သတင်းတု၊ သတင်းမှားတွေကို စိစစ်ထုတ်ပြန်ပေးဖို့က အလွန်ကိုအရေးကြီးပါတယ်ဟု ဒေါက်တာမျိုးသန့်တင် ပြောဆို

လတ်တလော ပြင်ပတွင် ထွက်ပေါ်နေသည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်အချို့၏ တစ်ဖက်သတ် ကောက်ချက်ချ ဝေဖန်ပြောဆိုနေမှုများ၊ ထိုမှဆက်၍ အခြားသူများကပါ ထင်မြင်ရာကို ဝင်ရောက်ဆွေးနွေး ပြောဆိုနေမှုများနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူ များထံ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည် -

 

(ယမန်နေ့မှ အဆက်)

 

ဒေါက်တာမျိုးသန့်တင် (ဒုတိယဥက္ကဋ္ဌ (၁)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ)

 

ဒီကိစ္စမှာ ကျွန်တော်တို့ နေပြည်တော်ကို သွားတာကတော့ ဥပဒေအရ ကောင်စီအဟောင်းက သက်တမ်းသုံးနှစ် ပြည့်သွားပြီမို့  ကောင်စီအသစ်ကို ပြန်ပြီးဖွဲ့တယ်။ ဒီကောင်စီအသစ်က သမ္မတရဲ့ ရှေ့မှောက်မှာ ကတိသစ္စာ ပြုဖို့ဆိုပြီး လုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့   သွားတာဖြစ်ပါတယ်။

 

အဲဒီမှာ ဘယ်သူဘာလုပ်ရမယ်ဆိုတာ ဘာမှကန့်သတ်ချက်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သမ္မတကြီးနဲ့ တွေ့မယ်၊   ကတိသစ္စာပြုမယ်။ ကတိသစ္စာ ပြုပြီးတော့ သမ္မတကြီးက ကျွန်တော်တို့ကို ပြောကြားတဲ့ ကိစ္စလေးတွေ နာယူမယ်။ ဒီကိစ္စမှာ ကျွန်တော်တို့က ပြောစရာ၊ ဆိုစရာရှိလည်း မရှိဘူး။ ညှိလည်း မညှိထားဘူး။ ဒီကိစ္စအတွက်ပဲ သွားတယ်။ ပြီးရင် သမ္မတကြီးက ကျွန်တော်တို့ကို ကော်ဖီနဲ့ ဧည့်ခံတဲ့ အခါမှာတော့ အာလာပသလ္လာပ ပြောကြတယ်။  

 

အခု ဒီမှာ ပြောကြ၊ ဆိုကြတယ်ဆိုတာ ကောင်စီရဲ့ သဘောထားတစ်ခုမှ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ ပြောကြဆိုကြပြီးတော့  သူတို့ရဲ့ ကိုယ်ပိုင်သဘောထားတွေလို့ပဲ ကျွန်တော်တို့ မှတ်ယူပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီဟာကို သီးခြားထုတ်ပြန်ချက် ထုတ်ရလောက်အောင် ကောင်စီအနေနဲ့ သူတို့ပြောတာ ဆိုတာတွေ ဘာမှညှိနှိုင်းထားတာ မရှိပါဘူး။    ဒီဟာကို သတင်းထုတ်ပြန်ပြီးတော့ ဟိုဟာ ဒီဟာဖြစ်ဖို့၊ ဒီဟာကို သတင်းအနေနဲ့ အပြင်ကို ပြောကြဆိုကြဖို့ဆိုတာ ဘာမှမရှိပါဘူး။ အဲဒီလို ပြောလာရင်တော့လည်း ကျွန်တော်တို့ ကောင်စီနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီလို သဘောထားပါတယ်။

 

