သတိပြုဆင်ခြင်ဖွယ်ရာ ဦးနှောက်ထိခိုက်မှုပြဿနာ

၁၃  ဇွန်

လူတိုင်းလူတိုင်းအတွက် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု၊ ဦးနှောက်အလုပ်လုပ်မှုဟာ အရေးကြီးပါတယ်။ နေ့တစ်နေ့ကို ဖြတ်ကျော်စဉ်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုတဲ့အလုပ်ကို ဦးနှောက်က လုပ်ဆောင်နေရတာဖြစ်တဲ့ အတွက် ဦးနှောက်ရဲ့ အသိဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်မှုလုပ်ငန်းစဉ်တွေမထိခိုက်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် ဦးနှောက်အလုပ်လုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်စေမယ့်၊ တစ်နည်းအားဖြင့် ဦးနှောက်ကို ထိခိုက်စေမယ့် အောက်ပါအချက်တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့လိုပါတယ်။

အိပ်ရေးမဝခြင်း

တစ်နေ့တာမှာ ၂၄ နာရီစလုံး မအိပ်ဘဲနေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့အသိဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ လျှပ်တစ်ပြက်ကြုံတွေ့လာတဲ့ အခြေအနေတစ်ခုအပေါ် တုံ့ပြန်မှုနှုန်းတွေဟာ သွေးထဲမှာ အယ်လ်ကိုဟောဓာတ်ပါဝင်မှု သုည ဒသမ ၁၀ ရာခိုင်နှုန်း ရှိနေသူတွေနဲ့အတူတူ ဒါမှမဟုတ် ၎င်းတို့ထက် ပိုဆိုးကြောင်း အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်မှ အိပ်စက်ခြင်းအမူအကျင့်ဆိုင်ရာ အထူးကု ပါရဂူ Richard Shane က ပြောကြားခဲ့ပါတယ်။ ကားအက်ဆီးဒင့်ဖြစ်ပွားမှုကြောင့် သေကျေဒဏ်ရာရရှိမှု ဖြစ်စဉ် ၂၀ ရာခိုင်နှုန်းနီးပါးဟာ အိပ်ချင်မူးတူးဖြင့် ကားမောင်းခြင်းရဲ့ ရလဒ်ဖြစ်ကြောင်း အမေရိကန် အမျိုးသား ဆေးပညာဆိုင်ရာဌာနက ခန့်မှန်းထားပါတယ်။ ၂၄ နာရီစလုံး မအိပ်စက်မှသာ ထိုကဲ့သို့ ထိခိုက်မှုပြဿနာများ ဖြစ်မည်ဟု တရားသေတွက်မထားကြဖို့လိုကြောင်း၊ နေ့စဉ် ၆ နာရီ၊ ဒါမှမဟုတ် ၆ နာရီထက် လျော့ပြီး အိပ်စက်ခြင်းကြောင့် အလားတူပြဿနာများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း Richard Shane က ပြော ကြားခဲ့ပါတယ်။

လူတစ်ယောက်အိပ်စက်ချိန်မှသာ ဦးနှောက်ဟာ အနားရကြောင်း အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ပြည်နယ်ရှိ Duke ဆေးပညာတက္ကသိုလ်မှ ဒေါက်တာ Murali Doraiswamy က ပြောကြားထားပေမယ့် နယူးယောက်မြို့ရှိ Rochester သုတေသနတက္ကသိုလ်ကတော့ ဦးနှောက်ဟာ အိပ်စက်ချိန်မှ ပိုပြီး တက်တက်ကြွကြွ အလုပ်လုပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အိပ်စက်နေတဲ့ အချိန်မှာ Glymphatic System လို့ခေါ်တဲ့ နေ့ အချိန်မှာလုပ်ဆောင်ခဲ့တဲ့ ဘေးထွက်ပစ္စည်းတွေအားလုံးကို ဖယ်ရှားပေးတဲ့စနစ်သစ်တစ်ခုဟာ ဦးနှောက်အတွင်းမှာ အသက်ဝင်လာကြောင်း Rochester သုတေသန တက္ကသိုလ်က တွေ့ရှိခဲ့ပါတယ်။ အိပ်စက်ခြင်းမရှိတဲ့အခါ ဘေးထွက်ပစ္စည်းတွေဟာ ပရိုတိန်းဓာတ်ကဲ့သို့ပင် စုပုံလာပြီး နာမကျန်းမှု ဖြစ်စေနိုင်ကြောင်း၊ ဒါကြောင့် လူတစ်ယောက်ဟာ တစ်ရက်ကို ခုနစ်နာရီအိပ်စက်ပါက သင့်လျော်ကောင်းမွန်ပြီး သို့မဟုတ်ပါက ဦးနှောက်အနေနဲ့ ဘေးထွက်ပစ္စည်းတွေကို ဖယ်ရှားနိုင်စွမ်းမရှိဘဲ အနာဂတ်ကာလမှာ အသိဉာဏ်ဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်မြင့်မားလာနိုင်ကြောင်း Rochester သုတေသန တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။

