သမိုင်းတစ်ခေတ် ဆန်းသစ်ရှေ့ဆောင် ရှင်မတောင်

၁၄ ဇွန်

 

ဝါနုနုအသွေး၊ အပွင့်သေးသေး သနပ်ခါးပန်းလေးတွေ အဆုပ်လိုက်၊ အဆုပ်လိုက်ပွင့်ပြီး သင်းပျံ့ပျံ့မွှေးနေတဲ့ ရာသီမှာ ရှင်မတောင်ဒေသကို ကျွန်မရောက်ခဲ့တယ်။ သနပ်ခါးပွင့်လေးတွေက ဝေတချို့၊ ကြွေတချို့နဲ့။ နမ်းရှိုက်စရာမလို လေပြည်အသွေးမှာ အလိုလိုမွှေးနေတဲ့ သနပ်ခါးနံ့လေးနှင့် အပူဒဏ်ကိုမေ့ပြီး စိတ်ကို ကြည်လင် အေးချမ်းစေခဲ့ပါတယ်။

 

ရှင်မ တောင်ဆိုတာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာရှိပြီး သူ့သမိုင်း၊ သူ့ပတ်ဝန်းကျင်၊ သူ့ရိုးသားမှု၊ သူ့ဂုဏ်ဒြပ်တွေနဲ့ တင့်တင့်တယ်တယ် ရှိနေခဲ့ပါတယ်။ လွမ်းမောစရာ စိမ်းစိမ်းညိုညို၊ မို့မို့ မှိုင်းမှိုင်းတောင်တန်းကြီးတွေ၊ လွတ်လပ်ပျော်မြူးနေတဲ့ တောတိရစ္ဆာန်လေးတွေ၊ သဘာဝပေါက်နေတဲ့ သနပ်ခါးတွေ၊ မားမားမတ်မတ်ထန်းတောကြီးတွေ၊ သစ်ရိပ်ဝါးရိပ်၊ တောတောင်ရိပ်၊ သဘာဝရှုခင်းရှုကွက်တွေနဲ့ လှချင်တိုင်း လှနေခဲ့ပါလိမ့်မယ်။ ရာသီဥတုပြောင်းလဲခြင်းရဲ့ ဆိုးကျိုးတွေ၊ ဂေဟစနစ် ယိုယွင်းပျက်စီးလာတာတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ တောရိုင်းတိရစ္ဆာန် ဆုံးရှုံးမှုတွေ၊ လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုတွေအပြင် တစ်နေရာနဲ့တစ်နေရာ ပျံ့နှံ့ လာတတ်တဲ့ ကူးစက်ရောဂါတွေကို ကမ္ဘာနဲ့အဝန်း ကြုံတွေ့နေရပါတယ်။ ရှင်မတောင်လည်း ခံစားနေရရှာမှာပါပဲ။ သိခဲ့၊ ဖတ်ခဲ့၊ ကြားခဲ့ဖူးတဲ့ သဘာဝအလှတွေ လျော့ပါးသွားမှာပဲလို့ခံစားသိနဲ့ စိတ်မကောင်းဖြစ်ရသလို ကျွန်မတို့အားလုံးမှာလည်း တာဝန်တွေရှိတယ်လို့ ခံယူ မိပါတယ်။

 

ရှင်မတောင်နဲ့ တူယှဉ်တွဲလို့ “တောင်နီ တောင်၊ “ကျောက်ထပ် တောင်၊ “အသားဝါ တောင် စတဲ့ တောင်စဉ်တန်းတွေရှိပါတယ်။ ရှင်မတောင်နဲ့ တောင်နီတောင်ကသနပ်ခါး နာမည်ကျော်သလိုအသားဝါတောင်ကတော့ သူ့မြေပေါ်ကို နင်းလျှောက်တဲ့တစ်ချိန်လုံး ထူးထူးခြားခြား အသားလေးတွေ ဝင်းဝါသွားပါတယ်။ ' ဒီတောင်တစ်ကြာမှာ ရှားပါးမျိုးစိတ် ရွှေသမင်တွေရှိ တယ်။ မျောက်တွေ၊ ရှားပါးကျေးငှက်တိရစ္ဆာန်တွေရှိ တယ်။ ထန်းပင်မတ်မတ်၊ ရှား၊ ထနောင်း၊ ဒဟတ်တွေနဲ့ အညာရဲ့ သရုပ်ကို မြင်နိုင်ပါတယ်။

 

