သရေခေတ္တရာ ကျောက်ဆစ်လက်ရာများ

၁၇ ဒီဇင်ဘာ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းတစ်ခုဖြစ်သည့် သရေခေတ္တရာသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် မှော်ဇာကျေးရွာတွင် တည်ရှိကာ ပျူယဉ်ကျေးမှု အထောက်အထားများ အများဆုံးရှာဖွေတွေ့ရှိခဲ့သည့် နေရာဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးလည်းဖြစ်ပေသည်။

သရေခေတ္တရာ ရှေးဟောင်းနယ်မြေမှ တူးဖော်ရရှိခဲ့သည့် ပျူယဉ်ကျေးမှု အထောက်အထားများတွင် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ကျောက်ဆစ် အနုပညာလက်ရာများအဖြစ် ထေရဝါဒဆိုင်ရာ လက်ရာရုပ်တုများနှင့် မဟာယန နှင့် ဗြဟ္မဏ အယူဝါဒဆိုင်ရာ ရုပ်တုများ ပါဝင်ခဲ့သည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု အထောက်အထားများတွင် ဗုဒ္ဓဆင်းတုတော်များ၊ စေတီများ၊ စေတီပုံနှင့် ဗုဒ္ဓဆင်းတုတော်ထွင်းထုထားသည့် ကျောက်ချပ်များ နှင့်အတူ နတ်ရုပ်၊ ဗြဟ္မာရုပ်၊ လူရုပ်များပါရှိသည့် ပလ္လင်များ၊ ဗုဒ္ဓဘုရားရှင် ဖြစ်တော်စဉ်လာ ဇာတ်ကွက်များကို ထုလုပ်သည့် ကျောက်ဆစ်လက်ရာများလည်း ပါရှိခဲ့ပေ သည်။

သရေခေတ္တရာမှတွေ့ရှိခဲ့သည့် ကျောက်ဆစ်လက်ရာများကို အကြမ်းအားဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုများ၊ ဟိန္ဒူဘာသာဆိုင်ရာ ရုပ်တုများ၊ ပရိဘောဂ အသုံးအဆောင်များနှင့် စိတ်ကူးယဉ် ရုပ်တုများဟု လေးမျိုး ခွဲခြားနိုင်ကြောင်း သရေခေတ္တရာကို တူးဖော်ခဲ့သူ ဦးစိန်မောင်ဦးက ရေးသားခဲ့သည်။

ဌာပနာတိုက်ဖုံး ကျောက်ပြားနှစ်ချပ်

သရေခေတ္တရာ တူးဖော်မှုများအနက် ၁၉၂၆-၁၉၂၇ ခုနှစ်တွင် ခင်ဘကုန်းမှ ရရှိခဲ့သည့် ဌာပနာတိုက်ဖုံး နှစ်ချပ်ကို သရေခေတ္တရာမြို့ဟောင်းရှိ သီရိခေတ္တရာ ပြတိုက်တွင် ပြသထားရာ ထေရဝါဒဆိုင်ရာ ထူးခြားသည့် ( ကျောက်ဆစ်လက်ရာများအဖြစ် လေ့လာနိုင်ကြသည်။

၄ ပေ ၉ လက်မမြင့်၍ ၄ ပေ ၆ လက်မ ကျယ်ကာ | ၄ လက်မထူသော ဌာပနာတိုက်ဖုံး သဲကျောက်ပြားပေါ် တွင် ဖောင်းကြွထုလုပ်ထားသော မှောက်ထားသည့် ပေါင်းချောင်သဏ္ဌာန်စေတီ၏ ဟာမိက (ဓာတ်တော်တိုက်)ကို ထင်ရှားစွာ မြင်တွေ့ကြရသည်။ ဓာတ်တော်တိုက်ပေါ်တွင် အရွက်ငါးဆင့်ပါရှိသည့်ထီးကို စိုက်ထူထားကာ စေတီပုံအောက်ခြေ၌ မုခ်ပေါက် ငါးခုပါရှိပြီး မုခ်ပေါက် တစ်ခုစီ၌ ဈာနမုဒြာ လက်တော်ဟန်ဖြင့် သီတင်းသုံးနေသည့် ဆင်းတုတော်တစ်ဆူစီပါရှိသည်။ ယင်းဆင်းတုတော် ငါးဆူသည် ဤကမ္ဘာပေါ်တွင် ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူနှင့် နောင်ပွင့်တော်မူမည့်အရိမတ္တေယျ ဘုရားရှင်ကို ရည်မှန်းထုလုပ်ထားခြင်းဖြစ်ပေသည်။

