သံဃာတော် (၁၀၂၆၄)ပါး ပစ္စည်းလေးပါးလောင်းလှူပွဲ၊ ရတနာပုံဥယျာဉ်ဖွင့်ပွဲ နှင့် မဟာသင်္ကြန်ပွဲတော်အခမ်းအနားတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို ဂုဏ်ပြုအခမ်းအနား ကျင်းပ

မန္တလေး၊ မေ ၁၇

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ်(၂၅၆၆)ခုနှစ်ပြည့်သည့် အထိမ်းအမှတ် သံဃာတော်(၁၀၂၆၄)ပါးအားပင့်ဖိတ်၍ ပစ္စည်းလေးပါးလောင်းလှူပွဲ၊ ရတနာပုံဥယျာဉ်ဖွင့်ပွဲ နှင့်မဟာသင်္ကြန်ပွဲတော်အခမ်းအနားတို့တွင်ပါဝင်ဆောင်ရွက်ခဲ့သည့် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ ကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးမြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို "လန်းဆန်းတည်ကြည် ရတနာပုံဥယျာဉ်တည်"ဂုဏ်ပြုသီချင်းဖြင့် ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် မန္တလေး တိုင်းဒေသကြီးအနေဖြင့် ဆရာတော်ကြီးများ၏ မေတ္တာထားရှိမှု၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မိဘ ပြည်သူများ၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၏ညီညွတ်မှုကြောင့် အေးချမ်းတည်ငြိမ်မှုရရှိခံစားနေပြီဖြစ် ကြောင်း၊ တူညီသောစိတ်ထားရှိမှု၊ တူညီသောစိတ်ထားရှိသူများနှင့် ပေါင်းစည်းလုပ်ကိုင် ဆောင်ရွက် မှုများကြောင့် အရာရာအောင်မြင်ခြင်းဖြစ်ကြောင်း၊ ရတနာပုံဥယျာဉ်တည်ဆောက်မှု၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်၊ သာသနာသက္ကရာဇ်၂၅၆၅ပြည့်(ဗုဒ္ဓနေ့)ဆွမ်းလောင်းပွဲတော်များမှာ အုပ်ချုပ်သူ အစိုးရ၊ ပြည်သူလက်တွဲညီညွတ်ပြီး ဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်သူပြည်သားများ အားလုံးစိတ်ချမ်းသာမှုရှိအောင် ရှေ့ဆက်၍ ညီညွတ်မှုများဖြင့်လုပ်ကိုင်ကာ စုပေါင်းကာကွယ် စောင့်ရှောက်ပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်  ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင် များအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ပြီးနောက် ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ "ရွှေမန်းမြေ သို့သွားစို့" ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းကာ တက်ရောက်လာသူများအား ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)