သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၄၆ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သရက် အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွက်ကဲမှုအောက်ရှိ သရက်မြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်တို့၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေ၊ Cash For Work စီမံကိန်းရန်ပုံငွေတို့ဖြင့် ကျေးရွာ ၄၆ ရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သရက်ခရိုင်အတွင်းရှိ အဆိုပါမြို့နယ်များ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၄၂၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၅ ဒသမ ၀၅၅ သန်း စုစုပေါင်းငွေကျပ် ၄၅၅ ဒသမ ၀၅၅ သန်းကျော် အသုံးပြုပြီး ရေပေးရေးလုပ်ငန်း (၁၀)ခု၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၂၉)ခု၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၂)ခုနှင့် တခြားလုပ်ငန်း (၁)ခု စုစုပေါင်း လုပ်ငန်း ၄၂ ခုကို ဇွန် ၇ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၂ ရက်တွင် ၄၆ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီ အသုံးပြုပြီး သရက်မြို့နယ်၌ အရှည် ၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မင်းတုန်းမြို့နယ်၌ အရှည် ၅၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကံမမြို့နယ်၌ အရှည် ၂၄၀၀ ပေ၊ အကျယ် ၁ ဒသမ ၅ ပေ၊ အနက် ၁ ဒသမ ၅ ပေရှိသော ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ အရှည် ၁၈၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသော မြေနီလမ်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိသော မြေနီလမ်းခင်းခြင်းလုပ်ငန်းများ၊ မင်းလှမြို့နယ်၌  ၆၇၀၀ ကုဗပေရှိသော မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းတို့ကို ဇွန်လ ပထမပတ်မှစတင်ပြီး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၂ ရက်တွင် ၄၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးမှ ပြောပြ၍ သိရသည်။

ကိုညို(ကျေးလက်)