သတိပြုဆင်ခြင်စားသုံးဖွယ် ခေါက်ဆွဲခြောက်အန္တရာယ်

၈ ဇန်နဝါရီ

 

မကြာသေးမီက နိုင်ငံတကာသတင်းတစ်ခုမှာ ခေါက်ဆွဲခြောက် အလွန်အကျွံ စားသုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်ခဲ့တဲ့ ကလေးတစ်ယောက်အကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို စိတ်မကောင်းဖွယ်ရာ ဖတ်ခဲ့ရပါတယ်။ ခေါက်ဆွဲခြောက်ကို နှစ်ရှည်လများ အလွန်အကျွံစားသုံးတာကြောင့် နောက်ဆုံးမှာ သူ့ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်မှု မရခင်မှာဘဲ အူမကြီးကင်ဆာရောဂါနဲ့ လောကကြီးက နှုတ်ဆက်ထွက်ခွာရတော့မယ့် အနေအထား၊ သေမင်းကို နောက်ဆုံး ရင်ဆိုင်ရတော့မယ့်အနေအထားကို ဖတ်ရတော့ အတော်လေး ထိတ်လန့်သွားခဲ့ရပါတယ်။

 

အာဟာရချို့တဲ့နေကြ

 

ဟုတ်ပါတယ်။ အရှေ့တောင်အာရှမှာ ဈေးတော်တဲ့ အစအစာတွေ ဥပမာ ခေါက်ဆွဲခြောက်ကဲ့သို့ အသင့်စား အစားအစာတွေဟာ ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်သော်လည်း အာဟာရဓာတ်ပါဝင်မှုကတော့ နတ္ထိပါပဲ။ အာဟာရတန်ဖိုးမရှိတဲ့ ခေါက်ဆွဲခြောက်တွေကို အများအပြားစားတဲ့ကလေးတွေဟာ ကြုံလှီပိန်သေးပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးထွားကြိုင်းခြင်းမရှိသလို ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေနဲ့ အဝလွန်ခြင်းတွေ ဖြစ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားထားပါတယ်။

 

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေဖြစ်ပြီး လူနေမှုအဆင့်အတန်းဟာလည်း မြင့်တက်လျက်ရှိပါတယ်။ သို့သော်လည်း အပြင်မှာ ပိုက်ဆံထွက်ရှာပြီးအလုပ်ကြိုးစားနေတဲ့ မိဘတွေဟာ သူတို့အတွက် အချိန်သိပ်မရှိတာကြောင့် ဘယ်လိုအစားအစာတွေဟာ ကလေးငယ်တွေအတွက် သင့်တော်မှုရှိလား မရှိဘူးလား ဆိုတာကို မဝေခွဲကြတော့ဘဲအဆင်ပြေသလို နှစ်ပါးသွားနေကြပါတယ်။ အကျိုးဆက်အားဖြင့် ကလေးငယ်တွေဟာ ပြည့်ဝတဲ့ အာဟာရတန်ဖိုးကို မရရှိကြတော့ဘဲ အဆိုးဆုံးကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလောက်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်လာတာပါပဲ။

 

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပျမ်းမျှအသက်ငါးနှစ်မှ ငါးနှစ်အောက် ကလေးငယ် ၄၀ ရာခိုင်နှုန်းဟာ အာဟာရတန်ဖိုးအပြည့်အဝ မရရှိကြတေဘဲအာဟာရချို့တဲ့နေကြပါပြီ။ ဒါဟာကမ္ဘာ့အဆင့် ကလေးသုံးယောက်မှာ တစ်ယောက်နှုန်းထက် ပိုနေပါတယ်လို့ ယူနီဆက်က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

 

ဆိုးတဲ့အကျိုးဆက်တွေဖြစ်နိုင်

 

မိဘတွေဟာ သူတို့ကလေးတွေ ဗိုက်ပြည့်ဖို့ပဲ အရေးကြီးဆုံးကိစ္စလို့ ထင်နေကြတယ်။ သူတို့ကလေးတွေ ပရိုတိန်းဓာတ်ပမာဏ ပြည့်ဝလုံလောက်စွာရရဲ့လား၊ ကယ်လ်ဆီယမ် ဒါမှမဟုတ် အမျှင်ဓာတ်ပမာဏ ပြည့်ပြည့်၀၀ရရဲ့လား စတဲ့အချက်တွေကို မစဉ်းစားကြတော့ဘူးလို့ အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဟက်စ်ဘူလာသာ ဘရန်နီက ပြောပါတယ်။

 

ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့အရာတွေဟာ အစာအာဟာရချို့တဲ့တဲ့ နောက်ခံအကြောင်းအရာတွေရှိနေခြင်း၊ ဆင်းရဲတဲ့အနေအထား ရောက်နေခြင်းတို့ပဲဖြစ်ပါတယ်။ ထို့အတူ သံဓာတ်ချို့တဲ့တဲ့ ကလေးတွေဟာ လေ့လာသင်ယူနိုင် စွမ်းအားကျဆင်းခြင်းနဲ့ မိခင်လောင်းတွေအနေနဲ့လည်း ကလေးမွေးဖွားနေချိန်နဲ့ မွေးဖွားပြီးနောက်ပိုင်းမှာ သေဆုံးနိုင်ခြေများခြင်း စတဲ့ အန္တရာယ်တွေဖြစ်စေနိုင်တယ်လို့ ယူနီဆက်က ပြောကြားထားပါတယ်။

 

