သင်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းပါ

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-အေးမြတ်သူ

ရန်ကုန်မြို့တွင် နေထိုင်သော လူဦးရေမှာ ငါးသန်းကျော် ရှိသည်။ နေ့စဉ် ထွက်ရှိနေသော စွန့်ပစ်အမှိုက်မှာ နေ့စဉ်တန်ချိန် ၂၅၀ဝ ခန့်ဟု သိရသည်။ အသေးစိတ်တွက်ချက်မှုအရ လူတစ်ဦးလျှင် အမှိုက် ဝ ဒသမ ၄၁၃ ကီလိုဂရမ်နေ့စဉ်စွန့်ပစ်နေသည်ဟု သိရသည်။

အမှိုက်ပြဿနာမှာ ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးတစ်မြို့တည်းသာမဟုတ် အာရှနိုင်ငံရှိ အချို့သော နိုင်ငံများတွင်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီဖြစ်သည်။

ရန်ကုန်မြို့တွင် နောက်ဆုံးစွန့်ပစ်အမှိုက် ပုံ လေးနေရာရှိသည်။ လှိုင်သာယာမြို့နယ် တွင် တည်ရှိသော ထိန်ပင်အမှိုက်ပုံမှာ ဧက ၂၉၀ ကျယ်ဝန်းကာ ဧက ၂၂၀ ပေါ်၌ တစ်နေ့ လျှင် အမှိုက်တန်ချိန် ၁၄၅၀ ခန့် လာရောက် စွန့်ပစ်နေကြသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင်ရှိသော ထားဝယ်ချောင် အမှိုက်ပုံသည် ဧက ၁၄၀ ကျယ်ဝန်းကာ ဧက ၁၁၀ ပေါ်၌ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၀ဝ၀ ခန့် လာရောက်စွန့်ပစ် နေရသကဲ့သို့ ဒလမြို့နယ်တွင် တည်ရှိသော အမှိုက်ပုံမှာ ၁ ဒသမ ၃ ဧက ကျယ်ဝန်းကာ တစ်ဧကမြေပေါ်၌ တစ်နေ့လျှင် အမှိုက်တန်ချိန် ၃၃ တန်ကျော် စွန့်ပစ်လျက်ရှိပြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင်ရှိသော အမှိုက်ပုံမြေ နေရာသည် ဝ ဒသမ ၂၅ ဧက ကျယ်ဝန်းပြီး ဝ ဒသမ ၁ ဧက မြေပေါ်၌ တစ်နေ့လျှင် အမှိုက် တန်ချိန် ကိုးတန်ကျော် စွန့်ပစ်လျက်ရှိကြောင်း သိရသည်။

လူနေမှုဝန်းကျင်ကျဉ်းမြောင်းလာ

လူတို့ စွန့်ပစ်သော အမှိုက်များ များလေ လေ အမှိုက်ပုံကြီးများ ပိုမိုကြီးမားလာလေလေ ဖြစ်သည်။ အမှိုက်ပုံပမာဏ ကျယ်ဝန်းလာသည် နှင့်အမျှ လူနေမှုဝန်းကျင်သည် တဖြည်းဖြည်း ကျဉ်းမြောင်းလာခြင်းပင် ဖြစ်သည်။

အမှိုက်ပုံပမာဏ ကြီးမားလာခြင်းသည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးရုံမျှမက မြို့ပြ လူနေမှုဘဝနှင့် မြို့တော်အင်္ဂါရပ်ကိုပါ ထိခိုက်လာခြင်းဖြစ်သည်။ ကုန်းနေ ရေနေ သတ္တဝါ များ ထိခိုက်မှု၊ သေဆုံးမှုများနှင့် တွေ့ကြုံလာရတတ်သည်။ မြို့ပြကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ တစ်စတစ်စ ပိုမိုမြင့်လာကြတော့မည်ဖြစ်သည်။

