သမ္မတထရမ့် ရွေးကောက်ပွဲမဲဆွယ်ခြင်းကို စနေနေ့မှာ လုပ်ဆောင်နိုင်ကြောင်း အိမ်ဖြူတော် ဆရာဝန်တွေက ကြေညာ

၉ အောက်တိုဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ လာမယ့် စနေနေ့ကစပြီး ရွေးကောက်ပွဲအတွက် လူထုမဲဆွယ်ပွဲတွေကို တက်ရောက်နိုင်ပြီဖြစ်ကြောင်း အိမ်ဖြူတော်မှ ဆရာဝန်တွေက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

 

သမ္မတထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတိုက်ဖျက်မှုအား  အင်မတန် ကောင်းကြောင်း၊ ဗိုင်းရပ်စ်ပိုးလက္ခဏာစတင်တွေ့ရှိတဲ့ ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ကနေ စနေနေ့မှာ (အောက်တိုဘာ ၁၀ ရက်) ပိုးကူးစက်ခံတာ ၁၀ ရက်ပြည့်မှာ ဖြစ်ကြောင်း၊ သမ္မတထရမ့်ဟာ လူအများစုနဲ့ တွေ့ဆုံရန်အတွက် သူတို့အနေနဲ့ အပြည့်အဝ ထောက်ခံကြောင်း အိမ်ဖြူတော် ဆရာဝန်များ ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

 

ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အတွက် ဝေါ့တားရီဒ် စစ်ဆေးရုံမှာ သုံးရက်တာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ သမ္မတမှာ ပိုးကူးစက်ခံရပြီးနောက် အိမ်ဖြူတော်ဟာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားရာနေရာဖြစ်လာပြီး ပိုးတွေ့ရှိသူအရေအတွက် ဒါဇင်နဲ့ချီပြီးရှိလာပါတယ်။

 

အမေရိကန် သမ္မတရွေးကောက်ပွဲဟာ နိုဝင်ဘာ  ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ရက်ပေါင်း ၂၆ ရက်သာလိုကြောင်း သိရပါတယ်။ ယင်းအတွက်ကြောင့် ပြိုင်ဘက် သမ္မတလောင်း ဂျိုး ဘိုင်ဒန်ကို အနိုင်ရဖို့အတွက် ထရမ့်အနေနဲ့ မဲဆွယ်ပွဲကို အမြန်ပြန်ရေးဟာ အလွန်အရေးကြီးနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP