သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ အခန်းကဏ္ဍ

မောင်စိန်ဝင်း(ညောင်ခါးရှည်)

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ထိုနိုင်ငံရှိ လူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့််တင်၍ ယင်းစီးပွားရေးမောင်းနှင်အားကို အခြေခံလျက် ပြည်ပသွင်းကုန်များ အစားထိုးနိုင်သည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ကျွဲကူးရေပါဆိုသကဲ့သို့ အားပေးမြှင့်တင်ရန် လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်လေလေ ဖွံ့ဖြိုးမှုမြန်လေလေ ဖြစ်ပေမည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဟူသည့် အဓိက အခန်းကဏ္ဍသုံးရပ်ရှိပြီး ထိုကဏ္ဍသုံးရပ်တွင် ထုတ်လုပ်မှုကဏ္ဍမှ မဟာဗျူဟာမြောက်စီးပွားရေး အခြေပြု ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် သံနှင့် သံမဏိထုတ်လုပ်မှုကဏ္ဍသည် အလွန်အရေးပါကြောင်း တွေ့ရသည်။

သံမဏိ ၁၀၀ ကီလိုဂရမ်အထက် သုံးစွဲ

ကမ္ဘာပေါ်၌ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လူတစ်ဦးချင်းစီ၏ သံ၊ သံမဏိသုံးစွဲမှုပမာဏပေါ်မူတည်၍ တိုင်းတာဖော်ပြကြသည်။ နိုင်ငံတကာ သံမဏိသုံးစွဲမှု စံနှုန်းများအရ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၌ လူတစ်ဦးလျှင် တစ်နှစ်အတွက် အနည်း ဆုံး သံမဏိ ၁၀၀ ကီလိုဂရမ်အထက် သုံးစွဲနေကြောင်း သိရသည်။အဆိုပါနှုန်းထားအတိုင်းဆိုပါက မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာချိန်တွင် လူဦးရေ ၅၁ ဒသမ ၄ သန်းအတွက် တစ်နှစ်လျှင် သံမဏိတန်ချိန် ၅ ဒသမ ၁၄ သန်း လိုအပ်လာမည်ဖြစ်သည်။ ကမ္ဘာ့သံ၊ သံမဏိသုံးစွဲမှုကို လေ့လာပါက ဆောက်လုပ်ရေးလုပ်ငန်းများသည် သံမဏိထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းသုံးစွဲပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများက ၁၆ ရာခိုင် နှုန်း၊ စက်ပစ္စည်းကဏ္ဍက ၁၄ ရာခိုင်နှုန်း၊ သတ္တု ထုတ်ကုန်များက ၁၄ ရာခိုင်နှုန်း၊ မီးဖိုချောင်သုံးပစ္စည်း၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများက ၆ ရာခိုင်နှုန်း အသုံးပြုလျက်ရှိကြောင်း တွေ့ရသည်။

သံမဏိသည် လူသားတို့ဘဝရှင်သန်တိုးတက် ရေးအတွက် အခြေခံအကျဆုံးပစ္စည်းအဖြစ် ရပ်တည်လျက်ရှိသည်။ သံမဏိသည် ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်သည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းဖြစ်ခြင်း၊ အခြားမည်သည့်သတ္တုနှင့်မျှ မတူညီသည့် ထူးခြားဆန်းပြားသော အရည် အသွေးနှင့်ပြည့်စုံခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်တွင် လိုအပ်ချက် မြင့်မားလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သံမဏိတန်ချိန် သုံးသန်းခန့် အသုံးပြုနေပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသံမဏိစက်ရုံများ၏ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်ပါက တစ်နှစ်လျှင် သံမဏိတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ လိုအပ်သည့် သံမဏိတန်ချိန် နှစ်သန်းခန့်ကို ပြည်ပမှတင်သွင်းနေရသဖြင့် အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော်ခန့် ကုန်ကျနေသည်။ တရုတ်နိုင်ငံမှ အဓိကတင်သွင်းပြီး ဂျပန်၊ ယူအေအီးနှင့် အာဆီယံနိုင်ငံအချို့မှလည်း တင်သွင်းသည်။ 

ထုတ်လုပ်နိုင်ခြင်းသည် အဓိက

စက်မှုဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံအများစုကို လေ့လာပါက သံမဏိကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခြင်းသည် အဓိကဖြစ်ကြောင်း တွေ့ရသည်။ အာရှတွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ စက်မှု ထွန်းကားရသည့် အကြောင်းရင်းမှာ သံကိုစီးပွားဖြစ် ထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ ကိုရီးယားနှင့် တရုတ်တို့တွင် သံရိုင်း (Iron ore) မထွက်ရှိသော်လည်း ဩစတြေးလျကဝယ်ယူ၍ သံမဏိများ ထုတ်လုပ်သည်။ 

သဘာဝသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် သံသတ္တုသိုက် (Iron ore Deposit) များရှိပြီးဖြစ်သည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် တစ်ခုနှင့် တောင်ကြီးအနီး ပင်းပက်တွင် တစ်ခုဖြစ်သည်။ ပင်းပက်ရှိ သံသတ္တုရိုင်းသိုက်ကို ၁၉၅၄ ခုနှစ်ကတည်းကပင် ဂျာမန်ကုမ္ပဏီတစ်ခုနှင့် ပဏာမစမ်းသပ်ခဲ့ရာ ကြီးမားသောသတ္တုသိုက်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သံတန်ချိန် စုစုပေါင်း သန်း ၇၀ ခန့်ရှိသည့် သတ္တုသိုက်ဖြစ်ပြီး တစ်နှစ် သံစိမ်းတန်ချိန် နှစ်သိန်းထုတ်လုပ်ပါက နှစ်ပေါင်း ၁၁၀ ခန့် အသုံးပြုနိုင်သည့် ပမာဏဖြစ်သော်လည်း သံပါဝင်မှု (Iron Content) မှာ ယင်းကာလ သံထုတ်လုပ်သည့်နည်းစဉ်များနှင့် အသုံးပြုရန် အခက်အခဲရှိခဲ့သည်။ 

သတ္တုရိုင်းအမျိုးအစား နှစ်မျိုးတွေ့ရှိ

ပင်းပက်ဒေသ သံသတ္တုရိုင်းသိုက်တွင် သတ္တုရိုင်း အမျိုးအစားနှစ်မျိုးတွေ့ရှိရပြီး ဟီမင်တိုက် (Hematite) ဟုခေါ်သည့် သံရိုင်းတွင် သံပါဝင်မှု ၅၆ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ပြီး လီမွန်နိုက် (Lemonite) သံရိုင်းတွင် သံပါဝင်မှု ၄၂ ဒသမ ၆ ရာခိုင်နှုန်းပါဝင်သည်။ သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်သည့်နည်းစဉ် (Iron making Process) များဖြစ်သည့် Blast Furnce (BF) Process, COREX/FINEX Process၊ Romelt Process ဟူ၍ရှိရာ မြန်မာနိုင်ငံအနေဖြင့် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ MISA တက္ကသိုလ်မှ ပါမောက္ခ VA.Romelt တီထွင်ထားသည့် ရိုမဲ့နည်းစဉ် (Romelt Process) ကို အသုံးပြု၍ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သံနှင့်သံမဏိ ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှ သဘောတူညီချက်အရ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ဆောင်ရွက်ဆဲ စက်ရုံစီမံကိန်း များဖြစ်သည့် သံမဏိစက်ရုံ (မြင်းခြံ)နှင့် သံမဏိ စက်ရုံ (ပင်းပက်)တို့ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ 

