သတိပြုဆင်ခြင်ဖွယ် အိမ်တွင်းလေထုညစ်ညမ်းမှုအန္တရာယ်

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution) ဆိုသည်မှာအဘယ်နည်း။ အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းခြင်းကြောင့် အိမ်တွင်းသို့ ခိုအောင်းလျက်ရှိသော ကျန်းမာရေးနှင့် မညီညွတ်သည့် လေများကိုရှူမိရာမှ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားမှုကိုဆိုလိုခြင်းဖြစ်သည်။ အိမ်တွင်းလေထုညစ်ညမ်းမှုသည် အချိန်မတိုင်ခင် ရောဂါဖောက်ပြန်ခြင်းနှင့် အချိန်မတိုင်ခင် သေဆုံးကြရခြင်း၏  အကြောင်းရင်းများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းများမှာ ထင်းမီးနှင့် မီးသွေးဖိုများကိုအသုံးပြု၍ အစားအစာများ ချက်ပြုတ်ခြင်း၊ ဖယောင်းတိုင်များ၊ ခြင်ဆေးခွေများထွန်းခြင်း၊ အိမ်တွင်းဆေးလိပ်သောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် အိမ်အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများမှ အမွေးအမျှင်နှင့် အညစ် အကြေးများထွက်ရှိခြင်း၊ အိမ်အနီးပတ်ဝန်းကျင်တွင် အမှိုက်များကို မီးရှို့ခြင်း စသည်တို့ပင်ဖြစ်သည်။ ထိုဖြစ်စဉ်များကို ဝင်ငွေနိမ့်ပါးသောနိုင်ငံများတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။

လေထုညစ်ညမ်းမှုများသည် နှလုံးနှင့်သွေး လည်ပတ်မှုဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ် ရောဂါ စသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေသော အကြောင်းရင်းများ ဖြစ်သည်။ ယနေ့ကာလ ဖြစ်ပေါ်နေသော ရောဂါအသစ်အဆန်းများနှင့် လူနေမှုဘဝများ အဆင့်အတန်းမြင့်မားလာခြင်းတို့ကြောင့် လူအများစုသည် နေအိမ်များ၊ အဆောက်အအုံများအတွင်း၌သာ နေထိုင်မှုများရှိလာကြသည်။  ဥပမာအားဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် Monkeypox ဟုခေါ်သော မျောက်ကျောက်ရောဂါတို့ကြောင့်  မလိုအပ်ဘဲ အပြင်မထွက်ကြဘဲ အိမ်တွင်းအောင်းနေခဲ့ကြသည့် အခိုက်အတန့်များရှိလာခဲ့သည်။ ထို့ပြင် တိုးတက်လာသော ဝန်ဆောင်မှုစနစ်များကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်း၊ လုပ်ငန်းကိစ္စ အတော်များများကို အွန်လိုင်းဖြင့် လုပ်ကိုင်လာ နိုင်ခြင်းတို့ကြောင့် အိမ်တွင်းမှာပင် လူမှုဘဝများ၏ ကိစ္စရေးရာများကို ဖြတ်သန်းလုပ်ဆောင်လာကြသည်။ ထိုအချက်များကြောင့် လူသားအများစုသည် အိမ်တွင်း (သို့မဟုတ်) အဆောက်အအုံများတွင် နေထိုင်ကြသော အချိန်တို့မှာ များပြားလာပါသည်။ ထို့ကြောင့် နေအိမ်နှင့် အဆောက်အအုံများအတွင်းရှိ လေထု၏အရည်အသွေးသည် အလွန်အရေးကြီးလှသည်။
နေအိမ်နှင့် အဆောက်အအုံများအတွင်း ကျွန်ုပ်တို့ရှိနေစဉ် ရှူသွင်းလိုက်သောလေထဲတွင် ပါဝင်သည့် အမှုန်အမွှားများ၏ အဓိကအရင်းအမြစ်မှာ လောင်ကျွမ်းမှုဖြစ်စဉ်များကြောင့် အများဆုံးဖြစ်ရသည်။ အထူးသဖြင့် အစားအစာများ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည့်ဖြစ်စဉ်များမှ ထွက်ရှိလာခြင်းဖြစ်သည်။ မီးဖိုများမှထွက်ရှိသည့် အလွန်သေးငယ်သော အမှုန်များ၊ ဖယောင်းတိုင်ထွန်းခြင်း၊ အမွှေးတိုင်ထွန်းခြင်းနှင့် ခြင်ဆေးထွန်းခြင်း စသည့် လောင်ကျွမ်းမှုဖြစ်စဉ်များမှ ထွက်ရှိလာသော အမှုန်များသည် လေထုညစ်ညမ်းစေမှု၏ အကြောင်းရင်းများဖြစ်သည်။ ထို့ပြင် အဝတ်များခါ၍ ခေါက်သိမ်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ဖုန်ခါခြင်း  စသည့်အိမ်မှုကိစ္စများပြုလုပ်ရာမှ ထွက်ပေါ်လာသော အမှုန်များသည်လည်း ကျွန်ုပ်တို့ နေ့စဉ်ရှူသွင်းနေသော လေထုကို ညစ်ညမ်းမှုဖြစ်စေ သည့်အထဲတွင် ပါဝင်နေပါသည်။ ထိုသို့ လေထုထဲ ရောက်ရှိလာသော သေးငယ်သည့်အမှုန်များ၊ မျက်စိဖြင့်မမြင်နိုင်သော အလွန်သေးငယ်သည့် အမှုန်များသည် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေပါသည်။ ကျွန်ုပ်တို့၏ နေအိမ်များနှင့် အဆောက်အအုံများသည် ပြင်ပမှဝင်လာနိုင်သော လေထုညစ်ညမ်းမှုဖြစ်စေသည့် အမှုန်အမွှားများကို ကာကွယ်ပေးထားသော်လည်း အိမ်ထဲမှ ထွက်ပေါ်လာသော   ထိုအမှုန်အမွှားများကိုမူ နေအိမ်နှင့် အဆောက်အအုံများ၏အတွင်းမှာပင် စုစည်းနေစေသလိုဖြစ်နေခြင်းကို အထူးသတိပြုရပါမည်။

သတိမထားမိသော အိမ်တွင်းလေထု ညစ်ညမ်းစေမှုများ

လူအများစုသည် နေအိမ်တွင်း လေထုညစ်ညမ်းမှုဟု ဆိုလိုက်သည်နှင့် ချက်ပြုတ်ရာမှ ထွက်သောမီးခိုးများ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များနှင့် ခြင်ဆေးခွေ စသောနေ့စဉ်သုံး မီးခိုးထွက်စေသည့် ပစ္စည်းများကိုပင် ပြေးမြင်တတ်ကြပါသည်။ စက္ကူများ၊ ပရင့်ထုတ်ရာတွင် သုံးသောမင်များ၊ အိမ်သုတ်ဆေးများ၊ ကပ်ခွာကော်များ၊ သန့်ရှင်းရေးလုပ်ရာတွင် သုံးသောဓာတုပစ္စည်းများ၊ တစ်ကိုယ်ရေသုံးသန့်ရှင်းရေးနှင့် အလှပြင်ပစ္စည်းများမှလည်း အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အမှုန်အမွှားများကို ထွက်ရှိစေပါသည်။ အထူးသဖြင့် ရေချိုးခန်းသုံး ပစ္စည်းများဖြစ်သော ရနံ့ပါသည့် ဆပ်ပြာအရည်များ၊ ခေါင်းလျှော်ရည်များနှင့် ချွေးနံ့ပျောက်ဖျန်းဆေးကဲ့သို့သော အလှပြင်ပစ္စည်းများ၊ ဘော်ဒီစပရေးများ စသည်တို့မှ အငွေ့ပြန်၍ထွက်လာသော အမှုန်အမွှားများသည် အိမ်တွင်းလေထု ညစ်ညမ်းမှုများကို ဖြစ်စေပါသည်။

လတ်တလော ခံစားရနိုင်သော ရောဂါလက္ခဏာများ

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့်ဖြစ်သော လတ်တလောခံစားရနိုင်သည့် ရောဂါလက္ခဏာများကို သိရှိထားသင့်ပါသည်။ ထိုလက္ခဏာများမှာ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ပျို့အန်ခြင်း၊ နှာချေခြင်း၊ ချောင်း ဆိုးခြင်းနှင့် အရေပြားယားယံခြင်း စသည်တို့ပင်ဖြစ်သည်။ အိမ်တွင်း လေထုညစ်ညမ်းမှုများဖြစ်နေပါက အထက်ပါ ရောဂါလက္ခဏာ အသေးစားများကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏ နေအိမ် မိသားစုဝင်များ၊ ရုံးခန်းများအတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အဆောက်အအုံများအတွင်း အလုပ်ဝင်နေကြသော အလုပ်ဝန်ထမ်းများအနေဖြင့် ထိုလက္ခဏာများကို ခံစားလာရပါက အိမ်တွင်းလေထုညစ်ညမ်းမှု ရှိ၊ မရှိကို ပြန်၍သုံးသပ်ဆင်ခြင်ကြရပါမည်။

