ပြည်သူတစ်ဦး

 

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး အတွင်းတည်ရှိပြီး ရခိုင်ရိုးမအနောက်တောင်ခြေ တွင်တည်ရှိသော ချင်းလူမျိုးများ နေထိုင်ရာဒေသတစ်ခုဖြစ်သည်။ တောတောင်ထူထပ်၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခဲ့သည်နှင့်အမျှ ကွန်မြူနစ်ပါတီတို့ ကြီးစိုးရာနယ်မြေဒေသတစ်ခု ဖြစ်ခဲ့သည်။

 

အလူးအလဲခံခဲ့ရ

သခင်သန်းထွန်း ဦးဆောင်သော    အလံဖြူ ကွန်မြူနစ်ပါတီသည် လွတ်လပ်ရေးရပြီး တောခိုသည် နှင့် စေတုတ္တရာမြို့နယ်တောင်ပိုင်း ကူတော်ကျေးရွာတွင် ဌာနချုပ်ရုံးစိုက်ခဲ့သည်။  သခင်စိုး ဦးဆောင်သော အလံနီကွန်မြူနစ်ပါတီသည် စေတုတ္တရာမြောက်ပိုင်း အလယ်ဟန်ဒေါက် ကျေးရွာတွင်  ရုံးစိုက်ခဲ့သည်။ စေတုတ္တရာမြို့နယ်မှာ နေထိုင်သည့် ပြည်သူများသည် သောင်းကျန်း သူများ ကြာရှည်စွာ အုပ်စိုးခံခဲ့ရသဖြင့် စီးပွားရေး၊ လူမှုရေးဘဝလည်း နိမ့်ကျခဲ့ရသည့်အပြင် ၎င်းတို့၏ ရက်စက်စွာသတ်ဖြတ်မှု၊  ညှဉ်းပန်းမှု၊ အနိုင်အထက်ကျင့်မှုတို့ကို အလူးအလဲခံခဲ့ရသည်။

နိုင်ငံကို  တည်ငြိမ်အောင်ထိန်းလာနိုင်သည့် ၁၉၅၆ ခုနှစ်တွင် အောင်မာဃစစ်ဆင်ရေး ဆင်နွှဲပြီး ထိုဒေသကို ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ဆင်ရေးအတွက် အမှတ်(၁၀)၊ အမှတ် (၁၆)၊ အမှတ်(၂၁)၊ အမှတ်(၈၈)၊ အမှတ်(၁၀၈) စသည်ဖြင့် ခြေလျင်တပ်ရင်းများက လုံခြုံရေးတာဝန်ယူခဲ့ကြသည်။ရဲစခန်းအချို့ ဖွင့်လှစ်နိုင်ခဲ့ သည်။ အစောပိုင်းကာလတွင် စေတုတ္တရာ မြို့ပေါ်မှအပ ကျေးလက်ဒေသများတွင် အေးချမ်း တည်ငြိမ်မှုမရှိခဲ့။     တပ်မတော်၊    ရဲတပ်ဖွဲ့နှင့် သောင်းကျန်းသူများက ကျေးရွာများတွင်   သူဝင် ငါထွက် ဖြစ်နေခဲ့သည်။    အဆိုပါဒေသများတွင် အစိုးရထက် သောင်းကျန်းသူများက အာဏာ လွှမ်းမိုး ခဲ့ကြသည်။

 

သတ်ဖြတ်ခဲ့ကြ

တပ်မတော်မှ   တပ်ရင်းလိုက်တောခိုခဲ့သော ဗိုလ်သက်ထွန်း ဦးဆောင်သော တိုင်းပါတီတပ်နှင့် စိုးသိမ်းဦးဆောင်သော ခရိုင်တပ်တို့သည် ကွန်မြူနစ် ပါတီဗဟိုမှချမှတ်သော အာဏာနီနယ်မြေ ထူထောင် ရေးပေါ်လစီကို ဖော်ဆောင်ခဲ့သည့်အတွက် ပြည်သူ လူထုအား သတ်ဖြတ်နှိပ်စက်ခြင်း၊ စီးပွားဥစ္စာများ လုယူဖျက်ဆီးခြင်း၊ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်း များအား နေဝင်းဒေါက်တိုင် ဟု သတ်မှတ်ပြီး သတ်ဖြတ်ခဲ့ကြသည်။