စီမံကိန်းများ၏ မူလလျာထားချက်များ 

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သံနှင့်သံမဏိ ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်နိုင်ရန် စက်မှုဝန်ကြီး ဌာနသည် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းနှင့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် Steel Rolling Mill နှင့် Steel Plate Mill တို့အတွက် အဓိက ကုန်ကြမ်းပစ္စည်းများဖြစ်သည့် Steel Billets (သံမဏိလေးထောင့်တုံးများ) နှင့် Steel Slabs (သံမဏိအထူပြားများ)ကို တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းထုတ်လုပ်ပေးရန် ပထမအဆင့်စီမံကိန်း (Phase I)ကို လည်းကောင်း၊ ဒုတိယအဆင့် စီမံကိန်း (Phase II) အနေဖြင့် တိုက်ရိုက်ဓာတ်လျော့သံ (ခေါ်) သံပွ(Sponge Iron) ထုတ်လုပ်ခြင်း (သဘာဝ သံသတ္တုရိုင်းမှ သံအောက်ဆိုဒ်များကို ဓာတ်လျော့ နည်းကိုအသုံးပြု၍ သံပွအဖြစ် ပြောင်းလဲထုတ်လုပ် ခြင်း)နှင့် Steel Slabs ၊ Hot Rolled Coil၊ Hot Rolled Sheet၊ Cold Rolled Coil များ ထုတ်လုပ်နိုင်ရန်အတွက် လည်းကောင်း၊ ဒုတိယအဆင့်စီမံ ကိန်း၏အဆက် (Phase II A) တွင် Value Added ထုတ်ကုန်များဖြစ်သည့် Galvanized & AL-Zinc Coated Coil၊ Colour Coated Coil၊ Slit Coil၊ Profile & Formed Section Sheet များ ထုတ်လုပ် ရန်အတွက်လည်းကောင်း၊ တတိယအဆင့်စီမံကိန်း (Phase III) တွင် Steel Section and Round၊ Steel Rail၊ Big diameter welded Pipe နှင့် Medium diameter welded Pipe များ ထုတ်လုပ် ရန်အတွက်လည်းကောင်း အီတလီနိုင်ငံမှ Danieli ကုမ္ပဏီအပါအဝင် သက်ဆိုင်ရာကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုခဲ့သည်။

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းအနေ ဖြင့် Steel Billets နှင့် Steel Slabs ကို တစ်နှစ်လျှင် တန်ချိန်နှစ်သိန်း ထုတ်လုပ်ပေးမည့် သံရည်ကျို အလုပ်ရုံ (Melt Shop-1)နှင့် ဆက်စပ်အလုပ်ရုံများ တည်ဆောက်ရန် ပထမအဆင့်စီမံကိန်းကို ၂၀-၁၁-၂၀၀၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ စတင်တည်ဆောက်ခဲ့သည်။ စီမံကိန်းပထမအဆင့်ကို ဆောင်ရွက်ပြီးနောက် Steel Billets နှင့် Slabs များ တစ်ပြိုင်နက် ထုတ်လုပ်မည့် သံရည်ကျိုအလုပ်ရုံ (Melt Shop-2 )နှင့် Direct Reduction Plant,Hot Strip Mill နှင့် Cold Mill Complex တို့ပါဝင်သည့် ဒုတိယအဆင့်စီမံကိန်းကို ၁၄-၇-၂၀၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ဆက်လက်ဆောင်ရွက်ခဲ့သည်။ (Melt Shop - 2 မှ ၂၀၁၆ ခုနှစ်တွင် သံမဏိအထူပြား တန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့သည်)။ 

Galvanized & AL-Zinc Coated Coil၊ Colour Coated Coil၊ Silt Coil နှင့် Profile & Formed Section Steel Sheet များ ထုတ်လုပ်မည့် ဒုတိယ အဆင့်စီမံကိန်း၏အဆက်ဖြစ်သော Phase II A ကို ၁၄-၆-၂၀၁၁ ရက်တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို၍ ဆက်လက်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းပြီးစီးပါက အရွယ်စုံ၊ အရောင်စုံ၊ ဆိုက်စုံဈေးကွက်ဝင် သံပြားနှင့် အမိုးပြားများ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဆက်လက်၍ Steel Section and Round၊ Steel Rail၊ Big diameter welded Pipe နှင့် Medium diameter welded Pipe များ ထုတ်လုပ်မည့် တတိယအဆင့်စီမံကိန်း (Phase III) ကို ၃-၈-၂၀၁၂ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အပိုင်းလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းမှာ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ အဓိကကုန်ကြမ်း ဖြစ်သည့် (Pig Iron) သံစိမ်းများ ထုတ်လုပ်ပေးနိုင် ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ JSC Tyazh-promexport (TPE)Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက် သည့် စီမံကိန်းဖြစ်သည်။ စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် (Pig Iron) သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်သွားမည်ဖြစ်သည်။ 