စေတီတော်၏ တစ်ဖက်စီ၌ ထီးမိုးပေးနေသည့် ဗြဟ္မာရုပ်တစ်ခုစီနှင့် တံခွန်များပါရှိပြီး စေတီ၏ ဝဲယာ နှစ်ဖက်တွင် နေနှင့် လကို ထုလုပ်ထားကာ စေတီအောက် ခြေ၌ ပလ္လင်ခုံဟု ယူဆရသည့်အရာက ပေါ်လွင်နေသည်။ ယင်းဌာပနာတိုက်ဖုံးပေါ်တွင် ထုလုပ်ထားသည့် စေတီပုံသည် အိန္ဒိယနိုင်ငံ ဆာနတ်ရှိ ဆန်ချီစေတီနှင့် ပုံသဏ္ဌာန် ဆင်တူဖြစ်နေသည်။ ဒုတိယ ဌာပနာတိုက်ဖုံးသည် ၅ ပေ ၄ လက်မမြင့်၍ ၄ ပေ၇ လက်မကျယ်ကာ ၆ လက်မထူပြီးကျောက်ပြားပေါ်တွင် ထုလုပ်ထားသည့် ဖောင်းကြွရုပ် သည် ပထမအဖုံးအတိုင်း ဖြစ်သည်။

ဆင်းတု ထုလုပ်ထားသည့် ကျောက်ချပ်များ

၁၉၀၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ပြင်သစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေ(Leon de Beylie) နှင့် မြန်မာနိုင်ငံ ကမ္ပည်းဌာနမှ ကျောက်စာဝန် မစ္စတာ

တော်စိန်ခိုတို့သည် သရေခေတ္တရာ တူးဖော်မှုကို ဆောင်ရွက်ခဲ့ကြရာ မှော်ဇာကျေးရွာအနီးရှိ ကျောက်ကာသိမ် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျောက်စာတိုင်တစ်ခု၊ ကျောက်စာတစ်ချပ်နှင့် ကျောက်ရုပ်ကြွသုံးခုကို ရရှိခဲ့သည်။ ယင်းတို့ကို အလျားပေ ၅၀ အနံ ပေ ၂ဝရှိသည့်ကျောက်ကာသိမ်ပြတိုက် တည်ဆောက်၍ ထိန်းသိမ်း ထားရှိခဲ့သည်။ ကျောက်စာတိုင်သည် ၂ ပေ ၆လက်မမြင့်၍ အကျယ် ၈ ဒသမ ၇ လက်မ၊ ထု ၉ ဒသမ ၅ လက်မ ရှိကာ ကျောက်စာချပ်မှာမူ ၃ ပေ၉ လက်မမြင့်၍ အကျယ် သုံးပေ၊ ထု ၁၁ လက်မရှိသည်။ ကျောက်စာပေါ်တွင် ရေးထိုးထားခဲ့ဖွယ်ရှိသည့် စာများနှင့် အရုပ်များကား မမြင်ရတော့ပါချေ။

ကျောက်ရုပ်ကြွ သုံးချပ်အနက် ပထမ အချပ်သည် အမြင့် ၈ ပေ ၂ လက်မ၊ အကျယ် ၆ ပေ ၆ လက်မ၊ ထု ၁ ပေ ၆ လက်မ ရှိ၍ ဒုတိယအချပ်သည် ၃ ပေ ၁၀ လက်မ မြင့်ပြီး အကျယ် ၅ပေ၂ လက်မ၊ ထု၁ ပေ ၁ လက်မရှိကာ တတိယအချပ်သည် ၄ ပေ ၇ လက်မမြင့်၍ အကျယ် ၅ပေ ၂ လက်မ၊ ထု ၁ ပေ ၆ လက်မ ရှိသည်။

