သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်

သထုံ ဧပြီ ၁၉

 

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဧပြီ ၁၈ ရက် နံနက်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များ မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်၌ နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်တို့ကို ရည်ရွယ်ကာ မြန်မာ့သိုင်းသင်တန်းကို စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ ဦးကျော်မင်းက သင်တန်း၌ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ နယ်စပ်ဒေသ တိုင်းရင်သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ လူငယ် (၁၆)ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံ မြန်မာ့သိုင်းပညာများဖြစ်သည့် ခေါင်း (၄)ချက်၊ လက်သီး  (၆)ချက်၊ လက်ဝါးစောင်း (၆)ချက်၊ လက်ဖနောင့် (၄)ချက်၊ လက်ဖျံ (၈)ချက်၊ တံတောင် (၈)ချက်၊ ဒူး (၄)ချက်၊ ခြေ (၈)ချက်၊ ယိမ်းယိုင် ဘယ်ညာ (၂)ချက်၊ လက်စုံ (၁၃)ချက်တို့ကို စနစ်တကျ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကာ ဧပြီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုဦး(ခရိုင်ပြန်/ဆက်)