သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် လမ်းများကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် စွယ်တော်မင်္ဂလာကန် ယိုစိမ့် မှုအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ရွှေပြည်သာမြို့နယ် ရွှေဘုန်းရှိန်လမ်းရှိ တာမွေ ချောင်းကူးတံတား တည်ဆောက်နေမှု၊ အမှတ်(၅)ရပ်ကွက် ကစားကွင်းဆောင်ရွက်နေမှု၊ အမှတ်(၁၈)ရပ်ကွက် ရှိအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ကတ္တရာကွန်ကရိဖျော်စက်နှင့် ဘိလပ်မြေ ကွန်ကရိဖျော်စက်ရုံ လည်ပတ်ဆောင်ရွက်နေမှု၊ အမှတ်(၃)ရပ်ကွက်၊ အုတ်ဖို ချောင်းတံတား တိုးချဲ့တည်ဆောက်နေမှု၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ အောင်ချမ်းသာ လမ်း လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှု၊ အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ နံ့သာမြိုင်ပန်းခြံ ရှေ့ ကွန်ကရိလမ်းသား တိုးချဲ့ခြင်းနှင့် လူသွားစင်္ကြံလမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့် မြို့တော် ခန်းမမြေညီထပ်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသက်သာ အရောင်းဆိုင်တွင် ဝန်ထမ်းများ ဈေးဝယ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါနေရာများအား ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ စနစ်တကျဖောက်လုပ်ထားရှိရန်၊ ကန်ပြုပြင်မှု အမြန်ဆုံး ပြီးစီး ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးရန်နှင့် စံချိန်စံညွန်းနှင့်အညီ တည်ဆောက်ရန် မှာကြားသည်။
  
ထို့ပြင် မြို့တော်ဝန်သည် မြို့တော်ခန်းမ၌ ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှ Dr.Won Seunghyun နှင့်တွေ့ဆုံ၍ ထိန်ပင်နှင့်ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများမှ ထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းနှင့် လျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိသည်။

သတင်းစဉ်