သံဖြူဇရပ်မြို့နယ် အနန်းစမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

သံဖြူဇရပ် ဇွန် ၁၃

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ကရင်သောင်ကျေးရွာအုပ်စု၊ အနန်းစမ်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဇွန် ၁၂ ရက်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ဦးစွာ မော်လမြိုင်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားသော ဘေးအန္တရာယ်များ၏ အကျိုးဆက်များကြောင့် လူမှုစီးပွားဘဝ ထိခိုက်လျက်ရှိသည့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများရှိ ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် ကျေးရွာ အခြေခံအဆောက်အအုံများဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေ ခြင်းဖြင့် ကျေးလက်နေပြည်သူများဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်ဝေနှင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းတို့က စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ညွှန်ကြားချက်များအား မိတ်ဆက်ရှင်းလင်းပြီး Cash For Work စီမံကိန်း ကျေးရွာကော်မတီဝင် (၇)ဦးကို အများဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးသည်။

 

အနန်းစမ်းကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် Cash For Work စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့် လယ်ယာသားငါးကဏ္ဍများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်ဝေနှင်းက ပြောပြ၍ သိရသည်။

 

ကိုညို(ကျေးလက်)