သနပ်ခါးမြေ ရှင်မတောင်

 

ရှင်မတောင်မြေကိုရောက်လို့ “သနပ်ခါး ယဉ်ကျေးမှုအစ၊ ရှင်မတောင်က ဆိုတဲ့ စာတန်းကိုတွေ့လိုက်တာနဲ့ တင် “ဇာတိပုည၊ ဂုဏ်မာန ဆိုသလို ဂုဏ်ယူစိတ်တွေ တဖွားဖွား ပေါ်လာတော့တယ်။ ရှင်မတောင်ဆိုရင် သနပ်ခါးမွှေးမွှေးနဲ့ တွဲမြင်ကြပေမယ့် သနပ်ခါးယဉ်ကျေးမှု သာမက တခြားစိတ်ဝင်စားစရာ၊ မျှော်လင့်စရာ အကြောင်းခြင်းရာတွေ အများကြီး ရှိနေခဲ့ပါတယ်။

 

ရှင်မတောင်ကိုသွားတဲ့ လမ်းတစ်လျှောက်သစ်ပင်ရိပ်က နားခိုစရာဇရပ်လေးတွေပေါ်မှာ ကျောက်ပျဉ်၊ သနပ်ခါးတုံးနဲ့ ရေအိုးလေးတွေ အဆင်သင့်ရှိနေတဲ့ ယဉ်ကျေးမှု၊ သဘာဝလေအေးအေးမှာ သနပ်ခါးလေး မွှေးမွှေးကို လတ်လတ်ဆတ်ဆတ် သွေးလိမ်းရတဲ့ အရသာဆိုတာတွေက ဘယ်နေရာမှာမှ မတွေ့နိုင်ပါဘူး။ ဒီအစဉ်အလာကို ပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ မွမ်းမံပြီး ဆက်လက်ထိန်းသိမ်းရပါမယ်။

 

မြန်မာ့သနပ်ခါးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော် က ပျူခေတ်မှာ သုံးစွဲနေပြီး ဗိဿနိုးဘုရင်မကြီးရဲ့ အလှပြင်ပစ္စည်းအဖြစ် ကျောက်ပျဉ်ကို တွေ့ခဲ့ကြောင်း သိရပါတယ်။ သနပ်ခါးတစ်ပင်လုံး ဆေးဖက်ဝင်ပြီး သွေးပြီးလိမ်းသူ မြန်မာအမျိုးသမီးတွေ နည်းလာတယ်ဆို သည့်တိုင်အောင်သနပ်ခါးကိုတော့ တန်ဖိုးထားချစ်မြတ်နိုး ကြဆဲပါ။ သနပ်ခါးရဲ့ စိုပျစ်ပျစ်အတွေ့အထိကို မနှစ် သက်တဲ့ နိုင်ငံခြားသူများတောင် သနပ်ခါးရဲ့ မွှေးရနံ့ကိုတော့ နှစ်သက်ကြပါတယ်။ ဒေသထွက် “သက်ဦးစံ သနပ်ခါး ထုတ်ကုန်ဟာ သနပ်ခါးရောင်ချည်ထည် အိတ်လေးတွေ၊ နှီးဖာလေးတွေနဲ့ စိတ်ဝင်စားစရာကောင်း တဲ့အပြင် သနပ်ခါးတုံးကို လတ်လတ်ဆတ်ဆတ် သွေးလိမ်းသလိုခံစားရပါတယ်။ ကမ္ဘာကို ထိုးဖောက်နိုင် မယ့်သနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်နိုင်ဖို့ ဝိုင်းဝန်းကူညီကြရပါမယ်။

 

ရေစကြိုမြို့နယ် ရွာထောင်ရွာက ဧက ၁၅၀ ရှိတဲ့ သနပ်ခါးခြံကြီးထဲမှာ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ သနပ်ခါးပင်ကြီးရှိပါတယ်။ ဒီအပင်ကြီးကို စိုက်ပျိုးခဲ့သူ ဖြစ်တဲ့ ဒေါ်ဖွားရှင်လို့အမည်ရတဲ့ အမျိုးသမီးကြီးက အသက် ၉၀ ကျော်အရွယ်ရှိနေပါပြီ။ ဒီအပင်ကြီးရဲ့ မျိုးစေ့တွေ၊ ပျိုးထုပ်တွေကနေ ဝင်ငွေလည်းရ၊ မျိုးကောင်းတဲ့ သနပ်ခါးပင်လေးတွေလည်း ပွားများလာတာဖြစ်လို့ ပီတိတွေစားပြီး အမေအိုအသက်ရှည်နေဦးမှာပါ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်သလို မိမိအတွက် အကျိုးရှိအောင် အသုံးချလာခဲ့တဲ့ အမေအိုကိုတော့ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ခဲ့လေသလားလို့ ဂုဏ်ယူ မိပါသေးတယ်။