ယူနီဆက်စာရင်းဇယားတွေအရ အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့နှစ်က ငါးနှစ်အောက်ကလေး ၂၄ဒသမ၄သန်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ( ၁၁ သန်းနဲ့ မလေးရှားနိုင်ငံမှာ ၂ ဒသမ ၆ သန်းတို့ဟာ အာဟာရ ဓာတ်ချို့တဲ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ယူနီဆက်ရဲ့ အာရှအာဟာရဖွံ့ဖြိုးမှုကျွမ်းကျင်သူ မြူနီမူတွန်ဂါက မိသားစုတွေဟာ လုပ်ရတာလွယ်ကူတဲ့ ခေတ်ပေါ် အစားအစာတွေကို အားကိုးလွန်းပြီး အာဟာရပြည့်ဝတဲ့ ရိုးရာအစားအစာတွေ မစီမံချင်တာတွေ စတဲ့အချက်တွေကြောင့် အခုလို ဖြစ်နေတာပါလို့ ပြောပါတယ်။ သို့သော်လည်း အလုပ် များလွန်းတာကြောင့်နဲ့ အလွယ်ရတဲ့ အစားအစာတွေကို စားသုံးရာကနေ အခုလိုမျိုး ဆိုးတဲ့အကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။

 

အသင့်စားအစားအစာတွေကို စားသုံးနေကြ

 

အသင့်စား ခေါက်ဆွဲတွေက မြန်တယ်။ လုပ်ရတာ လွယ်ကူတယ်။ ဈေးလည်းတော်တယ်။ အာဟာရဓာတ်ပြည့်ဝစွာပါတဲ့ အစားအစာနေရာမှာ အလွယ်တကူအစားထိုးနိုင်တယ်။ ဒါကြောင့် သူတို့ ခေါက်ဆွဲတွေကို ရွေးချယ်ပြီးစားသုံးနေကြတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။ 

 

မနီလာမှာ ခေါက်ဆွဲတစ်ထုပ်ကို အမေရိကန် ၂၃ ဆင့်ပဲပေး ရပါတယ်။ တစ်ဒေါ်လာတောင် မပြည့်ပါဘူး။ ဒါပေမယ့် ပါဝင် ရမယ့် အာဟာရတန်ဖိုးတွေတော့မပါဝင်ပါဘူး။ ဥပမာ သံဓာတ်နဲ့ ( ပရိုတိန်း ဓာတ်တွေမပါဝင်ပါဘူး။ အဲဒီအစားအဆီတွေများနေပြီးတော့ ပါဝင်မှုဟာလည်း မြင့်မားနေပါတယ်လို့ မူတွန်ဂါက ပြောပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယခေါက်ဆွဲခြောက် အစားဆုံးနိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ၂၀၁၈ ခုနှစ်မှာတော့ လူပေါင်း ၁၂ ဒသမ ၅ သန်းဟာ ခေါက်ဆွဲခြောက်တွေစားသုံးခဲ့ ပါတယ်လို့ ကမ္ဘာ့ခေါက်ဆွဲခြောက်အသင်းက ပြောပါတယ်။

 

အိန္ဒိယနဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခေါက်ဆွဲခြောက်စားသုံး တဲ့နေရာမှာအတူတူပဲ ဖြစ်ပါတယ်။

 

အာဟာရဓာတ်ပြည့်ဝစွာပါတဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသားနဲ့ ငါးတွေဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုတွေ နည်းလာပါတယ်။ အကြောင်းကတော့ ကျေးလက်တောရွာကလူတွေဟာ မြို့ကြီးပြကြီးတွေမှာ အလုပ်တွေ သွားရောက်ရှာဖွေလုပ်ကိုင်နေကြလို့ပဲ ဖြစ်ပါတယ်လို့၊ အလုပ်တွေကြိုးစားပြီး ငွေစုတဲ့အတွက်ကြောင့် အသင့်စားအစားအစာတွေကိုပဲ ပိုမိုစားသုံးလာကြတယ်လို့ ယူနီဆက်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

 

ချမှတ်အကောင်အထည်ဖော်သင့်

 

ကမ္ဘာ့ဘဏ်ရဲ့ တိုင်းတာမှု စစ်တမ်းများအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေမှာ နေထိုင်တဲ့ လူသန်းပေါင်းများစွာဟာ ချမ်းချမ်းသာသာနေထိုင်ဖို့ ရုန်းကန် ကြိုးစားနေကြရပါတယ်။

 

အဓိကကတော့ ဆင်းရဲမွဲတေခြင်းက အဓိကပြဿနာ တစ်ရပ်ပေါ့လို့ မလေးရှားနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် တီဂျာရာဘလမ်က ပြောပါတယ်။ မိဘနှစ်ယောက်လုံး အလုပ်လုပ်နေရတဲ့ အိမ်ထောင်စုတွေဆို အလွယ်တကူအစား အစာတွေကို လျင်လျင်မြန်မြန်ပဲ လုပ်ကိုင်စားသောက်လေ့ရှိတယ်လို့ သူက ပြောပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေဆို အသင့်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်တွေ၊ ကန်စွန်းဥတွေ၊ ပဲငါးပိ တွေ စတာတွေကိုပဲ အဓိက မှီခိုအားထားနေရတယ်လို့ သူက ပြောပါတယ်။ သကြားများတဲ့ဘီစကစ်တွေ၊ အဖျော်ယမကာတွေ၊ အမြန်စားအစားအစာတွေဟာလည်း ဒီနိုင်ငံတွေမှာ အရေးကြီးတဲ့ နောက်ထပ်ပြဿနာတစ်ခုပဲလို့ ကျွမ်းကျင်သူတွေက ထပ်မံပြောကြားထားပါတယ်။ သို့သော်လည်း ခေါက်ဆွဲခြောက်ကိုတော့ မပါမပြီးဆိုသလို နေ့စဉ်စားသုံးနေကြပါတယ်လို့ သူတို့က ပြောပါတယ်။

 

ထွန်းသစ်စ