အရက်သေစာသောက်စားခြင်း

လူအများ သိရှိလက်ခံထားတဲ့အတိုင်း အရက်သေစာ သောက်စားခြင်းဟာ ဦးနှောက်ဆဲလ်အရေအတွက် အများအပြား သေဆုံးစေတဲ့အတွက် အရက်သေစာ မသောက်စားသင့်ပေ။ ဒါ့အပြင် အရက်သေစာသောက်စား ခြင်းကြောင့် ဦးနှောက်မှာ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်လာမှုဟာ သိသိသာသာ လျော့ကျလာကြောင်း သုတေသနစာတမ်းတွေမှာ ဖော်ပြထားပါတယ်။ တစ်ရက်လျှင် အနည်းဆုံး အရက်နှစ်ခွက်ကနေ သုံးခွက်အထိ သောက်သုံးခြင်းဟာ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းအားကို ပျက်စီးမှုဖြစ်ပေါ်စေကြောင်း ဗြိတိန်နိုင်ငံရဲ့ နှစ်ရှည် လေ့လာထားတဲ့ သုတေသနစာတမ်းတစ်စောင်မှာ ဖော်ပြ ထားပါတယ်။

သကြားပမာဏ များများစားသုံးခြင်း

ဦးနှောက်အလုပ်လုပ်ဖို့ သကြားဓာတ်လိုအပ်ပေမယ့် ပမာဏများများ စားသုံးမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆယ်ကျော်သက် အရွယ်ကလေးတွေ တစ်ရက်ကို သကြားဓာတ်ပါတဲ့ အချိုရည်တစ်ဘူး သောက်သုံးခြင်းဟာ စာမေးပွဲရမှတ် လျော့နည်းခြင်းနဲ့ ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်းနဲ့ သကြားများများ စားသုံးခြင်းကြောင့် ဦးနှောက်ရဲ့ဆဲလ်တွေ အလျင်အမြန်ယိုယွင်းပျက်စီးစေကြောင်း ဟားဗတ် ဆေးကျောင်းက ပြောကြားခဲ့ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာဖြစ်ခြင်းခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာရှိနေတဲ့သူတွေရဲ့ ဦးနှောက်ကို စစ်ဆေးမှုလုပ်ဆောင်ကြည့်တဲ့အခါမှာ ၎င်းတို့ဟာ ဦးယဉ်းနာမရှိတဲ့သူတွေထက် ဦးနှောက်ဒဏ်ရာ ရမှုဖြစ်ပေါ်ဖို့ ၃၄ ရာခိုင်နှုန်းကနေ ၆၈ ရာခိုင်နှုန်းကျော် အလားအလာရှိကြောင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် သုတေသန တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။ အချို့သော အသေးစားဦးနှောက်ဒဏ်ရာရမှုတွေဟာ စိုးရိမ်စရာမရှိပေမယ့် အချို့ကတော့ ဦးနှောက်မှာရှိတဲ့ အသားစတစ်သျှူးလေးတွေ မာကျောသွားခြင်း၊ လေသင်တုန်းဖြတ်ခြင်း၊ အသားပိုထွက်ခြင်းအပါအဝင် အခြားရောဂါတွေနဲ့ ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်းလည်း ကိုပင်ဟေဂင် သုတေသနတက္ကသိုလ်က ပြောကြားခဲ့ ပါတယ်။