ရုပ်ကြွ ကျောက်ချပ်များ၏ အလယ်၌ ဘူမိဖဿ မုဒြာ(လက်တော်မြေဟန်) တင်ပျဉ်ခွေ ထိုင်တော်မူ ဗုဒ္ဓ ဆင်းတုတော်ကို ထုလုပ်ထားသော ဘေးတစ်ဖက်စီ၌ တင်ပျဉ်ခွေထိုင်ပြီးလက်အုပ်ချီထားသော သာဝကတစ်ပါးစီကို မြင်ကြရသည်။ ထို့အတူ မှော်အရှေ့ကျောင်းတွင် ထိန်းသိမ်းထားသည့် ကျောက်ချပ်သုံးချပ်တွင်လည်း ထိုင်တော်မူဆင်ဘုတော်ကို သာဝကတစ်ပါးစီက လက်အုပ်ချီထားဟန်ကို မြင်တွေ့ကြရပေသည်။ ။

ဘောဘောကြီးစေတီအနီးမှ ၁၉၀၆ ခုနှစ်တွင်ရရှိခဲ့သည့် ကျောက်ချပ်ပေါ်၌ တင်ပျဉ်ခွေ ထိုင်တော်မူ ဆင်းတုတော်၏ လက်ဟန်သည် ဈာနမုဒြာဖြစ်သည်။ ဆင်းတုတော်၏ လက်ပေါ်၌ သပိတ်တင်ထားပြီး ယာဘက်တွင် သာဝကတစ်ဦးက တင်ပျဉ်ခွေထိုင်နေပုံ ထုလုပ်ထားသည်။ သို့သော် ယင်းသည် ဘုရားရှင်ကို ရှိခိုးနေဟန် ထုလုပ်မထားခြင်းသည် ထူးခြားနေပေသည်။ မူလက ဘယ်ဘက်တွင်လည်း သောကတစ်ပါးပုံထုလုပ် ထားဟန်ရှိခဲ့ကာ ရုပ်ကြွကိုကား မမြင်တွေ့ရတော့ပါချေ။

ဘဲဘဲဂူအတွင်းရှိ စ ပေ ၂ လက်မမြင့်၍ ၆ ပေ ၃ လက်မ ကျယ်ကာ ၁ ပေ ၃လက်မထူသည့် ကျောက်ချပ် ပေါ်မှ ဆင်းတုတော်သည် နှစ်ထပ်ကြာပလ္လင်ပေါ်တွင် ခြေတော်ထပ်လျက် ထိုင်နေတော်မူကာ လက်တော် ညာတင်ဘယ်ချဟန်ထုလုပ်ထားသည်။ ယင်းကျောက်ချပ် တွင်လည်း အခြားကျောက်ချပ်များကဲ့သို့ပင် ဝဲယာနှစ်ဘက်၌ တင်ပျဉ်ခွေထိုင်ကာ ရှိခိုနေသော သာဝကတစ်ပါး စီပါရှိသည်။ ပြင်သစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေက ယင်းကျောက်ချပ်ပေါ်ရှိ ဘုရားရှင်နှင့် သာဝကနှစ်ပါး၏ မျက်နှာ တော်များသည်မွန်ဂိုလွိုက်အနွယ်ဝင်တို့နှင့် တူညီကြောင်းနှင့် ကျောက်ချပ်၏ အောက်ခြေတွင် အမည်မသိသော ဘာသာစကားဖြင့် ရေးသားထားသည့်စာများကို တွေ့ရှိရကြောင်း အိန္ဒိယ ရှေးဟောင်းသုတေသန အစီရင်ခံစာ (Asl Annual Report 190-10) တွင် ရေးသားခဲ့သည်။ (ယင်းဘာသာစကားကို နောင်အခါတွင် ပျူဘာသာ စကားဟု အမည်ပေးခဲ့သည်။

ဓမ္မစကြာ တရားဦးဟောခန်း ရုပ်ကြွများ

ယင်းအစီရင်ခံစာမှာပင် အရှေ့ဈေးဂူတွင်ရှိ ၂ပေ ၈ လက်မမြင့်၍ ၁ ပေ ၆ လက်မကျယ်က ၆ လက်မ ထူသည့် ကျောက်ချပ်အကြောင်းကို ဖော်ပြထားသည်။ ကျောက်ချပ်၏ အပေါ်ကန့်တွင် ခြေနှစ်ဖက်ကို ထပ်၍ တင်ပျဉ်ခွေထိုင်နေသည့် ဆင်ဆာကို တွေ့ရှိရသည်။ ဆင်းတုတော်၏ လက်ဝဲဘက်လက်သည် လက်ဝဲဘက်ဒူး ပေါ်တွင် တင်ထား၍ လက်ယာဘက်လက်မှာမူ တံတောင် ဆစ်အထိသာရှိပြီး မူလကအထက်သို့ မြှောက်ထားဟန်ရှိ နိုင်မည်ဟု ယူဆခဲ့သည်။ ။

