သန်လျင်မြို့နယ်၌ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးလှုပ်ရှားမှုပြုလုပ် အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသူ ၁၀ဝ၀ ကျော်ပါဝင်ဆင်နွှဲ

ရန်ကုန် ၁၁ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သန်လျင်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး Exercise is Medicine လှုပ်ရှားမှုကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့ သီဟဒီပ အားကစားကွင်း၌ ပြုလုပ်သည်။

 

“ကျွန်တော်တို့ ခေတ်နှင့်အညီ တိုးတက်လာတာနှင့်အမျှ ကျန်းမာရေး လိုက်စားမှုနည်းပါးလာပြီး ကွန်ပျူတာ၊ ဂိမ်းတွေ၊ အလုပ် ဖိစီးမှုတွေ့နဲ့ နေ့မအား၊ ညမအား လုပ်နေတာမြင်ရတော့ ပြည်သူတွေ့ရဲ့ ကျန်းမာရေး ထိခိုက်လာတဲ့အပြင် ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်လာနေပါတယ်။ ဒီရောဂါတွေဖြစ်ပြီဆိုရင် ဝေဒနာရှင်တွေကိုယ်တိုင်လည်း ခံစားရမယ်၊ ဆေးကုသမှုကုန်ကျစရိတ်တွေ များမယ်၊ ဒါ့အပြင် အလုပ်အကိုင်ပါ ပျက်ပြီး ကျန်တဲ့ လူမှုရေးကိစ္စတွေပါ ထိပါးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ကလည်း ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အလွန်များပြားနေပြီး ဒါတွေကို လျော့ပါးစေနိုင်ရေး အတွက် တစ်ဖက်ကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေဦးစီးပြီး ပြည်သူလူထုအပါအဝင် ကျောင်းသား/ ကျောင်းသူတွေပါဝင်လှုပ်ရှားလာစေဖို့ Exercise is Medicine ကို ဦးဆောင် လှုပ်ရှားနေတဲ့အပြင် နိုင်ငံတော်ကချမှတ်ထားတဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ပြောသည်။               

 

အဆိုပါလှုပ်ရှားမှုတွင်သန်လျင်မြို့နယ် အထက်တန်းကျောင်း (၄) ကျောင်းတို့မှ ကျောင်းသူ ၁၀ဝ၀ ကျော်တို့က အားကစားနှင့် ဦးစီးဌာနမှ ဦးစီးအရာရှိ ခိုင်ဇာဝေ အကအဖွဲ့နှင့်အတူ ကိုယ်လက်လှုပ်ရှား အားကစား စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။

 

အာကာစိုး