သမ္မတ ဒေါ်နယ်ထရန့် အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်

၂၉ နိုဝင်ဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကြိုတင်ကြေညာထားခြင်းမရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထရန့်သည် အမေရိကန်တပ်များကို နှုတ်ခွန်းဆက်စကားပြောဆိုပြီး တာလီဘန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယမန်နေ့က အာဖဂန်နိုင်ငံသို့ ထရန့်ရောက်ရှိခဲ့သည်။

 

အဆိုပါ ခရီးစဉ်မှာ ထရန့် သမ္မတ တာဝန်ထမ်းဆောင်ချိန် အာဖဂန်နစ္စတန်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သော ခရီးစဉ်ဖြစ်သည်။

 

ထရန့် သည် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အပြင်ဘက် လေတပ်အခြေစိုက်စခန်းတစ်ခု၌ အမေရိကန်တပ်ဖွဲ့ဝင်များကို ကြက်ဆင်သား ကျွေးမွေးခဲ့သည်။

 

ထို့နောက် သမ္မတ က မိန့်ခွန်းပြောကြားကာ အမေရိကန်တပ်ဖွဲ့များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ တာလီဘန်တို့က သဘောတူညီချက်တစ်ခု ရယူလိုကြပြီး ၎င်းတို့နှင့်တွေ့ဆုံနေသည်ဟု ထရန့်က ဆိုသည်။

 

စက်တင်ဘာလအစောပိုင်းက ကဘူးလ်မြို့တွင် ကားဗုံးတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ အမေရိကန်စစ်သားတစ်ဦး အပါအဝင် လူ ၁၀ ဦး အထက်သေဆုံးခဲ့ပြီးနောက် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမေရိကန် က ဆိုင်းငံ့ထားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု တာလီဘန်တို့က ဆိုသည်။

 

သို့သော်လည်း ၎င်းအုပ်စု၏ အကြီးတန်းအဖွဲ့ဝင် သုံးဦးကို အာဖဂန်အစိုးရက လွှတ်ပေးခဲ့ပြီးနောက်ပိုင်း အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ဦးအပါအဝင် ဓားစာခံ နှစ်ဦးကို တာလီဘန်တို့က လွှတ်ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

 

ထရန့်၏ထိုခရီးစဉ်သည် လာမည့်နှစ် သမ္မတရွေးကောက်ပွဲအကြိုကာလတွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို များပြားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို