သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း    ဖေဖော်ဝါရီ    ၂၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အင်တာနက်ပေါ်တွင် ပြန့်နှံ နေသော သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေး ဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊ သတင်းမှား များနှင့် အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများ၊ အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို ပြည်သူများအား ရှင်းလင်းဟောပြောခဲ့သည်။

 

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က သတင်းတု/ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် သရက်ချောင်းမြို့၊ မြို့မစခန်းမှူး ရဲအုပ်သိန်းထိုက်က ရပ်မိ/ရပ်ဖများအား Facebook ပေါ်တွင် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေသော page များမှ ပြည်သူများက share ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းပြောကြားကာ ထို့သို့ပြုလုပ်ပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိနိုင်ရေးအတွက် မိမိဌာနသတင်းမီဒီယာများတွင် အချိန်နှင့်တပြေးညီ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ဒေသ လှုပ်ရှားမှုသတင်းများနှင့် အခြားလှုပ်ရှားမှုသတင်းများကို အချိန်နှင့်တပြေးညီ လွှင့်တင်ပေးလျက်ရှိပါ ကြောင်း တက်ရောက်လာသော ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေးကော်မတီမှ အသိပညာ ပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)