သမ္မတထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်ဆို

ပြုံယမ်း ၂ ဇန်နဝါရီ  

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ထပ်မံတွေ့ဆုံရန် အဆင်သင့် ဖြစ်ပါကြောင်းနှင့် သူ၏ နျူကလီးယားလက်နက် အပြီးတိုင် ကင်းစင်ပပျောက်ရေးကတိကဝတ်ကို ထိန်းသိမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

ထုတ်လွှင့်ပြသခဲ့ ခေါင်းဆောင်ကင်ဂျုံအန်က ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီ (ဒေသစံတော်ချိန်)တွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် သူ၏နှစ်သစ်မိန့်ခွန်းထဲတွင် အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ခေါင်းဆောင်ကင်ဂျုံအန်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွား ရေးပိတ်ဆို့မှုများကို ပြန်လည်မရုပ်သိမ်းဘဲ ဆက်လက်ပိတ်ဆို့မည်ဆိုပါက ပြုံယမ်းအနေဖြင့် ရွေးချယ်စရာ နည်းလမ်းမရှိသည့်အတွက် အခြားနည်းလမ်းအသစ်တစ်ခုကို ရှာဖွေကျင့်သုံးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မိနစ် ၃၀ ခန့်ကြာရှည်သော ခေါင်းဆောင် ကင်ဂျုံအန်၏ နှစ်သစ်မိန့်ခွန်းကို ဇန်နဝါရီ ၁ ရက်က နိုင်ငံပိုင် ကိုရီးယားဗဟိုတယ်လီဗွီးရှင်းက ထုတ်လွှင့်ပြသခဲ့ ကြောင်း သိရသည်။

တိုက်တွန်းပြောကြား ခေါင်းဆောင်ကင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ် နှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပရန် ဆန္ဒပြင်းပြလျက်ရှိပါကြောင်းနှင့် ပြုံယမ်းအနေဖြင့် မည်သည့်နျူကလီးယားလက်နက် စမ်းသပ် ပစ်ခတ်မှုမျိုးကိုမျှ ထပ်မံစမ်းသပ်ရန် အစီအစဉ်မရှိပါကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ကင်းစင်ပပျောက်ရန် နည်းလမ်းအမျိုးမျိုး ကြိုးပမ်းစေကာမူ အမေရိကန်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်ချမှတ်ထားမည်ဖြစ်သည်ဟု ဝါရှင်တန်က ဆိုသည်။

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန် သက်ဆိုင်သည့်နိုင်ငံများနှင့် ဆွေးနွေးပွဲများကျင်းပရန် ဆန္ဒရှိပါသည်ဟု ခေါင်းဆောင်ကင်ဂျုံအန်က ဆိုသည်။

ထို့ပြင် ခေါင်းဆောင်ကင်က အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
 
အေအက်ဖ်ပီ