 

အောက်ပါတို့မှာ ယင်းတို့၏ ရက်စက်ကြမ်းကြုတ် မှုမှတ်တမ်းများဖြစ်သည်-

၁၉၆၇ ခုနှစ် ဩဂုတ်လတွင် နစ်ဖြူခေါင်းဆောင် အုပ်ကြီး ဦးဆောင်သောအဖွဲ့သည် စိုင်းလိုင်းရွာသို့ ဝင်ရောက်၍  နွားလေးကောင်၊    စပါး ၁၀ တင်း တောင်းခံသွားခဲ့ခြင်း၊  မဏ္ဍပ်ကိုင်းရွာနှင့် ကျောက်တလုံးရွာတို့တွင် ဆန်များတောင်းခံခြင်း။

 

၁၉၆၈ ခုနှစ်   ဇန်နဝါရီလတွင်  ကဖန်ရွာသူ ရွာသားများ တစ်ရွာလုံးအား ၎င်းတို့ အထောက်အကူ ပြုရန် တောတွင်းသို့ လက်နက်ပြခေါ်ဆောင်သွားခြင်း။

 

၎င်းနှစ်တွင်    တိုက်စိုးဦးဆောင်သော   နစ်နီ ငါးဦးအဖွဲ့သည်   တည်စုတ်ကျေးရွာ   သမဝါယမ အတွင်းရေးမှူး  ဦးစံသောင်းအား  လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း။

 

၎င်းနှစ်တွင် အုပ်ကြီးဦးဆောင်သော   နစ်ဖြူအဖွဲ့သည် သက်လယ်ရွာမှ ဦးကျောက်လုံးအား သတ်ဖြတ်သွားခြင်း၊ နစ်ဖြူသာရန် ဦးဆောင်သောအဖွဲ့မှ မဏ္ဍပ်ကိုင်းရွာသား ဦးထွန်းစိန်နှင့် ခိုနန်းရွာသား ဦးကြီးမောင်တို့အား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း။

 

၎င်းနှစ်တွင်  တိုက်စိုးနှင့် မာဒင် ဦးဆောင်သော နစ်နီများသည်  ပန်းအိရွာသို့ ဝင်ရောက်၍ ဆက်ကြေး တောင်းခြင်း။

 

၁၉၆၈ ခုနှစ်  မေလ  ၆ ရက်နေ့တွင် သက်ထွန်း ဦးဆောင်သော နစ်ဖြူ တိုင်း၊ ခရိုင် ပူးပေါင်းအဖွဲ့က စေတုတ္တရာမြို့အား ဝင်ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော်မှ တပ်ခွဲဗိုလ်ကြီးနှင့် စစ်သားများ တိုက်ပွဲတွင် ကျဆုံးခဲ့ရခြင်း။

 

ပြန်လည်ဆုတ်ခွာ

စေတုတ္တရာမြို့   အခြေခံပညာအထက်တန်း ကျောင်းအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်သွယ်ရေး ဂိုဒေါင်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများ လုယူသွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ ရွပ်ရွပ်ချွံချွံခုခံခဲ့သဖြင့် ငွေတိုက်ဖောက်ယူခွင့်မရဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

 

၁၉၆၈ ခုနှစ်  မေလတွင် မထိမ်းရွာသို့ ဝင်ရောက်ပြီး သမဝါယမပစ္စည်းများ လုယူကာ မူလတန်းကျောင်း အား မီးရှို့ဖျက်ဆီးခဲ့သည်။

 

ရွာလုံးကျွတ်ခေါ်ဆောင်သွား

၁၉၆၈ ခုနှစ် ဇူလိုင်လတွင် ထွန်းရင် ဦးဆောင်သော နစ်ဖြူအဖွဲ့သည် ကံကျေးရွာမှ အိမ်ထောင်စုငါးစု၊ ပလွဲရွာ၊ အောက်ဝန်တုံရွာ၊ အထက်ဝန်တုံရွာ၊ သက္ကယ် ကျင်းရွာများမှ ရွာသားများအား ၎င်းတို့အတွက် ရိက္ခာထုတ်လုပ်ပေးရန် ရွာလုံးကျွတ် တောတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