 

ရှင်မတောင်တည်ရှိရာ ရေစကြိုမြို့ဆိုတာ ချင်းတွင်း မြစ်ရဲ့ဘေးမှာရှိသလို ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံတဲ့ မြို့နယ်လည်းဖြစ်တယ်။ ကုန်းတစ်ပိုင်း၊ ကျွန်းတစ်ပိုင်း ဖြစ်လို့ ဆန်စပါးကစပြီး ပဲ၊ နှမ်း၊ ကြက်သွန်၊ ငရုတ်၊ ဟင်းသီးဟင်းရွက်တွေအထိ သီးနှံမျိုးစုံ ဖြစ်ထွန်းတဲ့ဒေသ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာလမ်းမကြီးနဲ့ နှစ်မိုင်လောက်ပဲ ကွာတယ်။ ပခုက္ကူ-ဂန့်ဂေါ ကားလမ်းဘေးမှာရှိပါတယ်။ ရေစကြိုကနေ ဆင်ဖြူရှင်တံတားကို ကျော်လိုက်ရင် မန္တလေးတိုင်းဒေသကြီးကိုရောက်တယ်။ မကွေးတိုင်း ဒေသကြီးကို ယောဒေသအပါအဝင် ဧရာဝတီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့နဲ့ ဆက်စပ်ပေးနေတဲ့ “စီးပွားရေး အောင်သွယ်တော်လေး ပါပဲ။

 

ထန်းတစ်ခေတ် ဆန်းသစ်လေပြီ

 

မြန်မာနိုင်ငံရဲ့ “သကာအိုးကြီး လို့ တင်စားရမယ့် ဒေသလည်း ဖြစ်ပါတယ်။ ထန်းသမားတွေရဲ့ ဘဝကို မြှင့်တင်ရာလည်းဖြစ်၊ ထန်းတစ်ခေတ်ဆန်းသစ်စေတာလည်းဖြစ်တဲ့ ခေတ်မီ စက်ရုံတစ်ရုံကို ရေစကြိုမြို့နယ် ကြက်ဆူကျင်း ကျေးရွာမှာ တွေ့ရပါတယ်။ ထန်းသကြား နဲ့ အခြားထန်းတန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ပါတယ်။ ဂျပန်ပညာရှင်များနဲ့ ပူးပေါင်းပြီး ထုတ်ကုန်အသစ်တွေ တိုးချဲ့ ထုတ်လုပ်ဖို့လည်း စီစဉ်ပြီးဖြစ်တယ်လို့ သိရပါ တယ်။ “နေရစ်တော့ မိုးပြဲဒယ် လို့ဆိုသူ မြန်မာအင်ဂျင်နီယာ ပညာရှင်ကြီးနဲ့ ဒေသခံစွန့်ဦးတီထွင် လူငယ်လေး တို့ရဲ့ အပြန်အလှန်ယုံကြည်မှုကနေ ထုတ်ကုန်ကို ပြည်ပ အထိ ခရီးဆန့်စေခဲ့ပါတယ်။

 

မြန်မာ့ရိုးရာ ရက်ကန်းနဲ့အတူ အရိုးပေါ်အရွက်မဖုံး သဘာဝဆိုးဆေးသုံးတဲ့ချည်ထည် ယဉ်ကျေးမှု ထွန်းကား ရာ နယ်မြေလည်းဖြစ်တယ်။ တချို့ရွာတွေမှာ အိမ်တိုင်းလောက်နီးပါး ရက်ကန်းစင်တွေရှိပြီး ရက်ကန်းခတ် ကျွမ်းကျင်သူ မြန်မာအမျိုးသမီးကြီးတွေ ရှိနေတာ ကလည်း ဒီဒေသမှာ အဆင်သင့်ရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေပါ။

 

ဒေသထွက်ကုန်တွေများပြားတာနဲ့အမျှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)တွေ အများကြီးပေါ်ထွက်လာတာပါပဲ။ MSME ဆိုတာ နိုင်ငံသားတွေရဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်တာ၊ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုကို ထောက်ပံ့ပေးနိုင်တာတွေကြောင့် နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုကြပါတယ်။

