သထုံတွင် ခိုးယူသွားသည့် ရွှေထည်ပစ္စည်းများအား အချိန်တိုအတွင်း ပြန်လည်သိမ်းဆည်းရမိ

သထုံ ၂၆ ဇူလိုင်

သထုံမြို့ရှိနေအိမ်အတွင်း ရွှေထည်ပစ္စည်းများ ခိုးယူသူအား မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

သထုံမြို့နန်းခဲရပ်ကွက် ရန်ကင်းလမ်း အိမ်အမှတ်(၂၁၈)နေ ဦးစိုးပိုင် (၅၇)နှစ်သည်  ဇူလိုင်၂၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် သားဖြစ်သူအား အောင်ကျင်းရပ်ကွက် (ဓမ္မမေဓနီ) အမက ကျောင်းသို့ လိုက်ပို့ပြီး နေအိမ်သို့ ပြန်ရောက်သည့်အခါ နေအိမ်အပေါ်ရှိ  ဗီရိုအတွင်းမှ အဝတ်ထည်များ  ဖွထားသည်ကိုတွေ့ရှိရပြီး ဗီရိုအတွင်းထားရှိသည့် ရွှေထည်ပစ္စည်း (၄၂) မျိုး ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် သထုံမြို့မရဲစခန်းသို့တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သီဟအောင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက် ကြည့်ရှုခဲ့ပြီး အိမ်ချင်းကပ်လျှက်တွင် လွန်ခဲ့သော (၁) လခန့်က နေထိုင်ရန် အိမ်မရှိ၍ ခေတ္တလာရောက် နေထိုင်သူ မလချမီး (၂၅) နှစ်၊ နောင်ဘိုဘူတာလမ်း သထုံမြို့နေထိုင်သူအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းခဲ့သည်။

ယင်းသို့ စစ်ဆေးမေးမြန်းချက်အရ အိမ်ပိုင်ရှင်များ အိမ်မှထွက်သွားသည်နှင့်တစ်ပြိုင်နက် နေအိမ်ရှေ့ ခြံတံခါးအား ကျော်နင်းဝင်ရောက်၍ နေအိမ်ပေါ်သို့တက်ကာ ရွှေထည်ပစ္စည်းများအား ဝင်ရောက်ခိုးယူပြီး ဦးစိုးပိုင်နေအိမ် အောက်ထပ်တွင် ဖွက်ထားကြောင်း ဝန်ခံထွက်ဆိုသဖြင့် ရွှေထည်ပစ္စည်း(၄၂) မျိုးအား ပြန်လည်သိမ်းဆည်းခဲ့ပြီး မလချမီးအား သထုံမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ 

 နန္ဒကျော်စွာ