ရုပ်ပွားတော်၏ ဝဲယာနှစ်ဖက်တွင် ရပ်နေသည့် ရုပ်တုနှစ်ခုသည် မကိုဋ်ဆောင်းထားကြသဖြင့် ဗောဓိ သတ္တဟု ယူဆခဲ့သည်။ ကျောက်ချပ်၏ အောက်အကန့်တွင် စကြာပုံတစ် ခုရှိ၍ ဝဲယာနှစ်ဖက်၌ ဝပ်နေသည့် သမင်တစ် ကောင်စီပါရှိသည်။ သမင်တစ်ကောင်စီ၏ ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ လက်အုပ်ချီးသော လူနှစ်ဦးစီရှိရာဘက်မှ လူနှစ်ဦးသည် ဦးပြည်းခေါင်းတုံးများ ဖြစ်ကြသဖြင့် သံဃာတော်များဟု ယူဆခဲ့ကြသည်။ ဝဲဘက်မှ နှစ်ဦး၏ ဦးခေါင်းပေါ်၌ လျှောင်ထုံးနှင့် တူသည့် အရာများ ပါရှိသဖြင့် လူပျိုလ်များဖြစ်ကြသည်။ ထို့ကြောင့် ယင်းကျောက်ချပ်တွင် ထုလုပ်ထားသည့် ရုပ်ကြွများသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးကို ဘုရားရှင်က ဓမ္မစကြာတရားဦးဟောတော်မူခန်းဟု ယုံကြည် ရင်း ဆရာဦးစိန်မောင်ဦးက ရေးသားခဲ့သည်။

ဓမ္မစကြာတရားဦး ဟောခန်းကို ပုံဖော်ထားသည့် ရုပ်ကြွချပ်တစ်ခုကို သရေတ္တရာမြို့ဟောင်း ၊ သောင်း ပြည့်ကုန်းအနီး ရွှေညောင်ပင်ကုန်းမှ ၁၉၇၉ ခုနှစ်တွင် တူးဖော်ရရှိခဲ့သည်။ ထုံးကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက်ချပ်တွင် အကန့်နှစ်ကန့်ပါရှိ၍ အပေါ်ကန့်တွင် ကြာပလ္လင်ပေါ်၌ ဓမ္မစက္ကမုဒြာဟန်ဘုရားရှင် ရုပ်ပွားတော်ကို ထုလုပ်ထားသည်။ ဆင်းတုတော်သည် လည်ပင်း အထက်ပိုင်းမှစ၍ပျက်စီးနေပြီး ဘေးနှစ်ဖက်၌ လက်အုပ် ချီထားသည့် ရဟန်းနှစ်ပါးပုံကို ထုထားသည်။ အောက် အကန့်တွင် မောင်တစ်ကောင်စီ ခြံရံထားသည့် စကြာပုံရှိ၍ လက်ဃဘက်တွင် သိကြားမင်းပုံနှင့် လက်ဝဲဘက်တွင် ဦးခေါင်းသုံးလုံးနှင့်ဗြဟ္မာရုပ်က ဘုရားရှင်ကို ရှိခိုးနေပုံ ပါရှိသည်။

ဓမ္မစကြာ တရားဦးဟောခန်း နောက်တစ်ချပ်ကို သောင်းပြည့်ကုန်း အရှေ့ဘက်နှင့် ခင်ဘကုန်၏ အနောက် ဘက်ရှိ ညောင်နီပင်ကုန်းမှ ၁၉၇၇-၁၉၇၈ ခုနှစ်က တူးဖော်ရရှိခဲ့သည်။ ကျောက်ချပ်၏ ဘယ်ဘက်ထိပ်ပိုင်းသည် ကျိုးပဲ့နေကာ အပေါ်ပိုင်း အလယ်တွင် ကွမ်းတောင် ပေါက်ထားသည့်စေတီပုံမုခ်ကပ်ပါရှိသည်။ ကွမ်းတောင်၏ တစ်ဖက်တစ်ချက်တွင် နတ်ဗြဟ္မာရုပ်များ ထုလုပ်ထားပြီး မုခ်ကပ်အတွင်း၌ ကြာပလ္လင်ထက်၌ တင်ပျဉ်ခွေထိုင် နေသည့်ဘုရားရှင်ကို ဓမ္မစက္ကမုဒြာဟန်ထုလုပ်ထားသည်။ ဘုရားရှင်၏ ဘေးနှစ်ဖက်တွင် ဒူးတုပ်ထိုင်နေသော ရဟန်း နှစ်ပါးပုံပါရှိပြီး ရုပ်ပွားတော်၏ အောက်တွင် ဓမ္မစကြာတရားဦးဟောခန်းကို ဖော်ညွှန်းသည့် ဓမ္မစကြာလှည်းဘီး နှင့် သမင်နှစ်ကောင်ကို ထည့်သွင်းထုလုပ်ထားသည်။