ကျွန်တော်တို့ သတင်းမီဒီယာကောင်စီအနေနဲ့ အလွန်အရေးကြီးဆုံး လုပ်ဆောင်ရမယ့် အချက်တစ်ခု ရှိပါတယ်။ အခုဆိုရင် ဒုတိယသက်တမ်း သုံးနှစ်စတာပါ။ ပထမသုံးနှစ် သက်တမ်းမတိုင်ခင် ယာယီကောင်စီ ဖွဲ့ပါတယ်။ ယာယီကောင်စီဖွဲ့တာ ကျွန်တော်တို့ကို အချိန်တစ်နှစ် ပေးပါတယ်။ အခု တာဝန်ယူ ဆောင်ရွက်နေတဲ့ ဥပဒေကြမ်း ရေးဆွဲရတယ်။ ရေးဆွဲပြီးတော့ ဥပဒေနဲ့အတူ ကျင့်ဝတ်တွေကို ရေးဆွဲရတယ်။ အဲဒီအတွက်ကို ဒါကိုဖွဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်အနေနဲ့ စပြီးပါလာတယ်။ ဥပဒေဆွဲတာ တစ်နှစ် ခွင့်ပြုချက်နဲ့ မလုံလောက်ဘဲ သုံးနှစ်ကြာမှ  ဥပဒေကို ရပါတယ်။ ရတဲ့ဥပဒေကို တင်လိုက်တယ်။ တင်ပြီးတော့ ပထမသက်တမ်းမှာတော့ ဒီဥပဒေအရ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ပထမသက်တမ်းမှာ တိုင်ကြားတဲ့ ကိစ္စက  အဓိကပါ။

 

ပြီးခဲ့တဲ့သုံးနှစ်မှာ တိုင်ကြားတဲ့ကိစ္စက ကျွန်တော်တို့ရဲ့ အဓိကတာဝန်ပါ။ တိုင်ကြားတဲ့ကိစ္စကို လုပ်ရင်းနဲ့ ကျွန်တော်တို့ အများကြီးစူးစမ်း လေ့လာရပါတယ်။ တကယ့်နယ်ပယ်ထဲမှာ ဖြစ်နေတဲ့ဟာတွေနဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြောကြ၊ ဆိုကြ၊ တိုင်ကြားကြ။ ဥပဒေအရလည်း မီဒီယာသတင်းကိစ္စမှန်မျှ ကျွန်တော်တို့က တာဝန်ယူပြီးတော့ ဟိုဘက်၊ ဒီဘက် ပြေလည်အောင် ဆောင်ရွက်ရမယ်ဆိုတာ ဥပဒေထဲမှာလည်း ပါပါတယ်။ အဲဒီအတိုင်း တော်တော်များများ ကြိုးစားပြီး ဆောင်ရွက်ပါတယ်။

 

ပထမ စာနယ်ဇင်းကောင်စီယာယီနဲ့ သတင်းမီဒီယာကောင်စီ ကြားကာလမှာ  အမှု ၁၀ဝ နီးပါး ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာ ကြီးကြီးမားမားဖြစ်တာ သိပ်မရှိပါဘူး။ အဲဒီအတွေ့အကြုံနဲ့ ကျွန်တော်တို့က ဥပဒေရလာတယ်။ ကျင့်ဝတ်တွေရတယ်။ ရလာတော့ ပြီးခဲ့တဲ့ သက်တမ်းမှာတော့ ကျွန်တော်တို့ရဲ့ အဓိကရပ်တည်မှုက ဥပဒေရယ်၊ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေရယ် ဒီအတိုင်း ရပ်တည်ပါတယ်။ အဲဒီတော့ နှစ်ပိုင်းရှိတာပေါ့။ သတင်းမီဒီယာက ရေးပြီးထွက်လာတဲ့ သတင်းတွေကို သက်ရောက်မှုရှိတဲ့ ပြည်သူ ပြည်သားနဲ့ အဖွဲ့အစည်းပေါင်းစုံ ဒီနှစ်ခုက ပြဿနာရှိလာရင် တိ်ုင်ကြားတဲ့သဘောမျိုးနဲ့ ဒီလိုတော့ ပြောတယ်၊  ကျွန်တော့် ဂုဏ်သိက္ခာ ထိပါတယ်ဆိုပြီး    တိုင်လာတယ်။  ကျွန်တော်တို့က ဘာကိုကြည့်သလဲဆိုတော့ ပေးထားတဲ့ ဥပဒေရယ်၊ ကျင့်ဝတ်တွေရယ်။ မီဒီယာသမားဆိုရင် ကျင့်ဝတ်ပေါ့။ ကျင့်ဝတ်ကိုလိုက်တယ်။ ဥပဒေ အတိုင်းသွားတဲ့ မီဒီယာသမားတွေဆိုရင် ကျွန်တော်တို့ ရပ်တည်ပေးပါတယ်။

 

ဒီဘက်မှာ သူ့အနေနဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်ပြောရင် ကျွန်တော်တို့က ကျင့်ဝတ်နဲ့ ဥပဒေကို ညှိပြီးတော့ ဖြေရှင်းပေးတယ်။   ဥပမာ တစ်ခုဆိုပါတာ့။ မီဒီယာမှာ အချက်အလက်တွေရှိတယ်။   ဒီတော့ သူမမှားဘူးဆိုပြီး တင်းခံနေတယ်။ ဟုတ်တယ် မမှားပါဘူး။ ဒါပေမယ့် ဟိုဘက်ကနေ ခံစားနေရတယ်ဆိုရင်တော့  ဗုဒ္ဓဘာသာ အစဉ်အလာအတိုင်း ဒီအတွက် ခင်ဗျားတို့ စိတ်မကောင်းဖြစ်တာကို ဝမ်းနည်းပါတယ်ဗျာ။ ဒါလောက် ပြောလိုက်ရင် ဟိုဘက်ကလည်း ကျေနပ်မယ်ဆိုရင် အဲဒီလိုမျိုး ညှိပေးလိုက်တဲ့ ဖြစ်စဉ်လေးတွေလည်း အများကြီး ရှိပါတယ်။

 

အဲဒီလိုနဲ့ ပြေလည်သွားကြတယ်။ ရုံးရောက်၊ ဂတ်ရောက်တာ တော်တော် နည်းပါတယ်။ တချို့ ဖြစ်စဉ်တွေပေါ့။ ကျွန်တော်တို့ ဥပဒေက မီဒီယာရော၊ အွန်လိုင်းမီဒီယာရော ကျွန်တော်တို့နဲ့ သက်ဆိုင်ပါတယ်လို့ ပါပါတယ်။ ပါတော့ ဒီကြား ထဲမှာ ဥပဒေတွေက ထွက်လာတယ်။ ၆၆  ဃ လို အဲဒါတွေနဲ့ သွားတဲ့အခါမှာ အများအားဖြင့် ကျွန်တော်တို့ဆီ မလာရတော့ဘူး။ ကျွန်တော်တို့ဆီမလာတဲ့ ဖြစ်စဉ် သုံးခု၊ လေးခု လောက်ရှိတယ်။ အဲဒီတော့ ၆၆ ဃ နဲ့ ဟိုဘက်ကို တန်းသွားတဲ့အခါမှာ ဒီဘက်က မီဒီယာသမားတွေက   အကူအညီတောင်းပေမယ့် ကျွန်တော်တို့ ဥပဒေအရ ရုံးကို ရောက်သွားတဲ့ကိစ္စတွေဆိုရင် ကျွန်တော်တို့ ဘာမှဝင်လို့မရဘူး။ ဟိုဘက် ဒီအမှုကို လက်ခံပြီး စစ်ဆေးနေပြီဆိုရင် ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူး။  

 

