သင်္ကြန်ကာလနီးလာပြီဖြစ်သောကြောင့် ဒေသထွက် အတာအိုး၊ သင်္ကြန်အိုးများ ပိုမိုပြုလုပ်ရောင်းချနေရ

ပုလော ၁၃ မတ်    


လက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာတွင် သင်္ကြန်ကာလနီးလာပြီ ဖြစ်သဖြင့် ဒေသထွက် အတာအိုး၊ သင်္ကြန်အိုးများကို ပိုမိုပြု လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

1


အတာအိုးပြုလုပ်ရန် လယ်စပ်၊ ဓနိတောစပ်များမှရရှိသော ရွှံ့များကို အိုးလုပ်မည့် နေရာတွင်စုပုံထားရှိ၍ ရွှံ့စေးကိုရွေးရပြီး ရရှိလာသော ရွှံ့စေးကို ရေငံသဲများဖြင့် အချိုးကျရောနယ်၍ ပုံသွင်းအိုး လုပ်ငန်းကို စတင်လုပ်ကိုင်ရသည်။

 

1


ပုံသွင်းအိုးကြမ်းကို နေပူလှန်း၍ ကျောက်ချောလုံးလေးများဖြင့် အိုး၏ အောက်ခြေကို  ထိုး၍ လုံးဝန်းသွားအောင် ပုံစံဖော်ရပြီး သစ်သားချောင်း (လက်ခတ်) ဖြင့် အိုးကိုနာနာ ရိုက်ရသည်။ အဆိုပါပုံစံဖော်ထားသော အိုးများကို တစ်ဖန် နေပူပြန်လှန်းရပြီး၊ မြေနီအစေးကို ထောင်းချေ၍ ရရှိလာသော အမှုန့်များကို ဆေးဖျော်ကာ အိုးတွင်သုတ်လိမ်းပေးရသည်။


ဆေးသုတ်လိမ်းပြီးသော အိုးကို  မီးဖုတ်မည့် အိုးပတ်ပတ်လည်တွင် ကောက်ရိုးအစိုဖြင့် မွမ်းမံထားရှိပြီး ရွှံ့စေးအရည်များ သုတ်လိမ်းကာ ဝါးမီးဖြင့် (၃) နာရီခန့်ကြာအောင် မီးဖုတ်၍ အရောင်းတန်းဝင် အတာအိုး၊ သင်္ကြန်အိုး များကိုရရှိသည်။ အဆိုပါ အရောင်းတန်းဝင် တာအိုး၊ သင်္ကြန်အိုးများကို (၁)လုံးလျှင် ၁၇၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး လက်လီ၊ လက်ကား လာရောက်ဝယ်ယူသူများနှင့် အော်ဒါမှာယူသူများရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်နေသော ပိုင်ရှင် ဒေါ်မြတ်ခိုင်နှင့် ဒေါ်တင်ခိုင်တို့ထံမှ သိရသည်။


ထူးဝေယံ(ပြန်/ဆက်)