ရေရှည်ခံစားရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ

အိမ်တွင်းလေထုညစ်ညမ်းမှုနှင့် ရေရှည်ရင်ဆိုင်နေကြရသူများသည်  အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် အခြားသောရောဂါများကို  ခံစားရနိုင်ပါသည်။ ဥပမာအားဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွရောဂါနှင့် လေပြွန်ကျဉ်းရောဂါများကို ခံစားရစေနိုင်ပါသည်။ ထို့ပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ လည်ချောင်းနှင့် အသံအိုးကင်ဆာရောဂါများနှင့် ကလေးငယ်များတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်းနှင့် ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်းများကို ဖြစ်စေ နိုင်ပါသည်။

ကာကွယ်ရန်နည်းလမ်းများ

အိမ်တွင်းလေထုညစ်ညမ်းမှုကို လျော့နည်းစေရန်နှင့် ကာကွယ်ရန်နည်းလမ်းများကို လူသားတိုင်း သိရှိထားသင့်ပါသည်။ ထိုနည်းလမ်းများမှာ နေအိမ်အခန်းများ၊ မီးဖိုချောင်နှင့် အဆောက်အအုံများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရပါမည်။ မိမိတို့၏ နေအိမ်အတွင်း ဆေးလိပ်သောက်ခြင်း၊ နေအိမ်အခန်းများကို အလုံပိတ်၍ မီးစက်မောင်းခြင်း နှင့် နေအိမ်အခန်းများကို အလုံပိတ်၍ ဖယောင်းတိုင်ထွန်းခြင်း၊ အမွှေးတိုင်ထွန်းခြင်း၊ ခြင်ဆေးခွေ ထွန်းခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။ အစားအစာ များကိုချက်ပြုတ်ရာတွင် ထင်းမီးနှင့် မီးသွေးတို့အစား လျှပ်စစ် (သို့မဟုတ်) ဓာတ်ငွေ့ လောင်စာကို သင့်တင့်အောင် သုံးစွဲသင့်ပါသည်။ ထို့ပြင် အိမ်အနီး ပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များကို စုပုံမီးရှို့ ခြင်းကိုလည်း ရှောင်ရှားရပါမည်။ စားသောက်ကုန်လုပ်ငန်း စက်ရုံများသည်လည်း အနံ့ဆိုးများ ထွက်လေ့ရှိသောကြောင့် လူနေရပ်ကွက်များနှင့် ဝေးသောနေရာများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ စည်းကမ်းရှိရှိ လုပ်ကိုင် ဆောင်ရွက်သင့်ပါသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်ဆိုသော စကားလည်းရှိပါသည်။ သို့ရာတွင် လူအများစုသည် အခြေခံသတိပြုရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်အသေးများကိုပင် လက်တွေ့လိုက်နာရာတွင် အားနည်းနေတတ်ပါသည်။ ရောဂါဖြစ်မှ ဆေးရုံ၊ ဆေးခန်းသို့ သွားမည်ဆိုလျှင် ဝေဒနာကိုခံစားရသည့်အပြင် ကုန်ကျစရိတ်လည်း များနိုင်ပါသည်။ အနည်းငယ်မျှသော သတိပြုလိုက်နာ ကြိုတင်ကာကွယ်ခြင်းသည် ကျန်းမာရေးဆိုင်ရာ ကြီးမားသောကောင်းကျိုးများကို ရရှိစေပါသည်။ ထိုသဘောတရားများကို ကောင်းစွာ နားလည်ကြ၍ လူသားတိုင်း အိမ်တွင်းလေထု ညစ်ညမ်းမှု အန္တရာယ်များမှ ကင်းဝေးကြပြီး ကျန်းမာပျော်ရွှင်သောဘဝများကို ရရှိပိုင်ဆိုင်နိုင်ကြပါစေဟု  ဆန္ဒပြုရင်း  မျှဝေရေးသားလိုက်ရပါသည်။  ။

ကိုးကား -    ကျန်းမာရေးဝန်ကြီးဌာန (လက်ကမ်း စာစောင်)