သင့်သွားပေါ်က ဆေးလိပ်ချိုးတွေကို ဘယ်လိုဖယ်ရှားမလဲ

၂ နိုဝင်ဘာ

 

သင့်သွားကို ဖြူဖွေးတဲ့ အသွင်ပုံစံပျောက်စေပြီး အရောင်စွန်းထင်းစေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီအကြောင်းအရာတွေထဲမှာ ဆေးလိပ်ချိုးတွေလည်း အဓိက ပါဝင်ပါတယ်။ အဓိကကတော့ နီကိုတင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ ကြာလာတာနဲ့အမျှ နီကိုတင်းဓာတ်များ သင့်သွားရဲ့ အပေါ်ယံကြွေလွှာပေါ်မှာ စုပုံလာပြီး အဖြူရောင်ကနေ ညစ်နွမ်းလာရပါတယ်။

 

တော်သေးတာကတော့ သင့်သွားပေါ်က နီကိုတင်းတွေကို ဖယ်ရှားမယ့် နည်းလမ်းတွေဟာ ကျွမ်းကျင်သူတွေ လုပ်ဆောင်ပေးမှ ရနိုင်တဲ့နည်းလမ်းတွေရှိသလို မိမိဖာသာ အိမ်တွင်းကုထုံးတွေနဲ့လည်း ဆောင်ရွက်လို့ ရနိုင်တယ်ဆိုတာပါပဲ။ သင့်သွားတွေ တဖန်ပြန်ပြီး ဖြူဝင်းလာနိုင်ပါသေးတယ်။

 

နီကိုတင်းဟာ သွားတွေမှာ အစွန်းအထင်း ပိုဖြစ်စေတတ်သလား …

ဟုတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးရွက်ကြီးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတမျိုးမျိုးကို သုံးစွဲခြင်းဟာ သင့်သွားတွေရဲ့ အပေါ်ယံလွှာတွေကို အစွန်းအထင်းတွေ ဖြစ်လာစေပါတယ်။ သင့်အနေနဲ့ နီကိုတင်းပါတဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထုတ် ပစ္စည်းတခုခုကို သုံးစွဲပြီဆိုတာနဲ့ သိပ်မကြာခင်မှာ သင့်သွားတွေ အဝါရောင်သမ်းလာပါလိမ့်မယ်။ ကြာရှည်သုံးစွဲမိသွားရင်တော့ သွားအရောင်တွေ ပိုမိုညစ်နွမ်းပြီး အညိုရောင်ပြောင်းလာပါလိမ့်မယ်။

 

နီကိုတင်းဟာ ခံတွင်းကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ…..

နီကိုတင်းတွေ စွန်းထင်းလာရုံက သိပ်ပြီးပြဿနာ မဟုတ်သေးပါဘူး။ နီကိုတင်းနဲ့ မကြာခဏထိတွေ့ဖန်များရင် သွားဖုံးတွေကိုပါ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ကိုယ်ခံအားဟာ ရှိသင့်တဲ့ အခြေအနေထက် ပိုမိုကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးအဖွဲ့ကြီးရဲ့ အဆိုအရ အဲဒီအခြေအနေမျိုးမှာ သွားဖုံးပိုးဝင်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။

 

ဆေးလိပ်မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေဟာ သွားဖုံးရောဂါဖြစ်လာနိုင်ခြေ နှစ်ဆရှိတယ်လို့ ဆိုပါတယ်။ သွားဖုံးရောဂါဖြစ်ပွားနေချိန်မှာ ဆေးလိပ်ကို မဖြတ်ရင် ကုသရခက်ခဲသွားတတ်ပါတယ်။

 

သွားများကို ပြန်လည်ဖြူဝင်းစေဖို့

သင့်သွားပေါ်က နီကိုတင်းအစွန်းအထင်းတွေကို ဖယ်ရှားဖို့ အောက်ပါအခြေအနေတွေပေါ် မူတည်နေပါတယ်။

 

– အစွန်းအထင်းရဲ့ ပမာဏ

– ဘယ်လောက်သုံးစွဲချင်သလဲ

– သွားကုသမှုအတွက် အချိန်ဘယ်လောက်ပေးလေ့ရှိသလဲ

အစွန်းအထင်းပမာဏ ဆိုးရွားနေရင်တော့ ကျွမ်းကျင်သူတွေဆီကနေ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အချိန်လည်း ပိုပေးရသလို ငွေကုန်ကြေးကျလည်း ရှိလာနိုင်ပါတယ်။ သိပ်ပြီး မဆိုးရွားရင်တော့ အိမ်တွင်းကုထုံးတွေနဲ့ အဆင်ပြေပါတယ်။

 

