သင်္ဂဟထွန်းကား မလွဲမသွေတိုးတက်ကြီးပွား

mdn

နေပြည်တော် ၅ ဇန်နဝါရီ

 

လွတ်လပ်ရေးနေ့သည် နိုင်ငံအတွက် ကျက်သရေမင်္ဂလာရှိသော ကောင်းမြတ် သည့် နေ့ထူးတစ်နေ့ဖြစ်သည်။ အများပြည်သူအတွက် နေ့ကြီးရက်ကြီးများအနက် လွတ်လပ်ရေးနေ့သည်တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအောင်ပွဲ ခံသည့် “အောင်မြင်မှုရသည့်နေ့ဖြစ်သည်။ ထူးကဲသည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံနှင့် လူမျိုးအတွက် မင်္ဂလာရှိဖွယ်အမှုကိစ္စများ ပြုကြလေသည်။

 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အချိန်အခါသမယတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံကိုယ်စား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ ကြသည်။ ထို့အပြင် ရရှိပြီးသောလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲတည်ဆောက်ရေးတို့၌ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်ခဲ့ကြသော၊အများနှင့်မတူ ထူးကဲစွာ စွမ်းဆောင်ခဲ့ကြ သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ကြသည်။

 

ယင်းတို့သည်မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအတွက် ကောင်းမြတ်သော ကျက်သရေမင်္ဂလာအဖြာဖြာ ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိသည့် (၇၂) နှစ်မြောက် နှစ်ပတ်လည်အချိန် အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား လှိုက်လှဲထောမနာ ဂုဏ်ပြုမှုများနှင့် ဆုတောင်းမေတ္တာပို့သမှုများသည် နှစ်နိုင်ငံအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုမြဲမြံခိုင်ကျည်စေမည်ဖြစ်ပါသည်။

 

နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲ ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်ရာတွင် ဘာသာ သာသနာအကျိုးကို သူမတူအောင် စွမ်းဆောင်နိုင်သူပုဂ္ဂိုလ်များ၊ တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွား အတွက် စွန့်လွှတ်စွန့်စားစံတင်ထိုက်အောင် စွမ်းဆောင်သူများ၊ နိုင်ငံနှင့် ပြည်သူအကျိုးစီးပွား မြင့်မား တိုးတက်လာစေရေးအတွက် အများနှင့်မတူ တစ်မူထူးကဲစွာ ပြောင်မြောက်အောင်စွမ်းဆောင်နိုင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံအကျိုးကို သယ်ပိုးထမ်းရွက်ခဲ့ကြသူများ စသည့်ပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အသိအမှတ်ပြုတံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းသည် အနာဂတ်တွင် တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် လူတော်လူကောင်းများ နှစ်စဉ်ပေါ်ထွန်း စေရေးကို ရှေးရှုရာရောက်သည်။

 

နိုင်ငံအတွက် ကြံ့ခိုင်သောစိတ်ဓာတ်၊ စံတင်ထိုက်သောစွမ်းရည်၊ ဂုဏ်ယူထိုက်သော စွန့်စားခြင်းမျိုးနှင့် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သော ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သောပုဂ္ဂိုလ်များသည် မှတ်တမ်းတင်ထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံအတွက် စွမ်းစွမ်းတမံထမ်းရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်းတို့ကို လွတ်လပ်ရေး ရပြီးကာလမှစ၍ အထင်အရှားပြုလုပ်လာခဲ့ပါသည်။ ချီးမြှင့်ထိုက်သော ပုဂ္ဂိုလ်များကို ချီးမြှင့်ခြင်းကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးတို့တွင်လည်း ပြုလုပ်လေ့ရှိပါသည်။

 

တစ်ပါးသူတို့အားချီးမြှင့်ခြင်းကို “သင်္ဂဟ"ဟုခေါ်ဆိုပြီး ဤသင်္ဂဟ တရားထွန်းကားမှသာ လောကကြီးသည်သာယာငြိမ်းချမ်းတည်တံ့ထွန်းကား မည်ဖြစ်သည်။ အခြေအနေအချိန်အခါအလိုက် သင်္ဂဟတရားကို ကျင့်သုံး ကြသူတို့သည် ကြီးပွားချမ်းသာကြောင်း အကြောင်းတရားဖြစ်သည်။ အမြင့်ဆုံးသင်္ဂဟတည်းကို ချီးမြင့်ခြင်းသာမက အနိမ့်ဆုံးအားဖြင့် ချီးမြှင့်ခြင်း သည်ပင် ကောင်းကျိုးချမ်းသာတို့ကို ဖြစ်စေနိုင်သည်။ အမြင့်ဆုံးအားဖြင့် နိုင်ငံတော်၏အကျိုးကို သူမတူအောင် စွမ်းစွမ်းတမံသယ်ပိုးထမ်းဆောင် ကြရသူများအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းများကို အများပြည်သူတို့ အနေဖြင့် မုဒိတာပွားကာကြိုဆိုကြ၊ ဝမ်းမြောက်ကြရမည်သာဖြစ်သည်။

 

နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခါသမယသို့ ရောက်လေတိုင်း ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမြတ်သည့်အစဉ်အလာတစ်ရပ်ဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ ပုဂ္ဂိုလ်များအတွက် မုဒိတာပွားများ ဝမ်းမြောက် ကြရမည်ဖြစ်သလို ဂုဏ်ပြုချီးမြှင့်ခံထိုက်သော နိုင်ငံတော်နှင့်နိုင်ငံသားများ ဖြစ်အောင် မိမိတို့နှင့် ဆိုင်ရာဆိုင်ရာဘက်တို့၌ စေတနာရှေ့ထား၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ပြုကြ၊ ဝမ်းမြောက်ကြခြင်းသည် အစိတ်အပိုင်းတစ်ရပ်သာဖြစ်၍ လူတိုင်း လူတိုင်း ရှေ့ဆက်၍ နိုင်ငံနှင့်လူမျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်ကြပါလျှင် ဤနိုင်ငံကြီးသည် မလွဲမသွေကြီးပွားချမ်းသာလာမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