သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား

၁၉  ဇူလိုင်

 

လေမဖြတ်ခင်မှာလူနာအများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကို ရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တခါတရံမှာ ရှေ့ပြေး လက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။ ဒီလိုရှေ့ပြေး ခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။

 

လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေဟာယုံကြည်စိတ်ချရသလား

ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာအခိုင်အမာခံစားမိတာမျိုးကိုဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။

ဥပမာလူနာတချို့ဟာဦးနှောက်ကိုသွေးရောက်နည်းတာကိုခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာတစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုး ရှိခဲ့ကြောင်း’ ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်’’ ‘’ငါကြောက်နေခဲ့တယ်’’စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။ အဲ့ဒီလက္ခဏာတွေဟာကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီပိုဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့လူနာ ၁၆ ဦးကိုလေ့လာခဲ့ပြီး အာရုံကြောနဲ့ စိတ်ပညာဂျာနယ်မှာဖော်ပြခဲ့တာကတော့ လူနာတွေရဲ့ သုံးပုံတပုံလောက်ဟာအကြား အာရုံချို့ယွင်းတာ၊ နားထဲမှာအသံမြည်နေတာကိုမိနစ်အနည်းငယ် ကြားရကြောင်းဆိုပါတယ်။ တခတရံမှာလေမဖြတ်မီ ၁ရက်နေ ၁၀ရက်အလိုလောက်ထိ ကြားရတတ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ လေဖြတ်တဲ့လူနာတော်တော်များများမှာကိုက်ညီမှု ရှိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ခဏပဲကြာလို့ သတိမပြုမိကြတာများပါတယ်။

 

လေဖြတ်နိုင်ခြေ အန္တရာယ်ကိုဘယ်လိုလျှော့ချမလဲ

 

လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာတွေ ကြုံရရင်၊ လေဖြတ်မယ်ထင်ရတဲ့ ကြုံနေကြမဟုတ်တဲ့ ကိစ္စကြုံရင် ဆေးဝါးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ စောစီးစွာသိတာဟာရောဂါဖြစ်ပွားမှုကို လျော့ကျစေပြီး လေဖြတ်ခြင်းကိုတောင် ရှောင်ရှားစေနိုင်ပါတယ်။ လက္ခဏာအများစုကတော့ ရောဂါရှာဖွေဖို့လိုအပ်တဲ့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်နေတတ်ပါတယ်။ သွေးဖောက်စစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေး တာတွေ လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ အသစ်သိရှိထားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်း လုပ်ဆောင်ဖို့လိုပါတယ်။

 

လေဖြတ်ခြင်းအန္တရာယ်ကိုလျှော့ချနိုင်ဖို့ အောက်ပါ အချက်အနည်းငယ်ကိုလုပ်ဆောင်နိုင်ပါတယ်။

 

•           သွေးကြောရောဂါကုသပါ။ သွေးကြောတွေမှာရောဂါဖြစ်ခြင်းဟာသွေးခဲကိုဖြစ်ပေါ်စေပြီးလေဖြတ်စေပါတယ်။

•           ဆီးချိုကိုထိန်းချုပ်ပါ။ ဆီးချိုသမားမှာသွေးတိုးခြင်းဟာသွေးကြောတွေကိုပေါက်စေပါတယ်။ ဒါကြောင့် ဆီးချိုဆေးပုံမှန်သောက်ပြီးသွေးပေါင်ချိန်မှန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံကို ကျင့်သုံးသင့်ပါတယ်။

•           နှလုံးရောဂါအတွက် ဆေးကုသမှုခံယူပါ။ သွေးပေါင်ချိန်စစ်ဆေးပြီး မြင့်နေမယ်ဆိုရင် ပုံမှန်ရောက်အောင် လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

•           နှလုံးအားနည်းတာ၊ နှလုံးခုန်ပုံမှန် မဟုတ်တာဟာ ဦးနှောက်ထဲကို သွေးပို့လွှတ်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

•           ဆေးလိပ်ဖြတ်ပြီး တရားမဝင်ဆေးဝါးတွေ သုံးစွဲခြင်းရှောင်ပါ။

•           triglyceride နဲ့ ကိုလက်စထရောကိုပုံမှန်ဖြစ်အောင် ထိန်းထားပါ။ ပုံမှန်လူအတွက်ဆိုရင် ဆေးကုသမှု မလိုဘဲစားသောက်မှုပုံစံပြောင်းပေးရုံနဲ့ လုံလောက်ပါတယ်။

•           ငါးများ၊ လတ်ဆတ်တဲ့အသီးအရွက်များ၊ ပရိုတိန်း၊ အမျှင်ဓါတ် စတဲ့ လေဖြတ်ခြင်းကို ကာကွယ်စေနိုင်တဲ့ စားသောက်မှုပုံစံကျင့်သုံးပါ။

•           ကိုယ်လက်လှုပ်ရှားပါ။

•           စိတ်ဖိစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr.Thant Zin

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”