သတိပြုစရာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ

ဒေါက်တာသဉ္ဇာအောင်- ဒုတိယညွှန်ကြားရေးမှူး (ကူးစက်)

ကိုဗစ်-၁၉ ရောဂါ၏ မူလအစ

ကိုဗစ်-၁၉ ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်တွေ့ရှိခဲ့သည့် အသစ်ဖြစ်ပေါ်လာသော ကူးစက်ရောဂါတစ်ခု (2019 Novel Coronavirus) ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများသို့ လျင်မြန်စွာ ကူးစက်ဖြစ်ပွား ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝူဟန်ရောဂါဖြစ်ပွားမှုဆိုင်ရာ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့ပြီးနောက် ဇန်နဝါရီ ၃၁ ရက်တွင် 2019 Novel Coronavirus ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC) အနေဖြင့် သတ်မှတ်ကြေညာ၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် Corona-virus Disease - 2019 (COVID-19) ဟု အမည်ပေး၍ ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် ကြေညာခဲ့ပါသည်။ အဆိုပါရောဂါဖြစ်ပွားစေသော SARS CoV-2 ဗိုင်းရပ်စ်ပိုးသည် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပြန့်ပွားခဲ့ပြီး မျိုးရိုးဗီဇများလည်း လျင်မြန်စွာ ပြောင်းလဲလျက်ရှိနေပါသည်။

ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်ခဲ့သော ကမ္ဘာ့အခြေအနေ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း နိုင်ငံများအားလုံးသို့ ကူးစက်ဖြစ်ပွားခဲ့ပြီး ကူးစက်မှုလှိုင်းများကြောင့် လူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားရေးကဏ္ဍများအပေါ် အကြီးအကျယ် သက်ရောက်မှုများရှိခဲ့ကာ လူမှုစီးပွားဘဝထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇများ လျင်မြန်စွာ ပြောင်းလဲကူးစက်မှုကြောင့် ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားခဲ့သည့် အမေရိကန်နိုင်ငံနှင့် ဂျာမနီနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစု၌ ပြင်းထန်သော ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ ခံစားခဲ့ရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော အချက်အလက်များအရ ၁၄-၁-၂၀၂၄ ရက်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာဦးရေ ၇၇၄ သန်းကျော် (၇၇၄၂၉၁၂၈၇ ဦး) နှင့် သေဆုံးသူဦးရေ ခုနစ်သန်းကျော် (၇၀၁၉၇၀၄ ဦး) ရှိခဲ့ပြီဖြစ်ပါသည်။

၁၉-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လစဉ်အစီရင်ခံစာအရ လွန်ခဲ့သောရက်သတ္တလေးပတ်အတွင်း သတင်းပေးပို့မှုအနေဖြင့် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဦးရေ ၁၁၁၃၇၂၆ ဦးရှိပြီး သေဆုံးသူ ၈၇၀၀ ရှိသည့်အတွက် ယခင်ရက်သတ္တလေးပတ်နှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှု လေးရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သေဆုံးမှုမှာ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသများတွင် ဖြစ်ပွားသူဦးရေ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

အရှေ့တောင်အာရှဒေသတွင် ယခင်ရက်သတ္တလေးပတ်နှင့် နှိုင်းယှဉ်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၃၇၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သေဆုံးမှု မှာ ၅၆၄ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်ခဲ့ကြောင်းနှင့် သတင်းပေးပို့မှုအရ ရောဂါဖြစ်ပွားသူအများဆုံး နိုင်ငံများမှာ ရုရှားဖက်ဒရေးရှင်း၊ စင်ကာပူ၊ အီတလီနှင့် မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအကြောင်း

ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပွားစေတတ်သည့် SAR CoV-2 ဗိုင်းရပ်စ်ပိုးသည် ဆဲလ်ပွားချိန်များတွင် ဗီဇပြောင်းမျိုးကွဲများ ပေါ်ပေါက်တတ်ပြီး မူလမျိုးကွဲနှင့် မတူညီသည့် ဗီဇပြောင်းမျိုးကွဲများ ကူးစက်ဖြစ်ပွားခဲ့မှုကို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်များတွင် တွေ့ရှိရပါသည်။ အဆိုပါဗီဇပြောင်း မျိုးကွဲများသည် မူလမျိုးရင်း SARS CoV-2 ဗိုင်းရပ်စ်ပိုးနှင့်နှိုင်းယှဉ်ပါက ရောဂါကူးစက်နိုင်မှု၊ ပြင်းထန်ရောဂါဖြစ်ပွားနိုင်မှု၊ ကာကွယ်ဆေးများနှင့် ကာကွယ်နိုင်မှု၊ ကုသဆေးဝါးဖြင့် ကုသပေးနိုင်မှုအခြေအနေများ ပြောင်းလဲတတ်သောကြောင့် အထူးအလေးထား စောင့်ကြပ်ကြည့်ရှုရန် လိုအပ်ပါသည်။

သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိမှုမှ ပယ်ဖျက်ပြီး နောက်ပိုင်းတွင်လည်း မျိုးရိုးဗီဇပြောင်းလဲမှုစောင့်ကြည့်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားရှိပါသည်။ မျိုးရိုးဗီဇပြောင်းပိုးများကို Variant of Interest (VOI) နှင့် Variant of Concern(VOC) များဖြင့် သတ်မှတ်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ရောဂါစတင်ကူးစက်ချိန်မှ ယခုအချိန်အထိ အယ်လ်ဖာ (Alpha)၊ ဘီတာ(Beta)၊ ဂါမာ (Gamma) နှင့် ဒယ်လ်တာ(Delta)၊ အိုမီခရွန် (Omicron) တို့ကို VOC အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံမှစ၍ တွေ့ရှိကူးစက်ခဲ့သည့် ပြင်းထန်ရောဂါ ဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားသည့် ဒယ်လ်တာမျိုးကွဲသည် ၂၀၂၁ ခုနှစ် မေလနှင့် ဇွန်လပိုင်းတွင် ကမ္ဘာ့နိုင်ငံများ၌ မြန်ဆန်စွာ ကူးစက်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဒယ်လ်တာမျိုးကွဲထက် ပိုမိုကူးစက်နိုင်ခြေမြင့်မားသော်လည်း ပြင်းထန်ရောဂါဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေနည်းပါးသည့် အိုမီခရွန်မျိုးကွဲများ ကူးစက်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲသည် မျိုးကွဲများအဖြစ် ဆက်လက်၍ လျင်မြန်စွာ ပြောင်းလဲလျက် ကူးစက်ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ ကူးစက်ဖြစ်ပွားမှုအခြေအနေ

ကိုဗစ်-၁၉ ရောဂါကိုဖြစ်ပွားစေသည့် SARS CoV-2 ဗိုင်းရပ်စ်ပိုးသည် လျင်မြန်စွာ မျိုးရိုးဗီဇပြောင်းလဲလျက်ရှိသောကြောင့် ရောဂါပြင်းထန်ပြီး သေဆုံးနိုင်ခြေမြင့်မားသည့် ဗီဇပြောင်းမျိုးကွဲများ ထွက်ပေါ်လာပါက စောစီးစွာသိရှိ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မျိုးရိုးဗီဇစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁၉-၁-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲစောင့်ကြပ်ကြည့်ရှုမှုအချက် အလက်များအရ အိုမီခရွန်မျိုးကွဲများ ဖြစ်သည့် Omicron XBB.1.5, XBB.1.16, EG.5, BA.2.86 နှင့် JN.1 မျိုးကွဲ ငါးမျိုးကို စိတ်ဝင်စားဖွယ်မျိုးကွဲများ (Variants of Interest-VOIs) အဖြစ်လည်းကောင်း၊ Omicron DV.7, XBB, XBB.1.9.1, XBB.1.9.2 နှင့် XBB.2.3 မျိုးကွဲငါးမျိုးတို့ကို စောင့်ကြည့်ရမည့် မျိုးကွဲများ (Variants Under Monito-ring-VUMs) အဖြစ်လည်းကောင်း ဆက်လက်သတ်မှတ်ထားရှိကြောင်း သိရှိရပါသည်။

