သန်လျင်လူငယ်သင်တန်းကျောင်း(ရန်ကုန်)အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၆

  

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး‌၊ ဒေါက်တာ သန်းမြင့်နှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သန်လျင်လူငယ်သင်တန်းကျောင်းအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော သင်တန်းသားများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှုနှင့် သန့်ရှင်းသောသောက်သုံး ရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ အသက်မွေးဝမ်း‌‌ကျောင်းပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံ လူ့အခွင့် အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

 

 ကော်မရှင်အဖွဲ့၏ သန်လျင်လူငယ် သင်တန်းကျောင်း ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)