ကျွမ်းကျင်သူများထံ ကုသမှုခံယူခြင်း

သွားတွေမှာ စွန်းထင်းမှုအခြေအနေဆိုးနေရင်၊ အိမ်တွင်းကုထုံးတွေနဲ့ အဆင်မပြေဖူးလို့ ယူဆခဲ့ရင် သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အစွန်းအထင်းများ ချေချွတ်ခြင်းအတွက် သွားဆေးခန်းသွားခြင်းက အထိရောက်ဆုံးလို့ ဆိုကြပါတယ်။ ကြိုတင် ချိန်းဆိုပြီး သွားရောက်ပြသခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

 

နယူးယောက်က အလှအပနဲ့ ခံတွင်းကျန်းမာရေး အတိုင်ပင်ခံ သွားဆရာဝန်တဦးဖြစ်သူ ဒေါက်တာလာနာရိုဇင်ဘတ်က ဆေးလိပ်သောက်တဲ့ နှစ်တွေ ပိုကြာလာတာနဲ့အမျှ သွားတွေမှာရှိတဲ့ အစွန်းအထင်းတွေဟာ ပိုမိုစွဲမြဲလာပြီး သွားတိုက်ဆေး၊ သွားကြားထိုးပိုးကြိုး စတာတွေနဲ့ ဖြူလာအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ အစွန်းအထင်းတွေကို ပျောက်သွားဖို့ အချိန်မပေးချင်ရင် ဆေးလိပ်သောက်တာကို လျှော့ချဖို့၊ ဖြတ်တောက်ဖို့ ကြိုးစားသင့်ပါတယ် လို့ ဆိုပါတယ်။

သွားပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့ Zoom လိုမျိုး နည်းစနစ်ကို အသုံးပြုကြပါတယ်။ ဒီနည်းစနစ်မှာ ပထမဦးစွာ သွားဖြူစေတဲ့ ဂျဲလ်ကိုသုတ်လိမ်းပါတယ်။ ပြီးရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အရည်နဲ့ ဆေးကြောပါတယ်။ အလင်းရောင်ပေးတဲ့အဆင့်လည်း ပါဝင်ပါတယ်။ ဒီနည်းစနစ်ကို ကျွမ်းကျင်တဲ့သူတွေကပဲ ပြုလုပ်ပေးနိုင်ပြီး ၄၅ မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်။ ငွေကုန်ကြေးကျတော့ ရှိပါတယ်။

 

မိမိဖာသာ ဘာတွေလုပ်နိုင်သလဲ…….

10% carbamide peroxide ကို သွားတွေမှာ သုတ်လမ်းပြီး မိမိသွားတွေနဲ့ သင့်တော်မယ့် အစွပ်ကို ညဖက်မှာ စွပ်ထားနိုင်ပါတယ်။ ဒီနည်းစနစ်ကို အသုံးမပြုခင်မှာ သေချာလေ့လာဖို့၊ အညွှန်းစာတွေကို ဖတ်ရှုဖို့တော့ လိုပါတယ်။

 

မုန့်ဖုတ်ဆိုဒါကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်အနည်းငယ်ရောပြီး သွားတိုက်ပေးခြင်းဟာလည်း နီကိုတင်းအစွန်းအထင်းတွေကို ကင်းစင်စေတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါပေါ်ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်ချရာမှာ သွားတိုက်ဆေးနဲ့ ပုံစံတူသွားတဲ့အထိ ပြုလုပ်ပေးရပါမယ်။ ပြီးရင် သွားများပေါ်တင်ပြီး ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ကြမ်းတမ်းစွာပွတ်တိုက်ရင် ကြွေလွှာတွေ ပျက်စီးတတ်တာကို သတိပြုရပါမယ်။

 

ပုံမှန်သွားတိုက်ခြင်းကိုလည်း ဆေးလိပ်သောက်ပြီးချိန်မှာ လုပ်ဆောင်နိုင်ပါတယ်။ ဆေးလိပ်သောက်ပြီးပြီးချင်း သွားတိုက်ပေးခြင်းဟာ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေ ကြွေလွှာထဲ ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အာလုတ်ကျင်းတဲ့ ဆေးရည်ကို သွားလေရာဆောင်သွားနိုင်ပြီး ဆေးလိပ်သောက်ပြီးချိန်တွေမှာ ခံတွင်းသန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။

 

ကောင်းတာကတော့ သင်ဟာ ဆေးလိပ်ကိုမဖြတ်နိုင်သေးရင် သွားဆေးခန်းကို ခြောက်လတခါခန့် သွားရောက်ပြသပြီး နီကိုတင်း အစွန်းအထင်းများ၊ သွားကျောက်များရဲ့ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို ကုသမှု ပြုလုပ်ပေးပါ။ ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးပါ။

 

ရေးသားသူ -Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”