အခြားအရုပ်ကြွများ

ဘုရားရှင်ကို ဘုရားလောင်းများက ခြံရံနေပုံကို လေးမျက်နှာ ဘုရားတောင်ဘက်မုခ်၏ ဗဟိုအူတိုင်နံရံတွင် မြင်တွေ့နိုင်သည်။ ယင်းကျောက်ချပ်တွင် ဘုရားရှင်သည် ခြေတော်ကိုထပ်၍ တင်ယူခွေထိုင်တော်မူနေကာ လက်ဝဲဘက်လက်ကို လက်ဝဲဘက် ဒူးပေါ်တွင်တင်ထားသည်။ လက်ယာဘက်ကိုမူထပ်ထားသည့် ခြေနှစ်ဖက်ပေါ်တွင် ထားရှိသည်။ ယင်းကျောက်ချပ်သည် အထက်ပိုင်းပဲ့နေသဖြင့် ဘုရားရှင်၏ မဏိတော်နှင့် လက်ဝဲဘက်ရှိ ရုပ်တု တစ်ခြမ်း မရှိတော့ချေ။ လက်ဝဲဘက်ရှိရုပ်တုသည် ဘုရားလောင်းဖြစ်၍ လက်ယာဘက်မှ ရပ်တုသည် အမျိုးသမီး တစ်ဦး၏ဟန်နှင့် တူညီနေကာ မာရ်နတ်၏ သမီးဖြစ်နိုင်ကြောင်း As၊ Annual Report 10s-10 တွင် ရေးသား ထားပေသည်။

လေးမျက်နှာဘုရားအနောက်ဘက် မျက်နှာရှိ ကျောက်ချပ်ပေါ်တွင်လည်း ဘုရားရှင်ပုံတော်ကို ထုလုပ် ထားကာ တောင်ဘက်နံရံရှိ ဆင်းတုတော်နှင့် တစ်ပုံစံတည်းဖြစ်သော်လည်း ခြေနှစ်ဖက်ကို ထပ်မထားဘဲ လက်ယာဘက် ခြေဖဝါးကို လက်ဝဲဘက် ခြေဖမိုးနှင့်ထိ ကပ်ထားသည်။ ယင်းကျောက်ချပ်၏ ထူးခြားချက်မှာ ဘုရားရှင်၏ တစ်ဖက်တစ်ချက်စီ၌ ဘောဘောကြီး၊ ဘုရား မာတို့နှင့်တူသည့် ပျူခေတ်ဟန် စေတီတော်တစ်ဆူစီ ရံနေခြင်း ဖြစ်သည်။ အထူးခြားသော ကျောက်ချပ်သည် ဖိုးခေါင်ကန် ကျောက်ချပ်ဖြစ်သည်။ အလျ ၉ ပေ အကျယ် ၆ပေ အထူ၁ပေ ရှိသည့်သဲကျောက်ပြားပေါ်တွင် မကိုဋ် ဆောင်းထားပြီး လက်အုပ်ချီထားသည့် နတ်သားနှစ်ပါးက ဘုရားရှင်၏ လက်ယာဘက်တွင်လည်းကောင်း၊ မော်တတ်ရပ်၍ လက်အုပ်ချီထားသူသုံးဦးက ဘုရားရှင်၏ လက်ဝဲဘက်တွင်လည်းကောင်း ရှိနေကြသည်။ လီယွန် ဒီဗဲလီယေက ယင်းပုဂ္ဂိုလ်သုံးဦးအနက် ဘယ်ဘက်မှ နှစ်ယောက်ကို ဣန္ဒာနှင့် ဝဇီရာပါဏိ ( Indra or Vajrap ani) ဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားခဲ့သည်။ ကျောက်ချပ်၏ လက်ယာဘက်ထိပ်ပိုင်းတွင် ရှိနေ သည့် ဒေဝစ္ဆရာဟုယူဆသည့် ရုပ်တုသည် ပျက်စီးနေပြီ ဖြစ်သည်။

ဗုဒ္ဓဆင်းတုတော်များ

သရေခေတ္တရာမှ ဘုရာရှင်ရုပ်တုပါရှိသည့် ကျောက်ချပ်များအပြင် ဘုရားဆင်းတု ရုပ်ပွားများကိုလည်းတွေ့ ရှိခဲ့သည်။ ဉာဏ်တော် ၃ ပေ ၆ လက်မရှိသည့်ဈာန်ဝင်စား နေဟန် ဆင်ဘုတော် တစ်ဆူကို ဘောဘောကြီး ဘုရား၏ အရှေ့မြောက်ဘက် ညောင်နီပင်ကုန်းမှ ၁၉၈၆ ခုနှစ်တွင် လည်းကောင်း၊ ဉာဏ်တော် ၁ ပေ ၁၀လက်ရှိသည့် ဈာနမုဒြာဆင်းတုတော်ကို ကျောက်ကာသိမ်ဘုန်းကြီး ကျောင်းအတွင်းမှ ၁၉၂၆ ခုနှစ်တွင်လည်းကောင်း တူးဖော်ရရှိခဲ့သည်။

ထို့အတူ ဘူမိဖဿမုဒြာ ဆင်းတုတော်များကို ကျောက်ကာသိမ်ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ၁၉၀၆ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်တို့တွင် တူးဖော်တွေ့ရှိခဲ့သည်။ ကျောက်သိမ်ဘုန်းကြီးကျောင်းမှပင် ဘူမိဖဿ ဆင်းတုတော်လေးဆူတွဲကို ၁၉၂၈ ခုနှစ်တွင်လည်းကောင်း၊ သိတ်ပိုက်ထားသည့် ဆင်းတုတော်များကို ၁၉၅၉ခုနှစ်က လည်းကောင်း တူးဖော်ရရှိခဲ့သည်။ ခြေတွဲလဲ ချထားသည့် ဆင်းတုတော်၊ မတ်ရပ်ဆင်းတုတော် နှစ်ဆူတွဲကိုလည်း ရရှိခဲ့သည်။

၁၉၃၈-၁၉၃၉ ခုနှစ်တွင် သရေတ္တရာမြို့ဟောင်းမှ ရရှိခဲ့သည့် ကျောက်ချပ်တစ်ခုတွင် နာဂီရိဆင်ကို အောင်တော်မူခန်းကို ထုလုပ်ထ၁ဝရာဘုရားရှင်သည်ရဟန်းတော် နှစ်ပါးခြံရံလျက် ရာဇဂြိုဟ်ပြည် အတွင်းသို့)ဆွမ်းခံကြွနေ ပုံကို မြင်တွေ့ကြရသည်။ ဘုရားရှင်၏ လက်ဝဲဘက်အောက်ခြေတွင် ဝပ်နေသော (နာဠာဂီရိ) ဆင်ပြောင်ကြီးသည် နှာမောင်းကိုမြှောက်လျက် ဘုရားရှင်အား ဦးညွတ်နေပုံ ထုလုပ်ထားသည်။ ။

ဖွားတော်မူခန်းကို ထုလုပ်ထားသည့်ကျောက်ချပ်တွင် မတ်တတ်ရပ်နေသော မယ်တော် မာယာဒေဝီသည် ညာလက်ဖြင့် အင်ကြင်းကိုင်းကို ကိုင်ထားကာ ဘယ်လက်ဖြင့် ညီတော် ပဇာပတိဂေါတမီအား ဖက်ထားပုံကို တွေ့ရှိရပေသည်။ မယ်တော်မာယာ၏ ညာဘက်ဘေးတွင် ဘုရားလောင်းရပ်နေပုံကိုပါ ထည့်သွင်ထုလုပ်ထားသည်။

 

