သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

သထုံ မေ ၁၄

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်နေ့၌ ကျင်းပမြဲဖြစ်သော ညောင်ရေသွန်း ပွဲတော်ကို မေ ၁၄ ရက် နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗောဓိညောင်ပင်၌ ပြုလုပ်ရာ ပြည်သူများ အေးချမ်းစွာ ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ညောင်ရေသွန်းပွဲတော်တွင် ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများက မေတ္တသုတ် ပရိတ်တရားတော်များ ချီးမြှင့်ပေးကြကာ ဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ကြပြီး ဘာသာရေး အသင်းအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာ အသီးသီးတို့မှ ပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်း၊ စေတီတော်မြတ်ကြီး၌ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ပြု ဆင်နွှဲကြသည်။

ရွှေစာရံစေတီတော်မြတ်ကြီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းကို နှစ်နှစ်ခန့် ရပ်နားထားခဲ့ရပြီး ယခုနှစ်တွင်မှ ပြန်လည်ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်သည်။ ယနေ့ ပြုလုပ်သည့် ညောင်ရေသွန်းပွဲတော်တွင် ပြည်သူအများ စိတ်အေးချမ်းသာစွာ ညောင်ရေသွန်းနိုင်ရေးအတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ စီမံမှုဖြင့် အဖြူရောင်နှလုံးသား လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များက ရေနှင့် ညောင်ထောက်ဝါးများ အခမဲ့ လှူဒါန်းခြင်း၊ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ခြင်း စသည်တို့ကို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)