သန်လျင်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၂၀ ဒဏ်ရာရ

ရန်ကုန် ၃၁  သြဂုတ် 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ခြောက်လမ်းသွားလမ်းမကြီး၌ သြဂုတ် ၃၀ ရက် ညနေ ၅ နာရီအချိန်ခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ သန်လျင်မြို့ ခြောက်လမ်းသွားလမ်းမကြီးအတိုင်း မြောက်မှတောင် (အမှတ် (၂) ဒဂုံတံတားဘက်မှ ငါးပြေမကျေးရွာဘက်) သို့ ယာဉ်မောင်း ကိုရှိုင်းကိုကို အသက် (၂၂)နှစ်၊ ပုဂံတောင်ကျေးရွာ၊ သန်လျင်မြို့နယ်နေသူ မောင်းနှင်လာသော အဖြူရောင်ယာဉ်သည် သန်လျင်မြို့နယ် ကုလားဝဲကျေးရွာအလွန်၊ ငါးပြေမကျေးရွာအနီး၊ မိုင်တိုင် ၁၆/ဝ အရောက်တွင် အရှိန်လွန်ပြီး ဘယ်ဘက်လမ်းစပ်ရောက်ရှိကာ တိမ်းမှောက်သွားခဲ့သည်။


အရှန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်မှာအရှေ့လေကာမှန်ကွဲ၊ ဘယ်ဘက်ဦးခေါင်းပိန်ချိုင့်၊ အမိုးပျက်စီးကာ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၂၀ ဦးဒဏ်ရာရရှိသဖြင့် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်း/အပြင် လူနာများအဖြစ် ဆေးကုသလျက်ရှိကြောင်း သိရသည်။


အဆိုပါ ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ရာမှ အရှိန်လွန်ကာတိမ်းမှောက်ပြီး ယာဉ်ပျက်စီး၊ လူများဒဏ်ရာရရှိစေသူ ယာဉ်မောင်းအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)