JN.1 မျိုးကွဲတွေ့ရှိရမှုသည် ယခင်ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်ထက်မြင့်တက်လာကာ နိုင်ငံပေါင်း ၇၁ နိုင်ငံတွင် ဖြစ်ပွားကူးစက်လျက်ရှိကြောင်း တွေ့ရှိရပြီး ဗီဇပြောင်းမျိုးကွဲစစ်ဆေးမှု စုစုပေါင်း၏ ၆၅ ဒသမ ၅ ရာခိုင်နှုန်းမှာ JN.1 ဖြစ်ကြောင်း၊ ၁၆ ဒသမ ၆ ရာခိုင်နှုန်းမှာ EG.5၊ ၇ ဒသမ ၈ ရာခိုင်နှုန်းမှာ BA.2.86၊ ၃ ဒသမ ၃ ရာခိုင်နှုန်းမှာ XBB.1.5 နှင့် ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ XBB.1.6 မျိုးကွဲတို့ဖြစ်ကြောင်း ဖော်ပြထားရှိပါသည်။

JN.1 မျိုးကွဲကူးစက်ဖြစ်ပွားမှုများမှာ မြင့်တက်လာသော်လည်း ၁၉-၁၂-၂၀၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော အန္တရာယ်ဖြစ်နိုင်မှု ကနဦးဆန်းစစ်အကဲဖြတ်ခြင်း (initial risk evaluation) အရ JN.1 သည် ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ် နည်းပါးကြောင်းနှင့် ၎င်းဗီဇပြောင်း မျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိပါကြောင်း၊ ယခင်မျိုးကွဲများနည်းတူပင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှုမှ ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ဖော်ပြထားရှိပါသည်။

မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ရောဂါ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်မှုမဖြစ်ပွားမီကပင် စတင်၍ ယနေ့အထိ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေအပေါ်မူတည်၍ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အပြင် ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော အကြံပြုချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (Public Health Emergency of International Concern- PHEIC) အဖြစ် စတင်သတ်မှတ်ခဲ့သည့် ၃၀-၁-၂၀၂၀ ရက် မတိုင်မီကပင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုစတင်တွေ့ရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုလှိုင်း လေးခုအနေဖြင့် ကူးစက်ဖြစ်ပွားခဲ့ရာတွင်လည်း ကူးစက်မှုလှိုင်းအပေါ်မူတည်၍ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်၍ ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ် နိုင်ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားမှုမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ သည့် ၅-၅-၂၀၂၃ ရက် နောက်ပိုင်းတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု အပေါ်မူတည်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များကို ထုတ်ပြန်ခြင်းနှင့် ဖြေလျှော့ပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လက်ရှိကူးစက်ဖြစ်ပွားမှု အခြေအနေ

မြန်မာနိုင်ငံတွင် ၂၉-၁-၂ဝ၂၄ ရက် ည ၈ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၄၁၆၉၁ ဦးနှင့် သေဆုံးသူပေါင်း ၁၉၄၉၄ ဦးရှိခဲ့ပြီး ၁၄-၅-၂၀၂၃ ရက် မှစ၍ ၂၉-၁-၂၀၂၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသည့် ရက်ပေါင်း ၂၆၁ ရက်နှင့် ၇-၇-၂၀၂၃ ရက်မှစ၍ ၂၉-၁-၂၀၂၄ ရက်အထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့နှုန်း တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိခဲ့သည့် ရက်ပေါင်း ၂၀၇ ရက် ရှိပြီဖြစ်ပါသည်။

သို့ရာတွင် ကမ္ဘာ့နိုင်ငံများ၌ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ အပတ်စဉ် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာတွေ့ရှိမှုနှင့် ပိုးတွေ့ရှိမှုနှုန်းများ တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် အတည်ပြုလူနာ ခုနစ်ဦး၊ ပိုးတွေ့နှုန်း သုညဒသမ ၀၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် အတည်ပြုလူနာ ၅၄ ဦး၊ ပိုးတွေ့နှုန်း သုညဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စတုတ္ထပတ်တွင် အတည်ပြုလူနာ ၇၃ ဦး၊ ပိုးတွေ့နှုန်း သုညဒသမ ၄၅ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ အခြေအနေ

