သမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီး၌ ဘုရားဖူးသူများဖြင့် စည်ကား

မင်းဘူး ဖေဖော်ဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားဖူးသူ၊ လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။

 

ရွှေစက်တော်ဘုရားကို ၁၃၈၅ ခု တပို့တွဲလဆန်း ၅ ရက် (ဖေဖော်ဝါရီ ၁၄ ရက်)တွင် အငြိမ့်ပွဲများ၊ တေးဂီတ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ၍ ဖွင့်လှစ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 

ယခုနှစ်သည် ဝါထပ်သည့်နှစ် ဖြစ်ခြင်းကြောင့် ဘုရားပွဲတော်ကို ၆၄ ရက်သာ ကျင်းပနိုင်သော်လည်း ဘုရားကြီး အထက်စက်တော်ရာ အတက်လှေကား၊ အောက်စက်တော်ရာ ဘုံခုနှစ်ဆင့်နှင့် ပြာသာဒ်၊ နဂါးရေအိုင်၊ ဈေးဆိုင်တန်းများ တိုးချဲ့ပြင်ဆင် တည်ဆောက်ခြင်းများ၊ သုံးမိုင်အဝင်လမ်းမှ စတင်ကာ ပန်းအိုးများ ပန်းအလှပင်များ စိုက်ပျိုးထားရှိခြင်း၊ စက်တော်ရာ ပါဒစေတီနှစ်ဆူအား ကူးသည့် လူကူးသံဘေလီတံတားများကိုလည်း အသစ်တည်ဆောက် အဆင့်မြှင့်တင်ကာ ဆောင်ရွက်ထားသည်။

 

အဆင့်မြင့် တည်းခိုဆောင် လေးလုံးနှင့် ရိုးရိုးတည်းခိုဆောင် ၅၄ လုံးရှိကာ အဆင့်မြင့်တည်းခိုဆောင်၏ First Class အခန်းတွင် တစ်ရက်တည်းခိုက ၁၀၀,၀၀၀ ကျပ်၊ Second Class တွင် တစ်ရက်တည်းခိုက ၈၀၀၀၀ ကျပ်၊ Third Class တွင် တစ်ရက်တည်းခိုက ၅၀၀၀၀ ကျပ်နှင့် ရိုးရိုးတည်းခိုဆောင် ရေစပ်အခန်းများတွင် တစ်ရက် ၅၀၀၀၀ ကျပ်၊ ကုန်းပေါ် အဆောင်များတွင် တစ်ရက် ၃၅၀၀၀ ကျပ်ဖြင့် တည်းခိုနိုင်ကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဇေယျာထက်(မင်းဘူး)