လက်တွေ့ဖြစ်စဉ်တစ်ခုဖြင့် ဆိုရသော် ၂၀၁၈ ခုနှစ် ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်စွန့်ပစ်အမှိုက် ပုံကြီး မီးလောင်မှုပင် ဖြစ်သည်။ ရက်သတ္တပတ် ကျော်ကြာ တငွေ့ငွေ့ တမြည့်မြည့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်ပြင်မှ အခိုးအငွေ့နှင့် ပြာမှုန်တို့မှာ ပတ်ဝန်းကျင် မြို့နယ်အတော်များများဆီသို့ ပျံ့လွင့်ခဲ့ပြီး ကျန်းမာရေးအားနည်းသူအချို့ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ခဲ့ကြရသည်။

အမှိုက်စွန့်ပစ်နည်းပညာပိုင်းအရေးပါ

သို့အတွက် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု နည်းပညာပိုင်းသည် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ရပ် အဖြစ် လိုအပ်လာပြီဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဌာနသည် အမှိုက်ပုံမီးလောင်ပြင်နေရာတွင် အမှိုက်များ ပြန်လည်စုပုံနိုင်ရန်အတွက် နည်း ပညာသစ်အသုံးပြု၍ ရှေ့ပြေးစီမံကိန်းအဖြစ် စီမံဆောင်ရွက်နေပြီဖြစ်သည်။

စွန့်ပစ်သော အမှိုက်များမှ အမှိုက်အမျိုး အစားကို ခွဲခြား၍ အမျိုးအစားအလိုက် ကိုက် ညီသော ပြုပြင်သန့်စင်ခြင်းနည်းများ Waste Composition and Analysis နှင့် မြေ အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းစဉ် အလိုက် အစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက ရေးဆွဲနေပြီဖြစ် သည်။ ထိုလုပ်ငန်းစဉ်ကို အာရှဖွံ့ဖြိုးရေးဘဏ် နှင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဌာနမှူး ဒေါက်တာအောင်မြင့်မော် က ''အခု ထိန်ပင်အမှိုက်ပုံနေရာကို အပိုင်း လေးပိုင်း ပိုင်းခြားပြီး ဆောင်ရွက်နေပါတယ်။ တစ်ပိုင်းကို‌ ပေ ၁၀ဝ၀ စီရှိမယ်။ အထဲအထိ ဝင်ပုံလို့ရအောင် အဝင်အထွက် လမ်းတွေမှာ အုတ်ကျိုးနဲ့ ကျောက်ကျိုးတွေ ခင်းထားတယ်။ အမှိုက်တွေ လာစွန့်ပစ်တဲ့နေရာမှာ ကျင်းတွေ တူးပြီး ကျောက်တွေချထားမယ်။ တိုင်ကီတွေ၊ ပိုက်တွေ ချမယ်။ တစ်နေရာနဲ့ တစ်နေရာ ပေ ၅၀ စီလောက် ခွာထားမယ်။ အမှိုက်မှာရှိတတ် တဲ့ မီသိန်းဓာတ်ငွေ့တွေ လေထဲရောက်အောင် ထုတ်ပေးတဲ့သဘောပါ" ဟု ရှင်းပြခဲ့သည်။

စမ်းသပ်လုပ်ဆောင်မှုအရ အမှိုက်များကို သုံးမီတာ အမြင့်အထိ ရောက်အောင် ပုံနေဆဲ ဖြစ်သည်။ ၎င်းစနစ်အရ မီသိန်းဓာတ်ငွေ့များ လေထဲသို့ရောက်အောင် ပို့ဆောင်ပြီးမှသာ အမှိုက်များ ပိုမိုစွန့်ပစ်နိုင်မည်ဖြစ်သည်ဟု သိရသည်။

ယခင်က အမှိုက်စွန့်ပစ်သည့် ပုံစံမှာ Open Dumping ပုံစံဖြစ်သဖြင့် အမှိုက်ပုံ ဝန်းကျင်ရှိ လေထု၊ ရေထု၊ မြေထုမှာ ညစ်ညမ်း မှုနှင့်အတူ ဓာတ်ပြောင်းလဲမှုကြောင့် မီးလောင် မှုမျိုး ဖြစ်တတ်သည်ကို ဆန်းစစ်မှုအရ သိရ သည်။ ထို့အတွက် ထိန်ပင်အမှိုက်ပုံ မီးလောင် ခြင်းဖြစ်သည်ဟု သိရသည်။

