သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၆

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ တိုင်းဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယခုလာမည့် မိုးစပါးအတွက် မိုးစပါး ဧက(၁၀၀၀၀)စီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်မည့် စီမံကိန်းကို မဖြစ်မနေ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ဒေသ နွားမွေးမြူရေးအပါအဝင် ကြက်၊ ဝက်၊ ဘဲများကိုလည်း ဒေသနှင့်ကိုက်ညီသည့် တိရိစ္ဆာန်များကို စနစ်တကျ မွေးမြူကြရန် လိုအပ်ပါကြောင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နွားမွေးမြူရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အလားတူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေး ထူထောင်ပေးထားသောဆီစက်များအတွက် ကုန်ကြမ်း ဝယ်ယူမှုအပိုင်း၊ ထုတ်လုပ်မှုအပိုင်း၊ ထွက်ရှိလာသည့်ဆီများ ဈေးကွက်ရရှိရေး၊ သမဝါယမအသင်း အချင်းချင်း ကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက်ကြရန်၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်း၊ သမဝါယမအရောင်းဆိုင်များနှင့် Cash Memo အသုံးပြုခွင့်ရသည့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း လုပ်ငန်းများတွင် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုပါကြောင်း။ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သမဝါယမလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်း လီမိတက်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်