လုပ်ငန်းအများအပြားကို တစ်ပြိုင်တည်းလုပ်ကိုင်ခြင်း

တစ်ချိန်တည်းမှာ လုပ်ငန်းတစ်ခုမကလုပ်ကိုင်ခြင်းဟာ တွေးတောမှုအပိုင်းကိုလုပ်ဆောင်တဲ့ ဦးနှောက်ရဲ့ ရှေ့ဘက်ခြမ်းမှာရှိတဲ့ အကန့်တွေကို ဝန်ပိစေကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်တက္ကသိုလ်မှ ဦးနှောက် ကျန်းမာရေးဌာနထူထောင်သူနဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Sandra Bond Chapman က ပြောကြားခဲ့ပါတယ်။ သင့်အနေနဲ့ တစ်ချိန်တည်းမှာ လုပ်ငန်းနှစ်ခု၊ ဒါမှမဟုတ် နှစ်ခုထက် ပိုပြီးလုပ်နိုင်တယ်လို့ ထင်နေပေမယ့် အမှန် စင်စစ်အားဖြင့် ဦးနှောက်ဟာ အလုပ်တစ်ခုကနေ နောက်တစ်ခုကို အလျင်အမြန် ပြောင်းလုပ်ရတဲ့အတွက် ကြောင့် လုပ်ငန်းတစ်ခုစီကိုလုပ်ဖို့ အချိန်ပိုယူရကြောင်း Sandra Bond Chapman က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းအများအပြားကို တစ်ပြိုင်တည်း လုပ်ကိုင်ခြင်းဟာ ဖန်တီးနိုင်စွမ်းကို လျော့ကျစေခြင်း၊ အမှားများခြင်း၊ ဘယ်အရာ အရေးအကြီးဆုံးလဲဆိုတာကို ဆုံးဖြတ်နိုင်စွမ်းနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မှတ်ဉာဏ်ပိုင်းမှာ အားနည်းခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့ရကြောင်း Sandra Bond Chapman က ပြောကြားခဲ့ပါတယ်။

အဝလွန်ခြင်း

အဝလွန်ခြင်းနဲ့ ဦးနှောက်တို့အကြား ပတ်သက် ဆက်နွှယ်မှုနဲ့စပ်လျဉ်းပြီး အံ့အားသင့်သွားသလား။ မှန်ပါတယ်။ အံ့အားသင့်နိုင်ပါတယ်။ သို့သော်လည်း အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှာ အစာချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုတို့နဲ့သက်ဆိုင်တဲ့ ဇီဝဖြစ်စဉ်စနစ်ဟာ ပုံမှန် မဟုတ်နိုင်ကြောင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ပိုများလာ ခြင်းကြောင့် ဦးနှောက်ရဲ့မှတ်ဉာဏ်အကန့်တွေရဲ့ အရွယ်အစား ပိုသေးလာကြောင်း သုတေသနစာတမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။ လေသင်တုန်းဖြတ်ခြင်းနဲ့ ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်ကိုထိခိုက်စေမယ့် အခြေအနေတွေနဲ့ အဝလွန်ခြင်းတို့အကြား အပြန်အလှန် ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း Duke ဆေးပညာ တက္ကသိုလ်မှ ဒေါက်တာ Murali Doraiswamy က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အလေးချိန် ညွှန်းကိန်း(Body Mass Index-BMI) တို့ကို ကျန်းမာရေးအရ သတ်မှတ်ထားတဲ့ နှုန်းထား အတွင်းမှာရှိနေအောင် ဆောင်ရွက်ဖို့နဲ့ ရှိမနေဘူးဆိုရင် ဆရာဝန်နဲ့တွေ့ပြီး ဆွေးနွေးတိုင်ပင်သင့်ကြောင်း Duke ဆေးပညာတက္ကသိုလ်မှ ဒေါက်တာ Murali Doraiswamy က ပြောကြားခဲ့ပါတယ်။

အကြံပြုတိုက်တွန်းချက်

မည်သို့ပင်ဆိုစေကာမူ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အစိတ်အပိုင်းတိုင်းဟာ လူတစ်ယောက်ကျန်းမာစွာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ သူ့နေရာနဲ့သူ အရေးကြီးတဲ့အခန်း ကဏ္ဍတွေကနေ ပါဝင်လျက်ရှိပါတယ်။ ထို့အတွက် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံ၊ မိမိတို့ ကိုယ်တိုင်မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ မဆင်မခြင် လုပ်ဆောင်လိုက်ခြင်းကြောင့် ၎င်းတို့အပေါ်ထိခိုက်စေပုံတို့ကို မဖြစ်မနေသိရှိထားဖို့ လိုအပ်လှပါတယ်။ သို့မှသာ မိမိကိုယ်ကိုဘယ်လိုကျန်းမာအောင်နေမလဲဆိုတာ အသိဉာဏ်နဲ့ယှဉ်ပြီး သတိပြုဆင်ခြင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခဲလှတဲ့လူ့ဘဝမှာ အသက်ရှည်ရာ အနာမဲ့စွာ ဖြင့် မိမိတို့ချစ်ခင်မြတ်နိုးရတဲ့ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ ဦးနှောက်မထိခိုက်စေရေးအချက်များကို သတိပြုဆင်ခြင်နိုင်ကြပါစေကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

ဝင်းသူအောင်(သုတေသန)

(Things that are bad for your brain, Reader’s Digest Magazine အား ဘာသာပြန်ဆိုပါသည်။)