သန်လျင်အ-ထ-က(၁) ဘက်စုံခန်းမဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာန သို့လွှဲပြောင်းပေးအပ်

ရန်ကုန်    ၇    ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိကြသော မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန်လျင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစု ရတနာရှင်းသန့်အများပိုင် ကုမ္ပဏီလီမိတက်က ဆောက်လုပ်လှူဒါန်းသော "ရတနာရှင်းသန့် ဘက်စုံခန်းမ" ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီ တွင် အဆိုပါ ခန်းမဆောင်သစ်၌ ကျင်းပသည်။

 

ရှေးဦးစွာရတနာရှင်းသန့် ခန်းမဆောင်သစ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံဘဏ္ဍာ) ဒေါ်မြင့်မြင့်သန်း၊ သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုထွန်း၊ မြို့မိမြို့ဖ ဦးတင်ဝင်းနှင့် အလှူရှင်ဦးစိန်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် မိဘဆရာအသင်းကျောင်း အကျိုးတော်ဆောင် အဖွဲ့နာယက ဦးတင်ဝင်းက ခန်းမဆောင်သစ် တည်ဆောက်ရခြင်းနှင့် အာစရိယပူဇော်ပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး ကျောင်းနှင့်စာကြည့်တိုက် အတွက် အလှူငွေကျပ် (၁၅)သိန်းကိုကျောင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမောင်မောင်တိုးထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အလှူရှင်ဦးစိန်လွင်က မြို့နယ်ပညာရေးမှူး ဦးသက်စိန်ထံ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် သန်လျင်အထက(၁)မှ သက်ပြည့်အငြိမ်းစားဆရာ၊ ဆရာမကြီး (၁၅၃)ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန့်တော်ကျိုးဖြင့် ပူဇော်ကန်တော့ပြီး ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ယနေ့ဖွင့်လှစ်ခဲ့သော ရတနာရှင်းသန့်ဘက်စုံ ခန်းမဆောင်သစ်မှာ အလျားပေ (၁၂၀)၊ အနံပေ(၆၀)ရှိပြီး အလှူရှင်မိသားစုက ငွေကျပ်သိန်း(၂)ထောင်ကျော် အကုန်ကျခံ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)