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၏ ၉၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီး စီမံကိန်း ပြီးစီးမှုအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အနေဖြင့် စီမံ ကိန်းလုပ်ငန်းများပြီးစီးမှု ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အရှိန်အဟုန်ဖြင့် တည်ဆောက်နေဆဲကာလတွင် ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားခဲ့သဖြင့် အဆိုပါစီမံကိန်းနှစ်ခုအား ၃၁-၃-၂၀၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ရသည်။ ဆောင်ရွက်ဆဲစီမံကိန်းများ ရပ်ဆိုင်းလိုက်ရသဖြင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာခဲ့ရသည်။ အချို့သောစက်ပစ္စည်းများမှာ အချိန်ကြာမြင့်စွာ ရပ်ဆိုင်ထားသည့်အတွက် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ချို့ယွင်းပျက်စီးခြင်း၊ ယခင်ထည့်သွင်းခဲ့သည့် ကွန်ပျုတာဆော့ဝဲလ်များ ပျောက်ဆုံးပျက်စီးခြင်း၊ နည်းပညာ၊ အချိန်၊ ငွေကြေး နှင့် လုပ်အားများဆုံးရှုံးခြင်းတို့ကြောင့် ရပ်ဆိုင်း ကာလ ခြောက်နှစ်ခန့် (၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် မတ်လအထိ) အတွင်း ထုတ်လုပ်မှုလုပ်ငန်း များမှရရှိလာမည့် အကျိုးအမြတ်များ အလဟဿ ဖြစ်သွားခြင်းတို့မှာ အစားထိုးမရသော ဆုံးရှုံးမှုများ ဖြစ်သည်။    

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး ရပ်နားထားရသည့် စက်ရုံ၊  အလုပ်ရုံများထဲမှ ပုဂ္ဂလိကပိုင် ပြုလုပ် နိုင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်အောင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်နှင့် နည်းလမ်းရှာဖွေ၍ ဝင်ငွေရအောင် ဆောင်ရွက်ရန်၊ ပြည်တွင်းရှိ သံမဏိစက်ရုံနှင့် သံစက်ရုံများမှာ အကြောင်းအမျိုးမျိုးကြောင့် စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းကြောင့် ပြည်ပမှ သံမဏိအများအပြား တင်သွင်းနေရသဖြင့် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုမရှိစေရန် အမှတ် (၁)သံမဏိ စက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) တို့အား ပြန်လည်လည်ပတ်နိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက်များအရ ရပ်ဆိုင်းထားခဲ့ရသည့် စီမံကိန်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက် နေ့တွင် ပြန်လည်စတင်နိုင်ရေးဆောင်ရွက်ခဲ့ရာ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မတ်လအတွင်း သံရည်ကျိုလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုလုပ်ငန်းများ စတင်နိုင်ရေးလျာထား စီမံဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိ စစ်ဆေးစဉ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သံမဏိစက်ရုံစီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သံနှင့်သံမဏိပစ္စည်းများ ပြည်ပမှတင်သွင်းမှုနှင့် နှစ်အလိုက် သံနှင့်သံမဏိ ပစ္စည်းများ သုံးစွဲမှုလိုအပ်ချက်၊ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်ဝန်ကြီး ချုပ်က “သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် မိမိတို့ နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ကြောင်း၊


နိုင်ငံတော်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိ ပစ္စည်းများမှာ များစွာလိုအပ်နေသဖြင့် နိုင်ငံတော် အစိုးရအနေဖြင့်သာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင် များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းနှင့်အညီ ခွင့်ပြု၍ ပြည်တွင်းသံမဏိထုတ်လုပ်သည့် လုပ်ငန်းကို အားပေးမြှင့်တင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီးဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဒေသစက်မှု လုပ်ငန်းများဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ် သံနှင့်သံမဏိပစ္စည်း အမေရိကန်ဒေါ်လာ ၉၉၅ သန်းခန့် တင်သွင်း ခဲ့ရသဖြင့် ပြည်တွင်းသံမဏိထုတ်လုပ်ခြင်း လုပ်ငန်းကိုမြှင့်တင်၍ ပြည်ပမှတင်သွင်းမှုကို လျှော့ချသွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သံမဏိများ လိုအပ်သကဲ့သို့ ဘိလပ်မြေစက်ရုံများလည်း ထပ်မံတိုးချဲ့တည်ဆောက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် မဟာဗျူဟာဖြင့် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေ ရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ပိုမိုတိုးတက်လာရေး အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိက အင်အားစုအဖြစ် အားဖြည့်နိုင်ပါစေကြောင်း” ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းသို့ လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်းသို့ လည်းကောင်း၊ ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသို့ လည်းကောင်း၊ ၂၀၂၃ ခုနှစ် မေ ၃၁ ရက် တွင် အမှတ် (၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ လည်းကောင်း ရောက်ရှိစစ်ဆေးလျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။ 