 

၁၉၆၈ခုနှစ်  ဇူလိုင်လအတွင်း၌ စိုင်းလိုင်းရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားအားလုံး တစ်ရွာလုံး အား လက်နက်ပြ ခေါ်ဆောင်သွားခဲ့ပြန်သည်။

 

ဆက်ကြေးတောင်းခံ

၎င်းနှစ်ကာလ၌ပင် ထွန်းရင် ဦးဆောင်သော နစ်ဖြူတပ်ဖွဲ့သည် အလယ်ပုံကျေးရွာနှင့် ပုံဆိပ် ကျေးရွာများသို့ ဝင်ရောက်၍ သမဝါယမပစ္စည်းများ လုယူခြင်း၊ မူလတန်းကျောင်းများအား မီးရှို့ခြင်း လုပ်ဆောင်သွားခဲ့သည်။ နီလွင်  ဦးဆောင်သော သောင်းကျန်းသူများက အရှေ့ဖအိုင်းနှင့် ထန်းကိုင်းရွာ တို့သို့ ဝင်ရောက်ဆက်ကြေးတောင်းခံခဲ့သည်။

 

၁၉၆၈ ခုနှစ် မေလတွင်     စေတုတ္တရာမြို့ သောင်းကျန်းသူများ တိုက်ခိုက်ခြင်းခံရပြီးသည့် နောက်၌ နိုင်ငံတော်အစိုးရ လမ်းစဉ်ပါတီခေတ်တွင် နယ်မြေလုံခြုံရေး အထူးအလေးပေး ဆောင်ရွက် ခဲ့သည်။ စစ်ကြောင်းကြီး  ငါးကြောင်းဖြင့် ကျေးရွာ များအားလုံးသို့ ကွင်းဆင်း၍ ပြန်လည်ထူထောင် ခြင်းများ ဆောင်ရွက်ခဲ့သည်။                  

 

စစ်ကြောင်းများမှ မှန်ကန်စွာ စည်းရုံးဆောင်ရွက်နိုင်မှုကြောင့် မိမိတို့နယ်မြေလုံခြုံရေးအတွက် ဒေသခံများတွင် တာဝန်ရှိကြောင်း သိရှိလာကြသည်။ ပြည်သူ့စစ်များကို ၁၉၇၈ ခုနှစ်   နိုဝင်ဘာလမှ စတင်ဖွဲ့စည်းခဲ့သည့် ကျေးရွာပေါင်း  ၂၆   ရွာတွင် လက်နက်တပ်ဆင်ပေးခဲ့သည်။ တပ်မတော်၏ အစီ အစဉ်ဖြင့် အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

 

ပြည်သူ့စစ်များ၏ ထူးခြားသော ဆောင်ရွက် ချက်များတင်ပြရလျှင်-

၂၃-၃-၁၉၆၉ ရက်နေ့တွင် မြောက်ဟန်ဒေါက် ကျေးရွာမှ  ဦးထွန်းအောင်    ခေါင်းဆောင်သော ပြည်သူ့စစ်အဖွဲ့သည် နစ်နီတိုက်စိုးပါ ခုနစ်ယောက် ထံမှ ယုံကြည်မှုရအောင် တည်ဆောက်၍ သေနတ် တစ်ချက်မျှ ပစ်မဖောက်ရဘဲ   ရိုင်ဖယ်  ငါးလက်၊ ၃၀၃ ကျည်  ၃၆ တောင့်တို့ကို လုယူနိုင်ခဲ့သည်။

 

 ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်

၃-၁-၁၉၇၀ ရက်နေ့တွင်   မွန်ဇော်ကျေးရွာရှိ ပြည်သူ့စစ်စခန်းအား မင်းဘူးခရိုင်တပ်   နစ်ဖြူ ဗိုလ်ရွှေခေါင်းဆောင်သော သောင်းကျန်းသူအင်အား   ၈၀ ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့စစ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့ ပြန်လည် ဆုတ်ခွာထွက်ပြေးကြရသည်။

