သင်္ကြန်ကာလရုံးပိတ်ရက်တွင် ငပလီကမ်းခြေသို့ ခရီးသွားအများဆုံး ဝင်ရောက်ခဲ့ပြီး လေကြောင်းလိုင်း များမှ ခေါက်ရေ ၁၀၅ ‌ခေါက်အထိ ပြေးဆွဲခဲ့ရ

 

ရန်ကုန် ၊ ဧပြီ ၂၁

 

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလရုံးပိတ်ရက် ၁၀ ရက်တွင် အများပြည်သူအပန်း ဖြေအနားယူရာ ငပလီကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွားအများဆုံးဝင်ရောက်ခဲ့ရာ အဆိုပါ အပန်းဖြေကာလအတွင်း လေကြောင်းလိုင်းများမှ သံတွဲလေဆိပ်သို့ ခေါက်ရေ ၁၀၅ ခေါက်ပြေးဆွဲခဲ့ရပြီး ယမန်နှစ်ကထက် ခရီးသွားပိုမိုဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ငပလီကမ်းခြေတွင် အပန်းဖြေကြမည့် ပြည်တွင်းခရီးသွား ၅၁၉၀၊ နိုင်ငံခြား ခရီးသွား ၁၇၂ ဦးတို့ သံတွဲလေ ဆိပ်သို့ဝင်ရောက်ခဲ့ပြီး ဟိုတယ် ၆၅ လုံးတွင် ၅၈ လုံးဖွင့်လှစ်ခဲ့၍ ပြည်တွင်းဧည့်သည် ၂၈၀၀၂ ဦး၊ နိုင်ငံခြားသားဧည့်သည် ၈၀၃ ဦးတည်းခိုခဲ့သည်။ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အတွင်း အခြားသော ခရီးသွားလမ်းကြောင်းများဖြစ်သည့် ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်းတို့မှ အပန်းဖြေခရီး သွားများ ဝင်ရောက်ခဲ့ရာ ငပလီအပန်းဖြေကမ်းခြေ၌ ခရီးသွားတစ်သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဘိုတဲ၊ အဆောင်၊ နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းတို့၌ ခရီးသွားတို့ဖြင့် စည်ကားခဲ့သည်။ 

 

 “ဒီနှစ်သင်္ကြန်ကာလပိတ်ရက် ၁၀ ရက်မှာ မနှစ်ကထက် ငပလီကမ်း ခြေကိုဧည့်သည် ပိုပြီးဝင်ရောက်ခဲ့ ပါတယ်။ ဧည်သည်တွေအတွက် လုံခြုံ‌ရေး၊ ကျန်းမာရေးနဲ့အရေးပေါ် အသက်ကယ်ဆယ်ရေး ကိစ္စရပ်အားလုံးကို သက်ဆိုင်ရာဌာနဆိုင်ရာ များနဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘေးအန္တရာယ် ကင်းကင်းနဲ့ ရုံးပိတ်ရက်ကာလပြီးဆုံးခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ နောင်နှစ်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဧည့်သည်တွေအခုထက်ပိုပြီးလာရောက်စေလိုပါတယ်။ ခရီးသွားဝင်ရောက်မှု များလေ ဟိုတယ်တွေမှာ တည်းခိုကြတဲ့ အခွန်အခတွေလည်း နိုင်ငံတော်အတွက် ရရှိစေတဲ့အပြင် ခရီးသွားကဏ္ဍ ပွင့်လန်းမှုဟာ ဒေသခံတွေအတွက်လည်း လူမှုစီးပွား အခွင့်အလန်း ပွင့်လန်းလာတဲ့အတွက် ဒီနှစ် သင်္ကြန်ခရီးသွား ဝင်ရောက်မှုဟာ အားရကျေနပ်စရာကောင်းပါတယ်”ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ် အောင်က ပြောသည်။

 

ငပလီကမ်းခြေသို့ ယမန်နှစ်သင်္ကြန်ကာလ၌ ခရီးသွားတစ်သိန်းခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ်၌ ပြည်တွင်း၊ ပြည်ပခရီးသွား တစ်သိန်းခွဲခန့် ဝင်‌ရောက်ခဲ့ရာ လေကြောင်းလိုင်းများ၊ ခရီးသွားပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်/ တည်းခိုခန်းများနှင့် ဒေသခံတို့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

 

ထို့နည်းတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ သင်္ကြန်ကာလရုံးပိတ်ရက် ၁၀ ရက်၌ ပြည်တွင်း ခရီးသွား များနှင့် နိုင်ငံခြားသားခရီးသွားများဝင်ရောက်ခဲ့ပြီး သျှစ်သောင်းဘုရားပွဲ၊ ထုက္ကန့်သိမ်ဘု ရားပွဲနှင့် အံတော်သိမ်ဘုရားပွဲတို့ကို မေ ၂ ရက်မှ ၆ ရက်အထိ ကျင်းပရန်ရှိ၍ ကျောက်တော်တောင်ဘုရားပွဲနှင့် ကျောက်တော်ရေပေါ်သင်္ကြန်ကို ဧပြီ  ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်တိုင်ကျင်းပရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ကျမှုနှင့်အတူ  ခရီးလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပါက မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုပွင့်လန်းခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများစွာ ပွင့်လန်းမှုမှ ဒေသ ဖွံ့ဖြိုးဝင်ငွေတိုးစေမည် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်သည်။ ယခုနှစ် မြန်မာ့နှစ်ကူးသင်္ကြန် ကာလရုံးပိတ်ရက်၌ ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့ပြီး လေကြောင်း လိုင်းများမှ ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ကာ ဧပြီ ၁၃ ရက်နေ့တစ်ရက်တည်းတွင် ခေါက်ရေ ၁၇ ခေါက်အထိ ပြေးဆွဲကြောင်း သိရသည်။

ဓာတ်ပုံ- ကနူး 

ညိမ်းသူ ( သတင်းစဉ် )