စက်ရုံများ၏ ချိတ်ဆက်ဆောင်ရွက်မှု

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပင်းပက်ဒေသသည် မြန်မာနိုင်ငံတွင် ကျောက်ရည်ပူ နှင့်ဆက်နွှယ်သော အနည်ကျသံသတ္တုရိုင်းအများဆုံးထွက်ရှိရာ ဒေသတစ်ခုဖြစ်သည်။ သံသတ္တု ရိုင်းမှသံစိမ်း (Pig Iron)များ ထုတ်လုပ်နိုင်ရန် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံအကူအညီဖြင့် တည်ဆောက် ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) Co., Ltd ဖြင့်ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်သည့် ကမ္ဘာပေါ်တွင် အသုံးအများဆုံးနည်းစဉ်များဖြစ်သည့် Blast Furnace(BF) Process၊ COREX/FINEX Process နှင့် Romelt Process ဟူ၍ရှိရာ ပင်းပက်စီမံကိန်း မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နည်းပညာဖြစ်သည့် Romelt Process ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။

ကုန်ကြမ်းအဖြစ်လိုအပ်သည့် ဟီမင်တိုက် သံရိုင်းနှင့် လီမွန်နိုက်သံရိုင်းကို ပင်းပက်ဒေသမှ လည်းကောင်း၊ ထုံးကျောက်ကို စက်ရုံအနီးရှိ နောင်ကာကယ်ထုံးကျောက်တောင်မှ လည်းကောင်း၊ ဒိုလိုမိုက်ကျောက်ကို စက်ရုံမှ ခုနစ်မိုင်ခွဲခန့်အကွာရှိ ထန်ဆာတောင်မှ လည်းကောင်း၊ ကျောက်မီးသွေးကို နမ့်စမ်နှင့်ပင်လုံဒေသများမှ လည်းကောင်း၊ ဆီလီကာသဲကို သာစည်မြို့နယ် ပြည်ညောင်ဒေသမှ လည်းကောင်း ရရှိမည်ဖြစ်သည်။ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)မှ ရရှိသည့် သံစိမ်းကို အမှတ် (၁)သံမဏိစက်ရုံ (မြင်းခြံ)တွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ စက်ရုံမှ တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်းနှင့် ချော်လုံး (Granulated Slag)တန်ချိန် ၂ ဒသမ ၈ သိန်းကို ထုတ်လုပ်နိုင်မည် ဟု သိရသည်။

သံနှင့်သံမဏိထုတ်လုပ်မှု လုပ်ငန်းများသည် နည်းပညာနှင့် အရင်းအနှီးကြီးမားခြင်း၊ ကျွမ်းကျင် လုပ်သားလိုအပ်ခြင်း၊ ဈေးကွက်ဝေစုရရန်ခက်ခဲခြင်း၊ လုပ်ငန်းခွင်အန္တရာယ်နှင့် နီးကပ်ခြင်း စသည့်အချက်များကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရန်ခက်ခဲပြီး နိုင်ငံတော်က ပံ့ပိုးကူညီမှု များစွာ လိုအပ်သောလုပ်ငန်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံပိုင်အနေဖြင့်  ကာကွယ်ရေးဝန်ကြီးဌာန  တစ်ရုံ၊ စက်မှုဝန်ကြီးဌာန နှစ်ရုံနှင့် မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း(MEC)လက်အောက်တွင် သုံးရုံရှိပြီး ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်သံရည်ကျိုလုပ်ငန်း ၃၆၂ ခုရှိကြောင်း သိရသည်။ 

