သမ္မတအာဆတ်၏ အစိုးရတပ်ဖွဲ့များ အီဒလစ်ပြည်နယ်၌ တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ အရပ်သား ၇၀ ကျော် သေဆုံး

ဒမတ်စကတ် ၂၆  ဒီဇင်ဘာ

ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် နိုင်ငံအနောက်မြောက်ပိုင်းရှိသူပုန်များ နောက်ဆုံးထိန်းချုပ်ထားရာဖြစ်သည့် အီဒလစ်ပြည်နယ်၌ တိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ အရပ်သားများသေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရသည်။

ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ် အာဆတ်အစိုးရအဖွဲ့နှင့် ၎င်း၏ မဟာမိတ်ရုရှတပ်ဖွဲ့များသည် ပြီးခဲ့သည့် ရက်သတ္တပတ်က မာဂတ်အယ်လ်နူးမန်မြို့ကို လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ဆီးရီးယားမြေပြင်တပ်ဖွဲ့များက အနီးအနားရှိ ဧရိယာများကို ထိန်းချုပ်ရယူခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်က သမ္မတအာဘော်အစိုးရတပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၇၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ သေဆုံးသူများအနက် ၁၀ ဦးမှာ ပြည်သူများ ခိုလှုံနေသည့် ကျောင်းတစ်ကျောင်းကို တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

အရှိန်မြှင့်လာသည့် တိုက်ပွဲများကြောင့် ဒီဇင်ဘာ ၁၁ ရက်ကတည်းက အလက်ပိုအနောက်ပိုင်း၊ ဟာမာမြောက်ပိုင်းနှင့် အီဒလစ်ပြည်နယ်တောင်ပိုင်းရှိ ပြည်သူ ၁၃၀၀၀၀ ကျော် အိုးအိမ်ပျောက်ကွယ်ခဲ့ရကြောင်း ယူနီဆက်ဖ်အဖွဲ့၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာ တက်ချိုင်ဘန်က ပြောကြားခဲ့သည်။

အစိုးရတပ်ဖွဲ့များသည် အကြမ်းဖက်သမားများနှင့် အီဒလစ်ပြည်နယ်မှ ၎င်းတို့ကို ကူညီပံ့ပိုးပေးနေသူများကို နှိမ်နင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်န်အိတ်ချ်ကေ