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း (Genomic Surveillance)” လုပ်ငန်းကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက် လျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ကမ္ဘာ့နိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့တွင် ဆောင်းရာသီကာလသို့ ဝင်ရောက်လာချိန်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ ကူးစက်ဖြစ်ပွားမှု ရှိ/ မရှိ မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် RT-PCR နည်း ဖြင့် ထပ်မံစစ်ဆေးပြီး ဆေးသုတေသနဦးစီးဌာနသို့ ဆက်လက်ပေးပို့၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် SARS-CoV-2 Omicron Variant များဖြစ်သည့် JN.1၊ HV.1၊ XBB.1.16.17 နှင့် EG.5.1.8 တို့ကို အတည်ပြုတွေ့ရှိရကြောင်းနှင့် အဆိုပါ SARS-CoV-2 Omicron Variant များအနက် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၁၀-၁-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် အိုမီခရွန်မျိုးကွဲတစ်ခုဖြစ်သည့် Omicron HV.1 မျိုးကွဲသည် EG.5 မျိုးကွဲမှ တိုက်ရိုက်ဆင်းသက်လာပြီး CDC’s SARS-CoV-2 lineage tree အရ XBB.1.9.2 ၏ မျိုးကွဲဖြစ်ကာ အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လက စတင်တွေ့ရှိရကြောင်း၊ ၎င်းမျိုးကွဲ အား VOI နှင့် VUM အဖြစ် သတ်မှတ်ထားမှုမရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် နောက်ထပ်မျိုးကွဲ တစ်ခုဖြစ်သည့် Omicron JN.1 မှာမူ အိုမီခရွန် BA.2.86 ၏ မျိုးကွဲဖြစ်ပြီး လတ်တလောတွင် နိုင်ငံအများအပြား၌ အဓိကကူးစက်မှု မြင့်တက်လာသည့် အတွက် ၁၃-၁၂-၂၀၂၃ ရက်နေ့၌ သီးခြားမျိုးကွဲအဖြစ် သတ်မှတ်ထားသည့်အပြင် ၎င်းအား VOI အမျိုးအစားအဖြစ် သတ်မှတ်ထားရှိပါသည်။ Omicron EG.5.1.8 နှင့် Omicron XBB.1.16.17 တို့သည်လည်း XBB မျိုးကွဲများဖြစ်ကာ VOI အဖြစ် သတ်မှတ်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေသည့် မျိုးကွဲများ ဖြစ်ပါသည်။

သတိပြုဆင်ခြင်စရာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ JN.1 ကူးစက်ပျံ့နှံ့မှု မြင့်တက်လာကာ ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်နည်းပါးပြီး ပြင်းထန်ရောဂါ ဖြစ်ပွားနိုင်မှုနည်းပါးကြောင်း ဖော်ပြထားရှိသော်လည်း အသက်အရွယ်၊ ကိုယ်ခံအား၊ ရောဂါအခံရှိမှုအပေါ်မူတည်၍ ပြင်းထန်ရောဂါများ ဖြစ်ပွားနိုင်ခြေရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေအား လျှော့ချနိုင်သည်ဖြစ်၍ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးနှစ်ကြိမ် ထိုးနှံထားရှိရန်နှင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုခံယူကြရန် လွန်စွာအရေးကြီးပါသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် ပုံမှန်လူနေမှုဘဝပုံစံ (New Normal Setting) ဖြင့် တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို တတ်နိုင်သမျှ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မိမိတွင် ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ တစ်ခုခုခံစားနေရပါက အခြားသူများသို့ ကူးစက်မှုမရှိစေရေး လူထူထပ်သောနေရာများနှင့် အလုံပိတ်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ပြီး ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားရှိကြရန်နှင့် ရောဂါလက္ခဏာများ မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သော ဆေးကုသမှုခံယူကြရန် လိုအပ်ပါသည်။

ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှ ရောဂါကာကွယ်ရေးအသိ၊ သတိများရှိပြီး မိမိအသိစိတ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကာကွယ်ရေးနည်းလမ်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုများအား ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။  ။

ရည်ညွှန်းချက်

(၁)     ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm

(၂)      ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ WHO COVID-19 dashboard

(၃)     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၉-၁-၂၀၂၄)ရက်နေ့ ထုတ်ပြန်သော COVID-19 Epidemiological Update, Edition 163

(၄)     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Initial Risk Evaluation of JN.1, 19 December 2023

(၅)     WHO Tracking SARS-CoV-2 variants