တိုကျို   ဇွန်   ၁

ဂျပန်နည်းပညာကုမ္ပဏီကြီး SoftBank Group သည် ပြင်သစ်နိုင်ငံ၌ ဉာဏ်ရည်တု(AI) ဒေတာ စင်တာများ  တည်ဆောက်ရန် ယူရို ၇၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၈၇ ဘီလီယံခန့်) ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း   သိရသည်။

အဆိုပါကုမ္ပဏီသည် ၅ ဂီဂါဝပ် စွမ်းရည်ရှိ  AI ဒေတာစင်တာ တည်ဆောက်မည့်အစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။ယင်းစီမံကိန်း၏   ပထမအဆင့်အဖြစ် ၂၀၃၁ ခုနှစ်မတိုင်မီ ပြင်သစ်နိုင်ငံ မြောက်ပိုင်းတွင် AI ဒေတာစင်တာများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး ယူရို ၄၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံခန့်)ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

SoftBank Group သည် ယင်းစီမံကိန်းအတွက် ပြင်သစ်နိုင်ငံရှိ ရှနိုက်ဒါ လျှပ်စစ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ယင်းစီမံကိန်းမှ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပညာရှင်အဆင့် အလုပ်အကိုင်အခွင့်အလမ်း ထောင်နှင့်ချီ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

SoftBank Group သည် ယခုနှစ် မတ်လကလည်း အမေရိကန်ပြည်ထောင်စု၌ အကြီးစား AI အခြေခံအဆောက်အအုံနှင့် ဒေတာစင်တာများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံတန်  စီမံကိန်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အင်န်အိတ်ချ်ကေ