သည်နယူးယောက်တိုင်းမ် သတင်းစာက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား လာမည့်ရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆို

ဝါရှင်တန်၊ ဇွန် ၃၀

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ စကားရည်လုပွဲပြီးနောက် သည်နယူးယောက် တိုင်းမ်သတင်းစာက  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား ၎င်း၏အားနည်းချက်များကို ထောက်ပြကာ လာမည့်သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ဩဇာကြီးမားသော ထိပ်တန်း သတင်းစာတစ်ခုဖြစ်သည့် သည်နယူးယောက်တိုင်းမ် သတင်းစာသည် အမေရိကန်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရန် သမ္မတဘိုင်ဒင်သည် အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ရေးသားထားသည့် အယ်ဒီတာ့အာဘော်ကို ဇွန် ၂၈ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇွန် ၂၇ ရက်တွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးစဉ်တွင် ဘိုင်ဒင်သည် စက္ကန့်အတော်ကြာ စကားများပျောက်ကွယ်သွားခဲ့ပြီး ဒေါ်နယ်ထရမ့်၏ဝေဖန်မှုကို တန်ပြန်ပြောဆိုရန် မကြာခဏ ရုန်းကန်ခဲ့ရသည်။

ဘိုင်ဒင်၏ အားနည်းသောအရည်အချင်းများကြောင့် ဒီမိုကရက်အချို့က ၎င်းအား သမ္မတလောင်းအဖြစ်  ခန့်အပ်ခြင်းနှင့်ပတ်သက်၍ သံသယရှိကြောင်း ပြောကြားခဲ့သည်။ 

သည်နယူးယောက်တိုင်းမ် သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ထရမ့်၏အန္တရာယ်၊ တိုင်းပြည်အတွက် လောင်းကြေးနှင့် ဘိုင်ဒင်၏ အရည်အချင်းမမီသော စွမ်းရည်များကြောင့် အမေရိကန်နိုင်ငံအတွက် ပိုမို အားကောင်းသော ပြိုင်ဘက်တစ်ဦး ထွက်ပေါ်လာရန် လိုအပ်နေသည် ဟု ရေးသားထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်