မင်းသက်တင်
မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် သမိုင်းဝင်အထင်ကရအဖြစ် မင်းလှခံတပ်ကြီးက မော်ကွန်းဝင်လျက်ရှိသည်။
မင်းလှမြို့ဆိုသည်မှာ အမည်ကလည်း လှသည့်အပြင် တန်ဖိုး ကြီးမားသည့်မြို့ဟု ဆိုရပေမည်။ မင်းလှမြို့တွင်ရှိကြသည့် အဘိုးအဘွား တိုင်းရင်းသားသွေးချင်းတို့က နိုင်ငံအတွက် များစွာကျေးဇူးပြု ခဲ့ကြ၍လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မင်းလှမြို့ဟူ၍ နှစ်မြို့ရှိသည်။ သာယာဝတီ ခရိုင် မင်းလှမြို့ကို အောက်မင်းလှမြို့ဟု ခေါ်ဆိုပြီး မကွေးခရိုင် မင်းလှမြို့ကိုဖြင့် အထက်မင်းလှမြို့ဟု ခေါ်ဆိုကြသည်။
အဆိုပါ အထက်မင်းလှမြို့သည် မြေနုကျွန်းလေးကစတင်ခဲ့ခြင်း ဖြစ်သည်။ ကိုရွှေဝနှင့် မမင်းလှဟုခေါ်သည့် ရေလုပ်သားဇနီးမောင်နှံတို့ နေထိုင်သည့် ကျွန်းလေးဖြစ်သည့်အတွက် ‘မမင်းလှကျွန်း’ ဟုခေါ်ဆို ခဲ့ကြရာမှ ကျွန်းနှင့်ကမ်းစပ်က ဆက်သွားသည့်အခါတွင် ‘မင်းလှရွာ’ ဟု အမည်တွင်လာခဲ့ရခြင်းဖြစ်သည်။
မင်းလှမြို့နေရာမှာ ၁၈၅၄ ခုနှစ်တွင် မြို့တည်ခဲ့သည်ဟုသိရသည်။
အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းပိုက်လိုက် သည်။ ထိုအချိန်တွင် အာမေနီးယန်းလူမျိုး မက္ကတစ်ဆိုသူက အင်္ဂလိပ်တို့ လက်အောက်တွင် မနေလိုခြင်းကြောင့် မြန်မာဘက်သို့ကူးလာပြီး မင်းလှမြို့နေရာတွင် မြို့တည်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်လက်အောက်တွင် မနေလိုကြသည့် မျိုးချစ်မြန်မာများကလည်း တစ်ပါတည်း လိုက်ပါလာကြသဖြင့် မြို့ကလေးမှာ စည်ကားလာတော့သည်။
ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့က အထက်မြန်မာပြည်ကို နယ်ချဲ့ ရန်အတွက် ရန်ပြုလာမှုများက ဆက်လက်၍ တစ်စထက်တစ်စ ပိုမိုကြီးထွားလာခဲ့သည်။
၁၈၆၁ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ရန်ကို တန်ပြန်ခုခံနိုင်ရန် အတွက် မင်းလှမြို့ ကမ်းနဖူးတွင် ခံတပ်ကြီးတစ်ခု စတင်ဆောက်လုပ်ခဲ့ ရာ ၁၈၆၄ ခုနှစ်တွင်ပြီးစီးခဲ့သည်။
ယင်းခံတပ်ကြီးကို မြန်မာဘုရင်မင်းမြတ်ထံတွင် အမှုထမ်းသည့် ပြင်သစ်ဗိသုကာတစ်ဦးနှင့် အီတလီဗိသုကာတစ်ဦးတို့အပါအဝင် မြန်မာပန်းရန်များ၊ လက်သမားများက တည်ဆောက်ခဲ့ ကြခြင်းဖြစ်သည်။ မင်းလှမြို့ခံတပ်နှင့် တစ်ဖက်ကမ်းရှိ ဂွေးချောင်းခံတပ်အပါအဝင် ခံတပ်နှစ်ခုအတွက် ထိုခေတ်အခါကမြန်မာငွေ ဒေါင်းဒင်္ဂါး ခုနစ်သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။
မင်းလှခံတပ်ကြီးသည် အလျား ၁၇၃ ပေ ၇ လက်မ၊ အပြင် အနံ ၁၃၁ ပေ ၄ လက်မရှိပြီး နံရံဒုမှာ ၁၇ ပေ ၃ လက်မရှိသည့် လေးထောင့်ညီခံတပ်ကြီးအဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်။