 

နိုင်ငံတော်က MSME ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်က အားပေးကူညီဆောင်ရွက်နေပါတယ်။ မိရိုးဖလာလမ်းဟောင်းကနေ ဖောက်ထွက်နိုင်ဖို့၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားဖို့၊ တီထွင်ဖန်တီးတတ်ဖို့ထောက်ကူပေးရပါမယ်။ ဒေသရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကိုချိန်ညှိလို့ အခွင့်အလမ်းတွေကို အရယူနိုင်ကြောင်း သက်သေပြပေးရပါမယ်။ ဆန်းသစ် ဖန်တီးတတ်တဲ့ MSME တွေ ဖြစ်လာအောင် အတူလက်တွဲ ကြိုးစားကြရပါမယ်။

 

ရှင်မတောင်မြေပတ်ဝန်းကျင်တစ်ခုလုံးမှာ ဒေသ ထွက်ကုန် အစုံစုံသာမက သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ သဘာဝရင်းမြစ်တွေပေါများလို့ မကွေးတိုင်းဒေသကြီး အတွက်သာမကကျွန်မတို့နိုင်ငံရဲ့ ရတနာသိုက်ကြီးဆိုတာ သိစေချင်မိတယ်။ ။

 

ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကို သိမ်း မင်းကြီးက ဆယ်ယူဇနာတိုင် မွှေးရနံ့ကြိုင်တဲ့ စန္ဒကူး နံ့သာနှစ်မှန်၊ သရက္ခန်သား ကုသိုလ်ပြုခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော်ကဖြစ်ပါတယ်။ အဲဒီ သရက္ခန်သားနဲ့ ထုဆစ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ငါးဆူဟာ ပခုက္ကူမှာတစ်ဆူ၊ မန္တလေးမှာတစ်ဆူနဲ့ကျန်တဲ့ သုံးဆူလုံးက ရေစကြိုမြို့နယ်မှာပဲရှိပါတယ်။ ပခန်းကြီး၊ ဆင်ကြို့ရွှေကူနဲ့ ရှင်မတောင်ထိပ်တို့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သရက္ခန်ဘုရားငါးဆူထုဆစ်ရာကနေ ရလာတဲ့ “စူးစာ တွေနဲ့ ထုဆစ်ထားတဲ့ မြတ်ပေါင်းမဉ္ဇူဘုရား ကလည်း ရေစကြိုမှာပဲဖြစ်ပါတယ်။

 

ပုဂံခေတ်ပြိုင်ရှေးဟောင်းမြေ

 

ရှင်မတောင်တည်ရှိရာ ရေစကြိုဒေသဟာ ရှေးဟောင်းစေတီပုထိုးများ၊ နံရံဆေးရေးပန်းချီများ၊ အဆောက်အအုံများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ မြင့်မားသည့် မြို့ရိုးကြီးများ တည်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်ဒေသ တစ်ခုပါ။ ပုဂံနဲ့ခေတ်ပြိုင် တိုးတက်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်မှာ ရတနာပုံပြီးရင် အဖွံ့ဖြိုးဆုံးဒေသ ဖြစ်ခဲ့ပါတယ်။

 

ရှေးမြန်မာဘုရင်တွေ နန်းစိုက်ခဲ့တဲ့ ပခန်းမြို့ဟောင်း မြို့ရိုးဟာ ရေစကြိုမြို့နယ်မှာရှိပြီး မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများအနက် အကြီးဆုံးဖြစ်ပါတယ်။ ပုဂံခေတ်ကစလို့ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် မင်းဆက်များအထိ မြို့စား၊ နယ်စားများ အုပ်ချုပ်ခဲ့ပါ တယ်။ ဒီဒေသမှာ ရှေးဟောင်းအဆောက်အအုံများစွာ ရှိတဲ့အနက် ကျွန်းတိုင် ၂၅၄ လုံးနဲ့ တည်ဆောက်ထားတဲ့ ပခန်းကျောင်းတော်ကြီးဟာ ထင်ရှားလှပါတယ်။ တိုင်ရဲ့ လုံးပတ် ၆ပေ၇ပေ၊ ထိပ်ဝ အချင်း ၃၀ လက်မ၊ အရှည် ဆုံးတိုင်အမြင့်ပေ ၉၀ ရှိပြီး အံ့မခန်း ရှေးအနုလက်ရာများကို တွေ့မြင်နိုင်ပါတယ်။ ။

