအေးမောင်ကို ကျေးဇူးတင်ရသည်။

ကျွန်တော် မကွေးမြို့၌ တာဝန်ကျစဉ် ကိုအေးမောင်နှင့် ရင်းနှီးခဲ့ခြင်းဖြစ် သည်။ ထိုစဉ်က ကိုအေးမောင်က လူပျိုဖြစ်သော်လည်း ယခုအချိန်တွင် သားသမီးသုံးဦး ထွန်းကား နေပြီဖြစ်သည့် အိမ်ထောင်သည်ဘဝ ရောက်ရှိနေသူဖြစ်သည်။

ကျွန်တော်တို့ မင်းလှမြို့ရောက်ချိန်မှာ နံနက် ၁ဝ နာရီခန့်ရှိနေပြီဖြစ်ရာ မင်းလှ ခံတပ်အတွင်း ကမ္ဘာလှည့်ခရီးသွားအချို့ ရောက်ရှိလေ့လာနေကြ သည်ကိုတွေ့ရ သည်။ မင်းလှခံတပ်သို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့် သည်များ ပွင့်လင်းရာသီ တွင် ပိုမိုလာရောက်ကြကြောင်း သိရပြီး မိုးရာသီကာလတွင်လည်း ရောက်ရှိလာ လေ့ရှိကြောင်း သိရသည်။

mdn

မင်းလှခံတပ်က မူလအတိုင်း လက်ရာမပျက်ထားရှိ ထိန်းသိမ်းထားသဖြင့် ညို့မှိုင်းသော အသွင်ကိုဆောင်လျက် သမိုင်းပြယုဂ်အဖြစ် ညွှန်း ဆိုလျက်ရှိနေ သည်ဟု တွေးမိသည်။

ကျွန်တော်တို့ မင်းလှခံတပ်အုတ်ရိုးပေါ်၌ ရပ်ကာ မင်းလှခံတပ်အကြောင်း တွေး နေမိသည်။ မင်းလှခံတပ်ကို မြန်မာသက္ကရာဇ် ၁၂၂၂-၁၂၂၃ ခုနှစ်က ပြင်သစ်နှင့် အီတာလျံလူမျိုး အင်ဂျင်နီယာ ကိုမိုတိုပယ်ရီနှင့် မိုနာလီတို့ အကူအညီဖြင့် မြန်မာအင်ဂျင်နီယာ လူငယ်များ ပူးပေါင်း တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ကနောင် မင်းသားကြီးက ကြီးကြပ်ခဲ့သည့် ခံတပ်ဖြစ်သည်။ မြန်မာတို့၏ ရှေ့ရေးကို ကြိုတင် တွေးမျှော်ချင့်ချိန်တတ်သည့် ကနောင်မင်းသားကြီး၏ အမြော်အမြင်ကို လေးစား စိတ်ဖြစ်ရသည်က အမှန်ပင်။

မင်းလှခံတပ်၏ အပြင်ဘက်အလျားမှာ ၁၇၃ ပေ ၇ လက်မရှိပြီး အပြင်ဘက် အနံမှာ ၁၃၁ ပေ ၄ လက်မရှိကြောင်း သိရသည်။ မင်းလှခံတပ်၏ အတွင်းအလျားမှာ ၁ဝ၈ ပေ ၈ လက်မရှိပြီး အတွင်းအနံမှာ ၈၈ ပေ ၄ လက်မရှိသည်။ ခံတပ်အတွင်း တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ခံတပ်အပေါ် စင်္ကြံသို့တက်ရန် အုတ်လှေကား နှစ်စင်းရှိပြီး အပေါ်ဘက် စင်္ကြံအကျယ်မှာ ၂၁ ပေ ၆ လက်မရှိကြောင်း သိရသည်။ စင်္ကြံလမ်းမှအပြင် အုတ်ရိုးအမြင့်မှာ ၄ ပေ ၅ လက်မရှိကာ ခံတပ်မြောက်ဘက်မျက် နှာတွင် အုတ်ရိုးနှစ်ထပ်ရှိသည်။ အုတ်ရိုးများ၏ ထုထည်မှာ ၁၇ ပေ ၃ လက်မရှိပြီး အုတ်ရိုးနှစ်ခုအကြားတွင် မြေဖို့ထားရာ မြေသားထုအကျယ်မှာ ၉ ပေ ၁ဝ လက်မ ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို မေးတင်ကာ စနစ်တကျ ဆောက်လုပ်ထားသော မင်းလှခံတပ်ကိုကြည့်ကာ သမိုင်းပုံရိပ်များ အတွေးထဲ၌ ထင်ဟပ်လာခဲ့သည်။ မင်းလှခံတပ်ကို တည်ဆောက်ရန် မင်းလှမြို့တောင်ဘက် အင်းဖျားနေရာနှင့် မင်း လှအနောက်ဘက် လက်လန်ရွာတို့တွင် အုတ်များဖုတ်ကာ သယ်ဆောင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းနေရာများတွင် ယခုတိုင် အင်းကြီးသဖွယ်ဖြစ်နေသည်က သက်သေပြနေသည့်အလား။ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်ကို တည် ဆောက်မှု ကုန်ကျစရိတ်မှာ ဒေါင်းဒင်္ဂါးကျပ်ပြားရေ ငွေတော် ခုနစ်သိန်းကျော်ကြောင်း သမိုင်းမှတ်တမ်းများတွင် လေ့လာခဲ့ဖူးသည်။

ကျွန်တော်တို့ မင်းလှခံတပ်အတွင်းသို့ အုတ်လှေကားမှတစ်ဆင့် ဆင်းခဲ့ကြပြီး ခံတပ်အုတ်ရိုးအောက်ပိုင်း၌ စစ်သည်တော်နှင့် အရာရှိများနေ ထိုင်ရာ အခန်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကာလအတွင်း မင်းလှခံတပ်ကို သီရိမဟာ ဇေယျာကျော်ထင် ဘွဲ့ရ လှေသင်းအတွင်းဝန် ဦးရွှေမောင် က လူသူစစ်သည် ၃၄ဝဝ၊ အမြောက် ၁ဝ လက်၊ လက်နက်မျိုးစုံတို့ဖြင့် အင်္ဂလိပ်တို့အား ခုခံတွန်းလှန်ခဲ့ပုံများကို ပြန်လည်မြင်ယောင်နေမိသည်။

ထိုစဉ်က အထက်မြန်မာပြည်နယ်စပ်မှ စစ်အောင်ခန်း ခံတပ်၊ ထူးပေါက်ခံ တပ်၊ ကွေ့ချောင်းခံတပ်တို့ ကျဆုံးခဲ့ပြီးနောက် မင်းလှခံတပ်က နောက်ဆုံးခံတပ်အဖြစ် ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မင်းလှခံတပ်ကျဆုံးခဲ့ရခြင်းဖြစ် ရာ သမိုင်းဖြစ်ရပ်များက သင်ခန်းစာယူစရာကောင်းလှသည်။

ကျွန်တော် တို့ မင်းလှခံတပ်အတွင်းဘက်၊ အပြင်ဘက်နှင့် အပေါ်ပိုင်းများကို လိုက်လံကြည့်ရှုပြီးနောက် မင်းလှခံတပ်အတွင်းမှ ပြန်ထွက်လာခဲ့သည်။ မြန်မာ့သမိုင်းဖြစ်ရပ်များကို အကောင်းဆုံး ပုံဖော်ပြသနေသော မင်းလှခံတပ်အား စနစ် တကျထိန်းသိမ်းစောင့်ရှောက်နေသဖြင့် စိတ်သက်သာရာ ရမိတာကတော့အမှန်ပင်။

မင်းလှခံတပ်အတွင်းမှ ထွက်လာခဲ့သော ကျွန်တော်တို့ မင်းလှခံတပ်၏ မြောက်ဘက် လေးဖာလုံခန့်အကွာတွင် တည်ရှိပြီး ယခုမင်းလှမြို့ အမှတ်(၁)ရပ်ကွက် ရှစ်မျက်နှာဘုရားအနီး၌ တည်ရှိနေသော မြန်မာဘုရင်ခေတ် ကြေးနန်းရုံသို့ သွား ရောက်ခဲ့ကြသည်။ အနီရောင်များ ဖုံးလွှမ်းနေသော ကြေးနန်းရုံးဟောင်းလေးကား သက်တမ်းရင့်နေပြီဖြစ်သော် လည်း တည်တည်ငြိမ်ငြိမ်နှင့် ပျက်စီးမှုမရှိအောင် ထိန်း သိမ်းထားနိုင်ကြောင်း သတိပြုမိသည်။

ဘုရင်ခေတ်ကြေးနန်းရုံလေးအနီးသို့ ကပ်ပြီး သေသေချာချာလေ့လာမိ သည်။ ဤကြေးနန်းရုံလေးကို မင်းလှခံတပ် မတည်ဆောက်မီ တစ်နှစ်ခန့်စောပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စစ်အတွင်း စစ်ဖက်ရေးရာ သတင်းအချက်များကို ရယူပေး ပို့နိုင်အောင် စီစဉ်ထားခြင်း ဖြစ်နိုင်သည်။ ကြေးနန်းရုံသည် အကျယ် ၁ဝ ပေ ပတ်လည်ခန့်ရှိပြီး တိုင်လေးတိုင်၊ သွပ်မိုးသွပ်ကာ အဆောက်အအုံလေးဖြစ်သည်။ ကြေးနန်းရုံလေးအလယ်တွင် အချင်း လက်မ ၂ဝ ရှိသော အုတ်တိုင်တစ်တိုင်ရှိပြီး လူတစ်ထိုင်စာမြင့်သည့် အနေအထားရှိသည်ကို တွေ့ရသည်။ အုတ်တိုင်ပေါ်တွင် စက်ပစ္စည်းများတင်ထားပြီး မ္တလေးနေပြည်တော်သို့ သတင်းပို့၊ သတင်းလက်ခံခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။ တိုက်ပွဲသတင်း၊ စစ်ရေးသတင်း၊ အင်္ဂလိပ် ရေတပ် ရွေ့လျားမှုသတင်းများကို နေပြည်တော် မန္တလေးရှိ ကြေးနန်းရုံးသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။