ခံတပ်ကြီး၏ အပေါ်ထပ်တွင် စစ်သားများအတွက် သူရဲခိုများနှင့် စင်္ကြံများရှိသည်။ တံတိုင်းလည်းရှိသည်။ အမြောက်စင်လည်း ပါရှိသည်။ ထိုခေတ်ထိုအချိန်က ခေတ်အမီဆုံး ခံတပ်ကြီးတစ်ခု ဖြစ်ခဲ့သည်။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားခဲ့ရသည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်-မြန်မာစစ်ပွဲတို့၏ နောက်ဆုံးစစ်ပွဲလည်း ဖြစ်သည်။ ထိုအချိန်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ စစ်အင်အားမှာ ကြီးမားသည်ဟု အကြောင်းပြချက်ဖြင့် မခုခံကြရန် မန္တလေးနေပြည်တော် လွှတ်တော်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ နယ်ချဲ့အင်္ဂလိပ်လူမျိုးခြားတို့၏ ရန်ပြုနယ်ချဲ့လာမှုကို တွန်းလှန်တိုက်ခိုက် လိုစိတ်၊ အနိုင်မခံလိုသည့်စိတ်၊ အလွယ်တကူဖြင့် အရှုံးမပေးလိုသည့် မြန်မာတိုင်းရင်းသား တို့၏ မျိုးချစ်စိတ်တို့ကို တားဆီးမရနိုင်ဖြစ်ရကာ ဇာတိသွေးဇာတိမာန် တက်ကြွနေကြသည့် မြန်မာသွေးချင်းတို့က မင်းလှခံတပ်ကြီးမှနေ၍ ရန်သူနယ်ချဲ့ကို ခုခံတွန်းလှန်တိုက် ထုတ်ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြစ်ဝတစ်လျှောက် စစ်ချီလာသည့် ဗိုလ်ချုပ်ပရင် ဒါဂတ်ကွပ်ကဲသည့် အင်္ဂလိပ်စစ်တပ်ကို မင်းလှခံတပ်မှနေ၍ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက် ကြသည်ဖြစ်ရာ နယ်ချဲ့ အင်္ဂလိပ်စစ်ဗိုလ်များပါ ကျဆုံးခဲ့ကြရသဖြင့် ယခုတိုင် ယင်းစစ်သည် တို့၏သင်္ချိုင်းများရှိနေသေးသည်။
မင်းလှခံတပ်ကြီးသည် မြန်မာ့သမိုင်းမှတ်တမ်းဝင် ခံတပ်ကြီးအဖြစ် ယနေ့တိုင် ထင်ရှားလျက်ရှိ သည်ဖြစ်ရာ မြန်မာ့သွေးချင်းများ၏ မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်ကိုဖွင့်ဆိုခဲ့ရာ အထင်ကရမှတ်တိုင် တစ်ခုလည်းဖြစ်ပေသည်။
သို့ဖြစ်၍ မင်းလှမြို့ကို နယ်ချဲ့ဆန့်ကျင်ရေးတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့်မြို့အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ရမည်လည်းဖြစ်သည်။ ထိုခေတ်ထိုအချိန်ကာလက မင်းလှမြို့သူမြို့သားအဘိုးအဘွား များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှု၊ မြန်မာ့လွတ်လပ်ရေးကိုထိန်းသိမ်းရန်အတွက် အသက်ပေးလှူခဲ့ကြသည့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို တိုင်းရင်းသား သွေးချင်းတို့၏ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေအနှစ်တစ်ခုအဖြစ် မှတ်တမ်းပြု ဖော်ပြ လိုက်ရပါသည်။ ။