နိုင်ငံတော်၏ သံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါး ကျေးရွာအနီး မြေ ၇၉၅ ဧကတွင် လည်းကောင်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ မြေ ၅၁၄၀ ဒသမ ၈၄ ဧကတွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ 

စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သည့် ထုတ်ကုန်များကို အုပ်စုခွဲပါက သံနှင့်သံမဏိထုတ်လုပ်မှု ဆိုင်ရာအုပ်စု၊ ဘိလပ်မြေနှင့် ကြွေထည်မြေထည် ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုဆိုင်ရာအုပ်စုနှင့် ဆေးဝါးနှင့်လူသုံးကုန် ထုတ်လုပ်မှုဆိုင်ရာအုပ်စုဟူ၍ အဓိက အုပ်စုကြီးလေးခုရှိသည်။ သံနှင့်သံမဏိ ထုတ်လုပ်မှုဆိုင်ရာ အုပ်စုအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်နေပြီး အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းမှာမူ ထုတ်လုပ်မှုလုပ်ငန်းများစတင်ရန် ဆောင်ရွက်ဆဲဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းရှိ သံရည် ကျိုအလုပ်ရုံ Melt Shop-1 အတွင်း လျှပ်စစ်သံရည် ကျိုဌာန၌ သံရည်ကျိုလုပ်ငန်းဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်ကျိုပုံလောင်းဌာနမှ ကိုးမီတာ အရှည်ရှိ သံမဏိလေးထောင့်တုံး( Steel Billets) များထုတ်လုပ်နေမှုကို အသေးစိတ်ကြည့်ရှုစစ်ဆေး ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက် တွင် ပြန်လည်စတင်ထုတ်လုပ်ခဲ့သည့် သံမဏိ လေးထောင့်တုံးအပေါ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်းနှင့် စက်ရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များအား သစ်သီးခြင်း လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ပံ့ပိုးမှု၊ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်းသည် ပြန်လည်စတင်လည်ပတ်နိုင်ခဲ့ပြီး မကြာမီသောကာလတွင် ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ စီမံကိန်းများအပိုင်းလိုက် ဆောင်ရွက်ပြီးပါက သံချောင်းလုံးများ၊ Hot Roll Coil ,Cold Roll Coil၊ Channel & Beam အမျိုးမျိုး၊ မီးရထားသံလမ်းများ နှင့် ဖိအားမြင့်ပိုက်များ စသည့်သံမဏိထုတ်ကုန် အမျိုးမျိုးထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ အမှတ် (၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းမှာလည်း မကြာမီသောကာလအတွင်း ထုတ်လုပ်မှုလုပ်ငန်းများ စတင်ထုတ်လုပ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် သံမဏိလုပ်ငန်း များနှင့်ယှဉ်၍ သုံးသပ်နိုင်သော သမိုင်းကြောင်း တစ်ခုရှိခဲ့သည်ကို ဖော်ပြလိုသည်။ တစ်ချိန်သော အခါကစက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် ဘိလပ်မြေသည် အရည်အသွေးကောင်းမွန်မှုကြောင့် တည်ဆောက် ရေးလုပ်ငန်းနယ်ပယ်တွင် မျက်နှာပန်းလှခဲ့သည်။ စက်ရုံထုတ်ဈေးနှင့် ပြင်ပဈေးကွက်ပေါက်ဈေးမှာ ကွာခြားသဖြင့် ကုန်သည်ပွဲစားများ စီးပွားဖြစ်ခဲ့ကြပြီး ထုတ်သမျှကုန်သည့် ထုတ်ကုန်ဖြစ်ခဲ့သည်။ 

