သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ၁၉ မတ်

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် မတ် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင်းရှိ ကားမှတ်တိုင်များနှင့် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ စုပေါင်းကားမှတ်တိုင်၌ YBS-25 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ သီရိခင်(ခ)သီရိရွှေအား ၎င်းလွယ်ထားသော စလင်းဘတ် အိတ်အတွင်းမှ ငွေကျပ် ၂၁၅၀၀ နှင့်ပတ်သက်၍ စစ်မေးရာ အဆိုပါယာဉ်ပေါ်ပါ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

 

ဖမ်းဆီးရမိသူ သီရိခင်(ခ)သီရိရွှေအား အခြားခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတို့တွင်  သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ လက်ကိုင်ဖုန်း (၁၈)လုံးကို ၎င်း၏စလင်းဘတ်အိတ်ဖြင့် အကာအကွယ်ပြု၍ ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။

 

MDN