သံတောင်ကြီး-ဖာပွန် ကားလမ်းမကြီး ဖောက်လုပ်ပေးရန် နယ်မြေအခြေအနေအရ ဝင်ရောက်သွားလာခွင့်ရမည်ဆိုပါက အမြန်ဆုံးဖောက်လုပ်ပေးသွားမည်

နေပြည်တော် ၄ နိုဝင်ဘာ

 

သံတောင်ကြီး-ဖာပွန် ကားလမ်းမကြီး ဖောက်လုပ်ပေးရန် နယ်မြေအခြေအနေအရ ဝင်ရောက်သွားလာခွင့်ရမည်ဆိုပါက Survey တိုင်းတာဆောင်ရွက်ခြင်းလုပ်ငန်းများ၊ စက်ယန္တရားများ ပေးပို့ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပြီး အမြန်ဆုံး ဖောက်လုပ်ပေးသွားမည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ဖြေကြားခဲ့သည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ် မေးမြန်းသည့် “ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်မှ ကရင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များသို့ ဖာပွန်မြို့မှတစ်ဆင့် သွားလာနိုင်ရန် သံတောင်ကြီး-ဖာပွန် ကားလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ကရင်ပြည်နယ်တွင် ယခင်က သွားလာရန်ခက်ခဲသော ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့၊ ကမမောင်းမြို့နှင့် ဖာပွန်မြို့များသို့ သွားသောလမ်းများမှာ ယခုအချိန်တွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ချောမွေ့နေပြီဖြစ်၍ အချိန်တိုအတွင်း လွယ်ကူစွာ သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။

 

ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး တစ်နေ့လျှင် ယာဉ်အစီးရေ (၄၀ဝ၀)ကျော်ခန့်အထိ တိုးတက်သွားလာနိုင်ရေးအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)ကို (၃၀-၁၀-၂၀၁၉)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်း (အိန္ဒု-ကော့ကရိတ်အပိုင်း) (၆၆.၅၈၇)ကီလိုမီတာမှ (၁၃၂.၉၈၆) ကီလိုမီတာအထိ စုစုပေါင်း (၆၆.၃၉၉)ကီလိုမီတာအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ရန် (၃၁.၁၀.၂၀၁၉) ရက်နေ့တွင် ကိုယ်စားလှယ်တော်ကြီး ဦးစောမိုးမြင့် အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပန္နက်တင်အခမ်းအနား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) အကူအညီဖြင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက ထိုင်းနိုင်ငံမှ မော်တော်ယဉ်များဖြင့် ဘားအံသို့ရောက်ရှိပြီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းအထိ ကုန်စည်များ တိုက်ရိုက်စီးဆင်းနိုင်မည် ဖြစ်သည့်အတွက် ကရင်ပြည်နယ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။

 

ကရင်ပြည်နယ်အတွင်း ဘားအံမြို့မှ သံတောင်ကြီးမြို့အထိ သွားလိုလျှင် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နှင့် တောင်ငူမြို့မှတစ်ဆင့် သွားလာရသည့်အခြေအနေဖြစ်ပါကြောင်း၊ သံတောင်ကြီး/ ဘောဂလိဒေသနှင့် ဖာပွန်မြို့ကို ဆက်သွယ်ရန်အတွက် လမ်းတစ်လမ်း လိုအပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အရှေ့ဘက်ဆုံးကျသော တောင်-မြောက် လမ်းမကြီးအဖြစ် ကော့သောင်းမြို့မှ မော်လမြိုင်မြို့၊ ဘားအံမြို့တို့မှ ဖာပွန်မြို့၊ ဘောဂလိကြီးမြို့၊ မော်ချီးမြို့၊ လွိုင်ကော်မြို့မှတစ်ဆင့် ရှမ်းပြည်နယ်၊ တရုတ်ပြည်အထိ ဆက်သွယ်ဖောက်လုပ်ရန် Arterial Road Network Master Plan တွင် ရေးဆွဲထားပြီးဖြစ်ပါကြောင်း။

 

ယနေ့အချိန်အခါတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သောက်ရေခပ်မြစ်ကို ကျော်ဖြတ်ဝင်ရောက် သွားလာပြီး Survey တိုင်းတာပြုလုပ်ရန် မရသေးသည့် နယ်မြေအခြေအနေဖြစ်ပါကြောင်း၊ အဆိုပါဒေသသို့ နယ်မြေအခြေအနေအရ ဝင်ရောက်သွားလာခွင့်ရမည်ဆိုပါက Survey တိုင်းတာဆောင်ရွက်ခြင်းလုပ်ငန်းများ၊ စက်ယန္တရားများ ပေးပို့ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပြီး အမြန်ဆုံး ဖောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။

 

MDN

ကိုးကား/ဓာတ်ပုံ- အမျိုးသားလွှတ်တော်