သမိုင်းတစ်ခေတ်ထွန်းသစ်အောင် ကြိုးပမ်း

မတ် ၂၄ ၊ ၂၀၂၂

ခေတ်သမိုင်းအဆက်ဆက်တွင် အနစ်နာခံ၊ စွန့်လွှတ်စွန့်စား စွမ်းဆောင်နိုင်သော အဖွဲ့အစည်းကို ဖော်ပြမည်ဆိုပါလျှင် တပ်မတော်ကိုသာ ညွှန်းဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးနှင့် ပြည်ထောင်စုကြီးအတွင်း၌ တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချ တိုးတက်ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် တပ်မတော်သားများသည် စွန့်လွှတ်စွန့်စား၊ အသက်၊ သွေး၊ ချွေးများ မနှေးပေးဆပ်၍ ကာကွယ်စောင့်ရှောက်ပေးနေသောကြောင့် ဖြစ်သည်။

တပ်မတော်ကြီး စတင်ဖွဲ့စည်းစဉ်က နိုင်ငံတော်အတွက်၊ တိုင်းရင်းသားမိဘ ပြည်သူများအတွက် စွန့်လွှတ်စွန့်စားပေးဆပ်ခဲ့ကြသကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဆက်လက်ပေးဆပ်နေကြပါသည်။ တပ်မတော်သည် သမိုင်း အဆက်ဆက်တွင် အမျိုးသားရေးလိုအပ်ချက် မှန်သမျှကို အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးခဲ့ကြပါသည်။ ထို့အပြင်သမိုင်းကြောင်း အခြေအနေအရဖြစ်ပေါ်လာသော အခြေအနေအမျိုးမျိုး၊ ပြဿနာအရပ်ရပ်နှင့် ပတ်သက်၍လည်း ရှင်းလင်းပြတ်သားပီပြင်စွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် အစဉ်အလာကောင်းများ ရှိပါသည်။

တပ်မတော်သည် ကောင်းမြတ်သော အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင် လျက် ပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီနိုင်ငံတော်နှင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ဖြစ်လာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတို့ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးလျက် ရှိပါသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် သူရသတ္တိရှိစွာဖြင့် အဖျက်ရန်စွယ် အန္တရာယ်တို့ကို ချေမှုန်းလျက်ရှိပြီး နိုင်ငံတော်၏ လိုအပ်ချက်အခြေအနေ များအရ မြို့ပြကျေးရွာများတွင် တာဝန်များကို ထမ်းဆောင်ရာ၌လည်း အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ ။

တပ်မတော်သားများသည် ရှေ့တန်းစစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ရင်း တိုင်းရင်းသား ပြည်သူများကိုလည်း အလုပ်အကျွေးပြုခဲ့ကြပါသည်။ တပ်မတော်သားကောင်း စိတ်ထားဖြင့် ပြည်သူ့ဝန်ကို ထမ်းရွက်ခဲ့ကြသည်။ အတိတ်ကာလများနှင့် ပစ္စုပ္ပန်ကာလများတွင် တပ်မတော်သည် အမျိုးသားရေးကို သစ္စာတရားဖြင့် ဦးထိပ်ရွက်ပန်ဆင်ပြီး သမိုင်းအဆက်ဆက် မော်ကွန်းဆက်လက် ရေးထိုးလျက်ရှိသည်။ ထို့အတူ အနာဂတ်တွင်လည်း မြန်မာ့သမိုင်းကို မော်ကွန်း ဆက်လက်ရေးထိုးသွားဦးမည်ဖြစ်သည်။

တပ်မတော်သည် ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး ရေစီးကြောင်းတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိပါသည်။ ထိုအခြေအနေမှန်များကို အရှိကိုအရှိအတိုင်း မြင်တတ်ကြသူများအဖို့ တပ်မတော်၏ဆောင်ရွက်ချက်များကို ကြိုဆို လက်ခံကြမည်ဖြစ်သော်လည်း အဆိုးမြင် ဝါဒီများ၊ နိုင်ငံရေးအစွန်းရောက်များက တပ်မတော်၏ စွမ်းဆောင်မှုများကို မျက်ကွယ်ပြုကာ တပ်မတော်ကို ပြစ်တင်ရှုတ်ချ၊ နှောင့်ယှက်တိုက်ခိုက်မှုများ တစိုက်မတ်မတ်ပြုလုပ်လျက် ရှိသည်။

အဆိုးမြင်ဝါဒီများသည် အကောင်းမြင်နိုင်စွမ်းမရှိဘဲ မိမိတို့၏တစ်ယူသန်ဝါဒများဖြင့် နိုင်ငံ့သမိုင်းတွင် ရေစုန်မျောပါနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်ကြီး ဝါးစည်းပြေကာ ထပ်မံ၍ ကျွန်သပေါက်ဘဝသို့ ရောက်ရမည့် အရေးကို မတွေးမဆင်ခြင်နိုင်ဘဲ အမိုက်ဇာတ်ခင်းနေခြင်းကြောင့် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူများ ဆိုးမွေများကို ဆက်လက်ခံယူနေကြရသည်။ အကြမ်းဖက် အဖျက်သမားများ အရှုံးနှင့်ရင်ဆိုင်နေရသောအခါ နိုင်ငံရေးလှည့်ကွက်များဖြင့် တပ်မတော်နှင့်ပြည်သူကို သွေးထိုးရန်တိုက်ပေးခြင်း၊ တပ်မတော် အတွင်း စိတ်ဝမ်းကွဲပြားအောင် သွေးထိုးလှုံ့ဆော်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းသည် သာမန်အားဖြင့်ကြည့်လျှင် ရိုးစင်းသည်ဟု ထင်မြင်ယူဆ နိုင်သော်လည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မည်ဆိုလျှင် အဘက်ဘက်တွင် ဝင်ရောက် ပူးကပ်နေသော ပယောဂများကြောင့် ရှုပ်ထွေးပွေလီ နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထူးခြားသည်မှာ တပ်မတော်သည် နိုင်ငံတော်တွင် အန္တရာယ်ကြုံတွေ့ လာသည့်အခါတိုင်း ရှေ့ဆုံးမှ မားမားမတ်မတ်ရပ်တည်ကာ ဝင်ရောက်တာဝန်ယူ ဖြေရှင်းပေးနေခြင်းပင်ဖြစ်သည်။ တပ်မတော်၏ အဓိက တာဝန်မှာ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူဆောင်ရွက်ပေးနေရသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သေချာလေ့လာ ဆန်းစစ်ကြည့်လျှင် အဖြေမှန်သိနိုင်ပါသည်။

သို့ဖြစ်ရာ တပ်မတော်သည် နိုင်ငံတော်တွင် ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်တို့ကို ကောင်းမွန်တိုးတက် ဖြစ်ထွန်းလာသည်အထိ စစ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း ဆူးငြောင့်ခလုတ်ကန်သင်းများကို ရှင်းလင်းဖယ်ရှားကာ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာအတိုင်း သမိုင်းတစ်ခေတ်ကို ထွန်းသစ်လာအောင် ကြိုးပမ်း ထမ်းရွက်လျက်ရှိပါကြောင်း။ ။

ကြေးမုံ