 

၂၃-၃-၁၉၇၀ ရက်နေ့တွင်   ကူတော်ကျေးရွာ ပြည်သူ့စစ်အဖွဲ့မှ နစ်ဖြူတင်အေးအား တူမီးသေနတ် ဖြင့် အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။

 

၁၃-၁၀-၁၉၇၀  ရက်နေ့တွင် သက်လယ်ကျေးရွာ ပြည်သူ့စစ်များနှင့် ကြီးဝရဲကင်းတို့ ပူးပေါင်း အဖွဲ့က သက်လယ်ကျေးရွာအနီးရှိ နစ်ဖြူခရိုင်တပ်အား ချုံခိုတိုက်ခိုက်နိုင်ခဲ့သည်။

 

၃-၂-၁၉၇၁ ရက်နေ့တွင် စစ်ငန်းကျေးရွာ ပြည်သူ့စစ်မှ ခလရ(၈၈)နှင့် ပူးပေါင်း၍  ဝဒေဝ ချောင်းအနီး နစ်ဖြူစခန်းအား တိုက်ခိုက်ရာ အီတလီ ရိုင်ဖယ်တစ်လက်၊ တစ်လုံးထိုး သေနတ်တစ်လက်၊ တူမီး ခြောက်လက်နှင့် ပလွဲရွာသား   ရှစ်ယောက် တို့အား အရှင်ရမိခဲ့သည်။

 

 ၂၉-၅-၁၉၇၃  ရက်နေ့တွင်   အုံးဝါးကျေးရွာ ပြည်သူ့စစ်အဖွဲ့မှ နစ်နီစောမောင်(ခေါ်) ထွန်းအုပ် အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပြီး ရိုင်ဖယ်တစ်လက် နှင့် ကျည်သုံးတောင့် ရရှိခဲ့သည်။

 

၄-၈-၁၉၇၆ ရက်နေ့တွင်   မထမ်းကျေးရွာ ပြည်သူ့စစ်နှင့် ခလရ (၈၇)တို့ ပူးပေါင်း၍ ထင်းပိုင်း ဒေသတွင် တိုက်ပွဲဖြစ်ရာ နစ်ဖြူညိုမောင်အား ဒဏ်ရာရရှိစေခဲ့သည်။

 

 အမာခံနယ်မြေအထိ တည်ဆောက်နိုင်ခဲ့

ဤသို့ နယ်မြေအသီးသီးရှိ    ပြည်သူ့စစ်များ၊ ပြည်သူများမှ တပ်မတော်၊ ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း ကာ မိမိတို့နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကြသဖြင့် သောင်းကျန်းသူ နစ်ဖြူ၊ နစ်နီများမှာ ဆက်လက်လှုပ်ရှားရန် အခွင့်မသာ တော့သဖြင့် ရခိုင်ရိုးမဒေသမှ ပဲခူးရိုးမသို့ ပြောင်းရွှေ့ ခဲ့သည်။ ပဲခူးရိုးမတွင်လည်း ဗကပတို့  ပျက်သုဉ်း သွားခဲ့ပြီးဖြစ်သည်။ အဆိုပါကာလအတွင်း စုစုပေါင်း  ၂၂၂ ဦး အလင်းဝင်ရောက်ခဲ့ပါသည်။    ယခင်က စေတုတ္တရာမြို့နယ်သည်   အညိုရောင်နယ်မြေမှ ၁၉၈၀ နောက်ပိုင်းတွင် အဖြူရောင် နယ်မြေ၊ ထိုမှသည် အမာခံနယ်မြေအထိ တည်ဆောက်နိုင်ခဲ့ပါသည်။

 

