သတင်းမှားကို သိနားလည်မှုဖြင့်ဖြေရှင်း

 

 

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်းက စီစဉ်သည့် “အွန်လိုင်းဘေးကင်းရေး၊ သတင်းများနှင့်ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ  အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို အွန်လိုင်းဘေးကင်းမှုမြှင့်တင်ရန်၊ သတင်းတု/သတင်းမှား၊ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုစသည့် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား သိသာထင်ရှားသော ခြိမ်းခြောက်မှုများကို သိနားလည်စေရန်နှင့် မီဒီယာသိနားလည်မှုဆိုင်ရာ မြှင့်တင်ပေးခြင်းဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့က ကျင်းပခဲ့သည်။

 

သတင်းတု/သတင်းမှား အန္တရာယ်များကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများပါ ရင်ဆိုင်ကြုံတွေ့နေရာ  အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံများက နည်းလမ်းရှာဖွေ ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတွင် မကြာသေးမီ ရက်ပိုင်းက လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်ပေါ်လာခဲ့သည်ကို အကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊  စစ်ရေး စသည့်မျက်နှာစာအမျိုးမျိုးတွင် သတင်းတု/သတင်း မှားများကို အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် ဖြန့်ဝေပြီး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လာကြရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက် လာနိုင်သည့် အန္တရာယ်များ ရှိလာခဲ့သည်။

 

သတင်းအချက်အလက်နှင့် မီဒီယာများ ပြောင်းလဲတိုးတက်လာသည့်ကာလတွင် သတင်းအချက်အလက်ဆိုင်ရာ ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်သည့် သုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ အင်တာနက်သည် သတင်းအချက်အလက်များ လွတ်လပ်စွာရရှိနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း ထိုသို့ဆောင်ရွက်မှုသည် သတင်း မှားများ/ သတင်းတုများကို ခိုင်မာသည့်သုံးသပ်ချက်ကဲ့သို့ ထင်မြင်စေသည့် ဝါဒဖြန့် လိမ်ညာမှုများအတွက် အခွင့်အလမ်း ဖြစ်စေခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။ လက်တွေ့တွင် မသမာသူများက  အင်တာနက်ကိုအသုံးပြု၍  လူတစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုချင်းသာမက နိုင်ငံနှင့်ချီ၍ သတင်းတု/ သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်ကို ကြုံတွေ့နေရသည်။

 

မသမာသူများက သတင်းမှားများကို ရည်ရွယ်ချက်ရှိစွာဖြင့် ရှုပ်ထွေးပျံ့နှံ့ သွားစေရန် အွန်လိုင်းပေါ်သို့ တင်လိုက်သည့်အခါ မီဒီယာကို မကောင်းသည့်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို တားဆီးရန်စိန်ခေါ်မှုများစွာရှိခဲ့သည်။ ဖြေရှင်းရန် နည်းလမ်းတစ်ခုမှာ မီဒီယာဆိုင်ရာ သိနားလည်မှုကို  ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် လျင်လျင်မြန်မြန် ချပြပေးနိုင်ရေးဖြစ်သည်။ မီဒီယာဆိုင်ရာ သိနားလည်မှုသည် သတင်းတုများကို တုံ့ပြန်ရာ၌ ဗဟိုချက်မဖြစ်သည်ကို တွေ့ရှိလာကြသည်။ သို့သော် အလုံးစုံအဖြေတစ်ခုတော့မဟုတ်ပါ။ ရှုပ်ထွေးသည့် သတင်းနှင့် မီဒီယာဝန်းကျင်အတွင်းမှ မူဘောင်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အဖြေတစ်ခုမှာ သတင်းမှန်ထုတ်ပြန်မှုကို အရင်မဦးလျှင်တောင်မှ နောက်ကျထုတ်ပြန်ခြင်းမပြုဘဲ တန်းတူထုတ်ပြန်နိုင်လျှင်ပင် အကျိုးရလဒ်ရနိုင်ပါသည်။

 

မီဒီယာသိနားလည်မှုမှ ပြည်သူလူထုယုံကြည်မှုထက် ပြည်သူလူထု ယုံကြည်မှုဖြင့်  မီဒီယာသိနားလည်မှု  ဖြစ်စေပါသည်။ ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ပြီးသည်နှင့် သတင်းမှား/ သတင်းတုများ ချက်ချင်းတက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဖြစ်ရပ်တစ်ခုဖြစ်ပြီးသည်နှင့် သတင်းမှန်များလည်း ချက်ချင်းဖော်ပြနိုင်ပါလျှင် ပြည်သူလူထုအနေဖြင့် ခွဲခြားရှုမြင် ချင့်ချိန်နိုင်မည်ဖြစ်သည်။ အင်တာနက်နည်းပညာ ဖွံ့ဖြိုးလာသည်နှင့်အမျှ  သတင်းတု/ သတင်းမှားအန္တရာယ်မှာ များလာသည်။ ပြည်တွင်း၌ အင်တာနက်အသုံးပြု တိုက်ခိုက်လှုံ့ဆော်မှုများကို ထိရောက်စွာအရေးယူ နိုင်ခြင်းရှိသော်လည်း ပြည်ပမှ အထောက်အပံ့များဖြင့် တိုက်ခိုက်လှုံ့ဆော် သွေးထိုးမှုများကို တုံ့ပြန်ရန်လိုအပ်ချက်များ ရှိနေသေးသည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မီဒီယာသိနားလည်မှုဖြင့် အကာအကွယ်ပေးနိုင်ရန်အတွက် မီဒီယာအခင်းအကျင်း တစ်ခုလုံးကို နည်းပညာအသစ်များ၊ တင်ဆက်ပုံအသစ်များဖြင့် ရှိရင်းစွဲအစီအစဉ်များကို မွမ်းမံသင့်ပါသည်။ ပညာရပ်ဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သင့်ပါသည်။ သတင်းတုများအပေါ် အာရုံစူးစိုက်လာနိုင်ခြင်းသည် ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖြစ်စေနိုင်ပါသည်။

 

ပိုမိုတိကျသော အကဲဖြတ်ချက်များဖန်တီးနိုင်သည့် ဒေတာဘေ့စ်များ တည်ဆောက်ထားရန် လိုအပ်ပါသည်။ သတင်းတု/ သတင်းမှားများ အွန်လိုင်းတွင် ပျံ့နှံ့မှုနှင့် အကျိုးသက်ရောက်မှုများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်နိုင်ရန်လိုအပ်ပါသည်။ အွန်လိုင်းအကြောင်းအရာများကို အသိအမှတ်ပြုရန်နှင့် အကဲဖြတ်ရန်အတွက် ပညာပေးမှုများ၊ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည် ခြင်းနှင့် အွန်လိုင်းခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန် အသိပညာနှင့် ကျွမ်းကျင်မှုများအား ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။ သတင်းအချက်အလက်များကို တာဝန် သိစွာမျှဝေမှုနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများအား ကျင့်ဝတ်များနှင့်အညီ အသုံးပြု နိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

 

သို့ဖြစ်ရာ သတင်းတု/သတင်းမှားများ ကျယ်ပြန့်လာသောကာလတွင် ပြည်သူ လူထုအား မှန်ကန်သောသတင်း သိနိုင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေး ပြီး အွန်လိုင်းပေါ်တွင် အန္တရာယ်ကင်းဝေးရေး၊ သတင်းမှားများနှင့် ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် မီဒီယာကဏ္ဍမှသာမက နယ်ပယ်အသီးသီးမှ တာဝန်သိစွာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်း အပ်ပါကြောင်း။

 

ကြေးမုံ