ယခု ကြေးနန်းရုံကဲ့သို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း သာစည်ရွာအနီး၌လည်း ကြေးနန်းရုံတစ်ရုံ ရှိခဲ့သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုမရှိသဖြင့် ယခုအခါ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကြေးနန်းရုံနှစ်ရုံကို ရေအောက်ကြိုးဖြင့် ဆက်သွယ်ထားပြီး သတင်းပေးပို့ခြင်းဖြစ်သည်။ မင်းလှဘက်ရှိ ကြေးနန်းရုံတွင် ယခင်က အီတာလျံလူမျိုး ဝန်ထမ်းနှစ်ဦး ထားရှိခဲ့ကြောင်းလည်း သိရသည်။

''မြန်မာဘုရင်ခေတ် ကြေးနန်းရုံ''ဟု ကမ္ပည်းရေးထိုးထားသော ကြေးနန်းရုံကို ကျွန်တော်တို့ လေ့လာကြည့်ရှုပြီးနောက် ပြန်ထွက်လာခဲ့ကြသည်။ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီဖြစ်သော ကြေးနန်းရုံလေးကို စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်ထားသဖြင့် သမိုင်းအဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေသည်ကို ကျေးဇူး တင်နေမိသည်။

ကျွန်တော်တို့ မင်းလှမြို့ကျက်သရေဆောင် ရွှေဘုန်းသာဆုတောင်းပြည့်စေတီ ဘက်သို့ ထွက်လာခဲ့ကြသည်။ မင်းလှမြို့က အေးချမ်းတည်ငြိမ်ပြီး တိုးတက်ဖွံ့ဖြိုး လာသည့် မြို့တစ်မြို့အသွင်ကို ဆောင်နေပြီဖြစ်သည်။ မင်းလှခံတပ် တည်ရှိနေမှုကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လျက်ရှိရာ ခရီးသွားများ စိတ်ဝင်စားသည့် မြို့တစ်မြို့လည်းဖြစ်သည်။

ကျွန်တော်တို့ ရွှေဘုန်းသာ ဆုတောင်းပြည့်စေတီသို့ ရောက်ရှိခဲ့ကြသည်။ စေတီ အရံ ၁၂ ဆူဖြင့် ကြည်ညိုသပ္ပာယ်စရာကောင်းသော စေတီတစ်ဆူဖြစ်ရာ လက်အုပ်ချီကာ ဖူးမြော်လိုက်သည်နှင့် ရင်ထဲအေးချမ်းသွားသည်။ ရွှေဘုန်းသာ ဆုတောင်းပြည့်စေတီကို ဘိုးတော်ဘုရား၏သားတော် အိမ်ရှေ့မင်းသား ဦးပေါ်က ရခိုင်ဒေသမှအပြန် ၁၇၈၅ ခုနှစ်တွင် တည်ထားခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ စေတီတော်ကို ဖူးမြော်ပြီးနောက် စေတီရင်ပြင်တော်တွင် လှည့်လည်ဖူးမြော်ရာ ဘုရားဖူးအချို့သာရှိပြီး လူရှင်းလျက်ရှိသည်။ ရင်ပြင်တော်တွင် တစ်ပတ်လှည့်လည် ပြီးနောက် ကျွန်တော်တို့ ကားဆီသို့ ပြန်လာခဲ့ကြသည်။

ဧရာဝတီမြစ် တစ်ဖက်ကမ်းမှ ကွေ့ချောင်းခံတပ်ကိုမူ လှမ်းမျှော်ကြည့်ရုံကလွဲပြီး အချိန်မရ၍ ကျွန်တော်တို့ မသွားနိုင်တော့။ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်တို့က အချိန်ကာလ တစ်ခုတည်းအတွင်း တည်ဆောက်ခဲ့သည့် ခံတပ်များဖြစ်ကြသော် လည်း ကွေ့ချောင်းခံတပ်က ထိန်းသိမ်းမှုအားနည်းသည်ဖြစ်ရာ ပျက်စီးမှုများရှိနေပြီ ဖြစ်သဖြင့် ပြန်လည်စောင့်ရှောက် ထိန်းသိမ်းသင့်သည်ဟု တွေးမိသည်။

ကျွန်တော်တို့ မင်းလှမြို့မှ ပြန်အထွက်တွင် နေအတော်စောင်းနေပြီဖြစ် သည်။ သမိုင်းဖြစ်ရပ်များကို ဖော်ပြနေသည့် မင်းလှခံတပ်က မြန်မာ့သမိုင်း ဖြစ်ရပ်အချို့ကို ကိုယ်တိုင် ဖော်ပြနေဆဲ၊ ဖွင့်လှစ်ပြသနေဆဲပင်။ ။

သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ၊ ဓာတ်ပုံ-ခင်ဇွန်ဇာလင်း