အမှိုက်ပုံကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေး၊ ဝန်းကျင် လေ၊ ရေ၊ မြေကို ဓာတ်ပေါင်းဖွဲ့မှု မဖြစ်စေရေး မြေနေရာအား ‌ရေရှည်အသုံးပြုနိုင်စေရေးတို့အတွက် အမှိုက် များကို ယခင်ကကဲ့သို့ မီးရှို့သည့်စနစ်အပြင် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား၍ စနစ်တကျ ပစ်သည့်စနစ်သည် တကယ်လိုအပ်လာပြီ ဖြစ်သည်။

စွန့်ပစ်အမှိုက်ဆိုင်ရာ နည်းပညာ ရှေ့ပြေးစီမံကိန်း

သို့အတွက် ဦးစွာစမ်းသပ်ဆောင်ရွက်မှု အဖြစ် နောက်ဆုံးအမှိုက်များ စွန့်ပစ်ရာ ထိန်ပင်အမှိုက်ပုံ၌ စွန့်ပစ်အမှိုက်ဆိုင်ရာ နည်းပညာရှေ့ပြေးစီမံကိန်းကို စတင်နေပြီဖြစ် သည်။ ယင်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ဂျပန် နိုင်ငံ Fukuoka City UN-Habitat တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပြီဟု သိရ သည်။ စီမံကိန်းကာလ မှာ သုံးနှစ်တာကြာမြင့် မည်ဆိုတာ သိရသည်။

ဒို့အိမ်

ရန်ကုန်မြို့တော်ကြီး သန့်ရှင်းသာယာ လှပရေးကို တာဝန်ရှိအစိုးရပိုင်းကသာ ဆောင် ရွက်နေသည်မဟုတ်ပေ။ လူမှုအဖွဲ့အစည်းများ နှင့် အများအကျိုးကို သယ်ပိုးနေသည့် ပရဟိတအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက် လျက်ရှိနေသည်ကို တွေ့ရသည်။ စုပေါင်း အမှိုက်ကောက်ခြင်း၊ ရေမြောင်းများ ဆယ်ယူ ခြင်းဖြင့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေကြ သကဲ့သို့ အခြားသော အဖွဲ့အစည်းများ၏ အထောက်အပံ့ကို ရယူကာစနစ်တကျ ဆောင် ရွက်နေသောအဖွဲ့များလည်း ရှိနေသည်။

''ဒို့အိမ်"သည် မြို့ပြအမွေအနှစ်ကို ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ ပြည်သူအများ နေထိုင် ရာကို ဖန်တီးပေးခြင်း၊ အနားယူနိုင်ရန် တည်ဆောက်ပေးခြင်းတို့အပြင် ယနေ့ ရန်ကုန် မြို့ တော်ကြီးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် အမှိုက်ပြဿနာကို ပြည်သူအများနှင့် ပူးပေါင်း ၍ ဝိုင်းဝန်းဆောင်ရွက်ပေးနေသော အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။

 

mdn

 

နောက်ဖေးလမ်းကြားဥယျာဉ်တည်ဆောက်

၂၀၁၇ ခုနှစ်မှ စတင်ကာ ဝန်းကျင်နေထိုင် သူများနှင့် ပူးပေါင်း၍ နောက်ဖေးလမ်းကြားရှိ အမှိုက်များကို ရှင်းလင်းကာ နောက်ဖေးလမ်း ကြားဥယျာဉ်များကို တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ရှစ်ခုမြောက်အထိ ရှိလာပြီဖြစ်သည် ဟု သိရသည်။

ဒို့အိမ်အဖွဲ့က ပန်းဘဲတန်းမြို့နယ် ကျောက်တံတားမြို့တို့ရှိ ရပ်ကွက်နေပြည်သူ များနှင့် Building Markets ပူးပေါင်း၍ ''အမှိုက် ကနေ ရွှေ" ပြပွဲတစ်ရပ် ကျင်းပပြုလုပ်ပြီး စနစ်တကျ အမှိုက်ပစ်လာနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည်။ မြို့နယ်အဆင့်အလိုက် စွန့်ပစ်ပစ္စည်းလုပ်ငန်းများ လည်ပတ်ပုံတို့ကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ စွန့်ပစ်ပစ္စည်းအရောင်းအဝယ်လုပ်ကိုင် သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။