၁၉၃၉-၁၉၄၀ ပြည့်နှစ်တွင်တွေ့ရှိခဲ့သည့် ကျောက်ပြားချပ်တွင်လည်း ကြာနှစ်ထပ်လ္လင်ပေါ်တွင် ထိုင်နေ တော်မူသောဘုရားရှင်သည် ဓမ္မစက္ကမုဒြာ လက်ဟန်ဖြင့် တရားဟောနေပုံကို ထုလုပ်ထားသည်။ ဘုရားရှင်၏ ဝဲယာနှစ်ဖက်တွင် ပဥ္စဝဂ္ဂီငါးပါပုံပါရှိကာညာဘက်အစွန်၌ သိကြားမင်းက ဘုရားရှင်ကိုလက်အုပ်ချီလျက် တရားနာနေပုံကို မြင်တွေ့ပြီး ဘယ်ဘက်အစွန်၌ ဦးခေါင်းသုံးလုံး ပါရှိသည့် ဗြဟ္မာကြီးသည် လက်အုပ်ချီလျက် တရားနာနေပုံ ကို ထုလုပ်ထားသည်။

သရေခေတ္တရာတွင်တွေ့ရှိရသည့် ဗုဒ္ဓဘာသာနှင့် နှီးနွယ်နေသော ကျောက်ဆစ်လက်ရာများသည် တစ်ခုနှင့် တစ်ခုပုံဟန်နှင့် အဆင်အပြင်များ မတူညီကြချေ။ သို့သော် ယင်းကျောက်ချပ်များကိုပုဂံခေတ် ဗုဒ္ဓဝင်ကျောက်ချပ်များ၏ ရှေ့ပြေးဟု ခေါ်ဆိုသင့်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။ သရေခေတ္တရာမှ တွေ့ရှိခဲ့ရသည့် ကျောက်ဆစ်လက်ရာများတွင် ထေရဝါဒဆိုင်ရာ ဗုဒ္ဓ ရုပ်ပွားတော်များအပြင် မဟာယာဉ်ဂိုဏ်းဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းရုပ်တုများနှင့် နတ်သမီးရုပ်တစ်ခုလည်း ပါဝင်ခဲ့သည်။ ထို့အတူ ဟိန္ဒူဘာသာဆိုင်ရာ ရုပ်တုများဖြစ်သည့် ဗိဿနိုးနတ်မင်းရုပ်တုများကို သရေခေတ္တရာ တူးဖော်မှုများမှ ရရှိခဲ့သည်။

ပရိဘောဂအသုံးအဆောင်များအဖြစ်တွေ့ရှိခဲ့ရသည့် ကျောက်အရိုးအိုးများ၊ ကျောက်ပလ္လင်များ၊ ဌာပနာတိုက်ပုံးများတိုင်ဖုံး ကျောက်ချွန်များကို သီရိခေတ္တရာပြတိုက်တွင် ပြသထားပြီး ဒဏ္ဍာရီရုပ်တုများအဖြစ် တင်းပုတ်ကိုင်ထာသော ဘီလူရုပ်၊ မနုဿီဟ ခြင်္သေ့ရုပ် စသည်တို့ကို တူးဖော်မှုများမှ ရရှိခဲ့သည်။

သရေခေတ္တရာမှတူးဖော်တွေ့ရှိခဲ့သည့် ကျောက်ဆစ် လက်ရာအများစုသည် သဲကျောက်များဖြစ်ကြပြီး ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ကြွများထုလုပ်ထားသည့် ကျောက်ချပ်များကို အများဆုံးတွေ့ရှိရသည်။ သရေဆော့ရာကျောက် ဆစ်လက်ရာများက သရေခေတ္တရာ၌ ဗုဒ္ဓဘာသာသည် အေဒီလေးရာစုတွင် ထွန်းကားနေခဲ့ကြောင်း ယူဆနိုင်ပေသည်။ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် သရေခေတ္တရာတွင် ဗုဒ္ဓဘာသာနှင့်အတူ အခြားသော ယုံကြည်ကိုးကွယ်မှုများ ရှိခဲ့သော်လည်း ထေရဝါဒဗုဒ္ဓဘာသာက ပိုမိုထွန်း ကားစည်ပင်ခဲ့ကြောင်း တူးဖော်ရရှိခဲ့သည့် ကျောက်ဆစ်လက်ရာများက သက်သေပြလျက်ရှိနေပေသည်။ ။

မောင်သာ (ရှေးဟောင်းသုတေသန)