ပုဂ္ဂလိကပိုင်စက်ရုံများတည်ထောင်

နိုင်ငံတော်က ဈေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးလာချိန်တွင် အချို့စက်ရုံ အလုပ်ရုံများကို နိုင်ငံပိုင်ကဏ္ဍမှ ပုဂ္ဂလိကပိုင်ကဏ္ဍသို့ ပြုပြင်ပြောင်းလဲခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းမှာလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာရာ ပြည်တွင်းထုတ်ဘိလပ်မြေနှင့် မလုံလောက်၍ ပြည်ပမှတင်သွင်းရသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ ထိုသို့သောအခြေအနေတွင် ဘိလပ်မြေ စက်ရုံများကို ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကပိုင်စက်ရုံများတည်ထောင်ပြီး ထုတ်လုပ် ခွင့်ပြုခဲ့သဖြင့် ပြည်ပတင်သွင်းမှုလျော့ကျခဲ့သည့်အပြင် သွင်းကုန်အတွက်ပေးချေရသည့် နိုင်ငံခြားငွေ များစွာသက်သာစေခဲ့သည်။ ထိုစက်ရုံများ၏ အကျိုးကျေးဇူးကြောင့် လမ်းတံတားပေါင်းများစွာအပြင် နေပြည်တော်ကဲ့သို့ မြို့သစ်ကြီးများ၊ အမြန်လမ်းမကြီးများ ပေါ်ထွန်းလာခဲ့သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးမူဝါဒများပါ တစ်ပြိုင်တည်း လိုက်ပါဆောင်ရွက်နိုင်ပါမှ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးက တခြား၊ စီးပွားရေးကတစ်လမ်း သွားနေ၍မရပါ။ စီးပွားရေးကို နိုင်ငံရေးအသုံးချခံအဖြစ်ဆောင်ရွက်ပါက စီးပွားရေးမှာ သေသွားနိုင်သည်။ စာရေးသူ၏ တစ်ဦး တစ်ယောက်တည်းအမြင်အရ စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများအနက် သံမဏိစက်ရုံများ ရပ်နားလိုက်ရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများသည် အကြီး မားဆုံးဖြစ်သည်။ စက်ရုံများကို ၂၀၁၇ ခုနှစ်  မတ်လတွင် ရပ်ဆိုင်းခဲ့သဖြင့် ၂၀၂၃ ခုနှစ် မတ်လအထိ ရပ်ဆိုင်းကာလ ခြောက်နှစ်ခန့်ကြာမြင့်ခဲ့သည်။ ထိုကာလအတွင်း  ကုန်ထုတ်လုပ်ငန်းဆောင်ရွက်မှုမရှိခဲ့ပါ။

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ပြန်လည်စတင်နိုင်ခဲ့

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်မှစတင်၍ ထုတ်လုပ် မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး မေလအထိ ထုတ်လုပ်မှုမှာ Steel Billet တန်ချိန် ၅၂၀ ဒသမ ၅၂ ဖြစ်သည့်အတွက် တန်ဖိုးအနေဖြင့် ၈၄၀ ဒသမ ၅၂ သန်းရှိသည်။ ပြန်လည်စတင်လည်ပတ်ထုတ်လုပ် ရသည့်အတွက်  စက်စွမ်းအားပြည့်မထုတ်လုပ် နိုင်သည့်အခြေအနေတွင်ပင် ရရှိနိုင်သည့် ဝင်ငွေသည် များပြားလှသည့်အတွက် ခြောက်နှစ်ကြာ ရပ်တန့်ထားသည့်အချိန်တွင် ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ပါက ရရှိလာမည့်ဝင်ငွေနှင့် အကျိုးအမြတ်မှာ ကျပ်ဘီလီယံချီရှိမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ‘‘မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ပိုမိုတိုးတက်လာစေရေး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)က အဓိကအင်အားစုအဖြစ် အားဖြည့်နိုင် ပါစေကြောင်း” ဆုမွန်ကောင်းတောင်းခဲ့သည်။ နိုင်ငံတော်၏စေတနာ၊ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကြောင့် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းရှိ သံရည်ကျိုအလုပ်ရုံ Melt Shop-1 လျှပ်စစ်သံရည်ကျိုဌာနရှိ သံရည်ကျို ပုံလောင်းဌာနမှ ကိုးမီတာအရှည်ရှိ သံမဏိလေးထောင့်တုံးများ ထုတ်လုပ်နိုင်ခဲ့မှုကို ကြိုဆိုဂုဏ်ပြုလျက် ဤဆောင်းပါးဖြင့် ကမ္ပည်းတင်အပ်ပါသည်။ ။

ကျမ်းကိုး
- စက်မှုသတင်းလွှာ၊ အတွဲ(၁) အတွဲ(၂)
- ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာ
-  အင်တာနက်သတင်းများ