ထို့အပြင် စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးပြုမှုတို့ကို အသိပညာပေးမှုများ ပြုလုပ် ပြသခဲ့သည်၊ ပြပွဲတွင် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ''ရန်ကုန်မြို့မှာ နေထိုင်သူ အားလုံးအနေနဲ့ ပလတ်စတစ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို သိထားဖို့ လိုအပ်ရုံသာမက ပူးပေါင်းဖြေရှင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အခုလို ဒို့အိမ်နဲ့ Building Markets တို့လို အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုကလည်း အရေးကြီးပါတယ်။ ဒါမှသာ စွန့်ပစ်ပစ္စည်းတွေအပေါ် စီမံခန့်ခွဲမှုက ပိုပြီးတိုးတက်လာမှာ ဖြစ်ပါတယ်။ စွန့်ပစ် ပစ္စည်းပလတ်စတစ် အသုံးပြုမှုကို ဥပဒေနဲ့ အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီအတွက် အစိုးရနဲ့ ပြည်သူတို့ကလည်း အတူပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ စွန့်ပစ်အမှိုက်စီမံမှု စနစ်ကျစေဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးအပိုင်း ရော နေထိုင်မှုအခြေအနေပါ တိုးတက်လာဖို့ အထောက်အကူပြု ကူညီနိုင်မှာဖြစ်ပါတယ်"ဟု ပြောခဲ့သည်။

နှလုံးသားကနေ ဥပ‌ဒေလိုက်နာစေချင်

စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သော မြို့တော်စည်ပင်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''ကျွန်တော်တို့ကို တချို့က လာပြောကြပါ တယ်။ နောက်ဖေးလမ်းတွေမှာ အမှိုက်ပြန်ပစ် တဲ့အပေါ် ဒဏ်တပ်ပါလား၊ ထောင်ချပါလား ပြောတယ်၊ မကြာမီက ထွက်ရှိထားတဲ့ ဥပဒေ အရလည်း ထောင်ဒဏ်ရော၊ ငွေဒဏ်ရော တပ်လို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုကို ကြောက်ဖို့လိုက်နာ ရမယ်ဆိုတာထက် နှလုံးသားကနေ ဥပ‌ဒေကို လိုက်နာစေချင်တာပါ။ ဒါဟာ ရေရှည် အကောင်းဆုံးထင်ပါတယ်"ဟု ပြောကြားမှု ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့တော် ကြီးအစဉ် သန့်ရှင်းသာယာလှပရေးအတွက် အစိုးရပိုင်းတစ်ခုတည်းကသာ တာဝန်ရှိ သည်ဟု ပြော၍မရနိုင်ပေ။ လူမှုအဖွဲ့အစည်း များကလည်း ပူးပေါင်းပါဝင်မှုများ လိုအပ် သကဲ့သို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လည်း နှလုံးသားအသိဖြင့် ပါဝင်သင့်ပေသည်။

ဤဆောင်းပါးရေးနေရင်းမှပင် ရေဒီယို ခေတ်က မကြာခဏ ကြားဖူးခဲ့သော ရေဒီယို သီချင်းလေးတစ်ပုဒ်ကို ပြန်လည်အမှတ်ရမိ သည်။ ကြာပြီဖြစ်၍ တေးစာသားလေးများ လွဲချော်နိုင်သော်လည်း အဓိပ္ပာယ်မှာ ပြည့်စုံ လှပေသည်။

''ကိုယ်တိုင်သန့်ရှင်းရမည်...၊ နေအိမ် သန့်ရှင်းရမည်...၊ အားလုံးသန့်ပါမှ တစ်မြို့လုံး သန့်ရှင်းမည်..."ဟူ၍ ဖြစ်ပါသည်။

 

mdn