ယခုတင်ပြခဲ့သည့် စေတုတ္တရာနယ်မြေဒေသသည် ဒေသအားဖြင့် ကျဉ်းမြောင်းကာ တောတောင် လျှိုမြောင်များဖြင့် သွားလာရေးခက်ခဲခဲ့သည့်   ဒေသတစ်ခု ဖြစ်သည့်အလျောက် ဤအချက်ကို ခြေကုပ်ယူကာ ဗကပသောင်းကျန်းသူတို့သည် ဒေသခံပြည်သူများအား အသက်စည်းစိမ် အိုးအိမ်များပါမကျန် ဖျက်ဆီးခဲ့သည်။ မိမိတို့မြို့နယ်နည်းတူ ဒေသအသီးသီးတွင် အလားတူ ကြုံတွေ့ကြရပြီး ဖြစ်ပါသည်။ မည်သို့ပင် ကြုံတွေ့ရစေကာမူ ဒေသခံပြည်သူများအချင်းချင်း သွေးစည်းညီညွတ်ကာ    စည်းရုံးဖွဲ့စည်းမှုဖြင့် သောင်းကျန်းသူတို့အား   တွန်းလှန်နိုင်ကြောင်း သက်သေသာဓကရရှိခဲ့ပြီး ဖြစ်ပါသည်။

 

 အတူတကွ လက်တွဲဆောင်ရွက်ရမည်ဖြစ်

နိုင်ငံတည်ဆောက်ရာတွင် ဦးဆောင်ဦးရွက်မှုပြုသူ နိုင်ငံတော်အစိုးရ၏  မှန်ကန်သည့်စိတ်ထားဖြင့် မားမားမတ်မတ်ရပ်တည်မှုနောက်တွင်   ပြည်သူပြည်သားအပေါင်းတို့ကလည်း နိုင်ငံတော်အစိုးရ နှင့် လက်တွဲညီညီ ကောင်းတူဆိုးဖက်  ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထပ်ဆင့်၍ဆိုရလျှင် သူ့ကျွန်ဘဝမှသည် လွတ်လပ်ရေးကြိုးပမ်းမှု၊ ပြည်တွင်းသောင်းကျန်းမှု စသည်တို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးတို့အတွက်   အစဉ်အလာကြီးမားလှသော မြန်မာ့တပ်မတော်နှင့်လည်း    အတူတကွ လက်တွဲဆောင်ရွက်ကြ ရမည်ဖြစ်သည်။

 

ယနေ့ကာလဖြစ်ပေါ်နေသော   အကြမ်းဖက် သောင်းကျန်းမှုသည် မဖြစ်သင့်သော လုပ်ဆောင်မှု များဖြစ်သည်။ အကြမ်းဖက်ခံရသည့် ပြည်သူ၊ လုံခြုံမှုမရှိ၍  အကောင်အထည်မဖော်နိုင်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာ၊ သာသနာ အရေးပါ နိမ့်ကျသွားသဖြင့် နိုင်ငံအတွက်လည်း ရလဒ်ကောင်းမရှိနိုင်၊   ဘာသာရေးအမြင်ဖြင့် ကြည့်ပြန်လျှင်လည်း ကောင်းကျိုးပြုက ကောင်းကျိုး ရ၍ မကောင်းမှုပြုက   မကောင်းကျိုးရမည်မှာ အမှန်ပင်ဖြစ်သည်။

 

သို့ဖြစ်၍ အထက်တွင် ဖော်ပြခဲ့သည့် သမိုင်း ကြောင်း ဖြစ်ရပ်မှန်များကို သိရှိကြခြင်းဖြင့် အမှား အမှန် ခွဲခြားသိနိုင်ကြပါစေ၊ အကြမ်းဖက်လုပ်ရပ်များ ကို ပြည်သူတို့ မည်သို့ သဘောထားကြပြီး သမိုင်းနိဂုံး မည်သို့ဇာတ်သိမ်းသွားကြသည်များ သင်ခန်းစာယူနိုင်ကြကာ နိုင်ငံသားအားလုံး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်ထွန်း ပေါ်ပေါက်လာအောင်   အုတ်တစ်ချပ်  သဲတစ်ပွင့် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဤဆောင်းပါးကို ရေးသားအပ်ပါသည်။

(၁၉၇၉ ခုနှစ် ထုတ်ဝေသည့် စေတုတ္တရာဖြစ်စဉ် မှတ်တမ်းမှ မှီငြမ်းတင်ပြပါသည်)