 

ဒီအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းကြ ရပါမယ်။ သမိုင်းအဖြစ်နဲ့ပဲကျန်ခဲ့မှာကို စိုးကြောက်လှပါ တယ်။ ဒီဒေသရဲ့ အရေး၊ ရှင်မတောင်ရဲ့ အရေးဟာ ရှင်မတောင်နယ်သားတွေ သာမက မြန်မာတစ်မျိုးသား လုံးရဲ့ အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။

 

ဒီနေ့ခေတ်မှာ လူတွေဟာ နေ့စဉ်နဲ့အမျှ မွန်းကျပ် မှုတွေ ခံစားလာရတဲ့အခါ ခရီးသွားခြင်းတွေကို မွတ်သိပ် လာကြတယ်။ ခရီးတွေသွားကြတယ်။ သူ့ထက်ငါ အပြိုင် အဆိုင် နေရာသစ်၊ ခရီးစဉ်သစ်တွေကို ပိုမိုရှာဖွေလာကြ ပါတယ်။ အင်တာနက်ခေတ်မှာ ခရီးသွား ဆောင်းပါးတွေ ကိုလှပတဲ့ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ တင်ပြပြီး ခရီးစဉ် သစ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ကြပါတယ်။

 

ရေစကြိုမြို့နယ် ရှင်မတောင်ဒေသကို အလုံးစုံ ဖန်ဆင်းလို့ရတဲ့ အဖိုးတန်မြေဖြစ်စေရမယ်။ ဒေသထွက် ကုန်မျိုးစုံကို ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်၊ ထုပ်ပိုးမှုတွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်မယ်။ အရည်အသွေးမြင့်၊ ဒီဇိုင်းဆန်း အော်ဂဲနစ်ချည်ထည် ဈေးကွက်ကို တစ်ခေတ်ဆန်းစေမယ်။ ရေစကြိုက အမေအိုလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်းနဲ့ပဲ အသုံးလည်းချကြမယ်။ သဘာဝပတ်ဝန်းကျင်၊ ဘိုးဘွား အမွေ၊ ယဉ်ကျေးမှုအမွေ၊ သမိုင်းအမွေအနှစ်တွေ အများကြီးနဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တွေကို ဖိတ်ခေါ်နိုင်ရမယ်။ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးစေရမယ်။ ကျွန်မတို့ရဲ့ မီးခိုးတိတ် စီးပွားရေးကို ကမ္ဘာက သိစေရမယ်။

 

ဒေသရင်းမြစ်နဲ့ ခရီးသွားဖော်ဆောင်

 

ရှင်မတောင်ဒေသတစ်ဝိုက်မှာ စိတ်ဝင်စားစရာ သမိုင်းနဲ့ ယဉ်ကျေးမှု၊ ဒေသထွက်ကုန်တွေ၊ သဘာဝအလှ အပတွေသာမက နွေးထွေးပျူငှာမှု၊ ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေး စိတ်ချရမှုတွေ ရှိတယ်ဆိုတာ ယုံကြည်စေရ မယ်။ ခရီးသွားတွေအတွက် နှစ်သက်ဖွယ် အစီအစဉ်တွေ ရှိစေရမယ်။ အဲဒီအတွက် ကျွန်မတို့ အကြီးကြီး စ,စရာ မလိုပါဘူး။ ရှိတာလေးနဲ့လှအောင် ပြင်လို့ရပါတယ်။ ရတာလေးနဲ့ လှအောင်ဆင်လို့ရပါတယ်။ လိုအပ်တာက ရိုးသားမှု၊ ကြိုးစားမှုနဲ့ စွန့်ဦးတီထွင် စိတ်ဓာတ်ပါပဲ။ ရှင်မတောင်ရဲ့ ရင်းမြစ်တွေနဲ့ လောကကြီးကို အလှဆင် ကြပါမယ်။

 

ဒေသခံတွေနဲ့ ကျွန်မတို့အားလုံး ပစ္စက္ခဘဝမှာ အတူတူပူးပေါင်း၊ အိပ်မက်တွေ အတူတူမက်၊ အတူတူ နိုးထ၊ အတူတူကြိုးစားကြရင်တော့ ရှင်မတောင်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာတည်သရွေ့ တိုင် ထာဝစဉ်လင်းလက် တောက်ပနေမှာပဲဖြစ်ပါတယ်။ ။

 

မေသံလွင်