အဲဒီလို ဖြစ်စဉ်တွေကိုတောင် ကျွန်တော်တို့ဘက်က အများကြီးကြိုးစားပြီးတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ ဥပဒေအရ ညှိလို့ရမယ့် ဟာမျိုးကို ကြိုးစားပါသေးတယ်။ ဒါပေမယ့်လည်း ထောင်ကျ၊ တန်းကျတော့ ဖြစ်သွားတယ်။ ဖြစ်စဉ်နှစ်ခု၊ သုံးခု လောက်ပေါ့။ အဲဒီလို   ထောင်ကျသွားပေမယ့် သက်ဆိုင်တဲ့အဖွဲ့က ကျွန်တော်တို့ဆီကို ဒီလိုကိစ္စကိုတော့ ပြန်ရုပ်သိမ်းပါပြီ ခင်ဗျာ။   ဒီလိုရုပ်သိမ်းတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင် မထုတ်ပြန်တော့ပါဘူး။  ကောင်စီကပဲ ထုတ်ပြန်ပေးပြီးတော့ ကျေအေးသွားပါပြီ ဆိုပြီး လုပ်လိုက်တဲ့ အတွက် ဒီလို ကျေအေးသွားတာတွေလည်း ရှိပါတယ်။

 

အခု သင်တန်းကျောင်းတွေ နှစ်ခု၊ သုံးခု လောက်ပေါ်လာတယ်။ ပေါ်လာတဲ့ သင်တန်းကျောင်းတွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သလောက် ထောက်ပံ့ပေးပြီးတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ ဥပဒေပေါ်မှာ စောင့်ထိန်းရမယ့် သူတို့ရဲ့ ချဉ်းကပ်မှုတွေ ဒါတွေ ကျွန်တော်တို့ လုပ်ပါတယ်။

 

သတင်းတု၊ သတင်းမှားတွေကို စိစစ်ထုတ်ပြန်ပေးဖို့က  အလွန်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့ စပြီးတော့  တိုင်ကြားတာတွေ အများကြီး လုပ်တုန်းအချိန်မှာပဲ သတင်းအမှားတွေနဲ့ ပြည်တွင်းမှာတင် မဟုတ်ဘူး။ နိုင်ငံခြားသတင်းတွေကပါ လာပြီးတော့ တည့်တည့်ပြောရရင် ရခိုင်ကိစ္စမှာ သတင်းအမှားတွေ အများကြီး ဖြစ်လာတယ်။ ဒါအားလုံးသိပါတယ်။ သတင်းအမှားတွေဖြစ်လာတာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ သတင်းအမှားကို ပြည်သူတွေအနေနဲ့ သတင်းအမှန်ကို သိအောင်၊ တစ်ကမ္ဘာလုံးလည်း သိအောင် ကျွန်တော်တို့က ပြောရမှာ။ အဲဒီအချိန်မှာ ကျွန်တော်တို့မှာက အတွေ့အကြုံလည်း နည်းသေးတယ်။ နောက်ပြီးတော့ facility တွေကလည်း အခုမှ စတုန်းဆိုတော့ အဲဒါကို ပြီးခဲ့တဲ့ သုံးနှစ်မှာ ချက်ချင်းမကိုင်နိုင်ဘူး။ မကိုင်နိုင်တော့ အားမလို အားမရဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။

 

နောက်ဆုံးကျတော့ ကောင်စီကိုယ်တိုင်က ပြီးခဲ့တဲ့နှစ်က သတင်းသမား ၃၀ လောက်ကို ကျွန်တော်တို့ရဲ့ ကြီးကြပ်မှုနဲ့ ခေါင်းဆောင်ပြီး ရခိုင်ပြည်ဘက်ကို သွားတယ်။  ပြဿနာဖြစ်နေတဲ့ နေရာအားလုံးကို ကျွန်တော်တို့ ရောက်တယ်။ ဟိုဘက်ကလည်း ကူညီကြတယ်။ လိုက်ပြပါတယ်။ လုံခြုံရေးအခြေအနေကြာင့်  တစ်နေရာပဲ သွားလို့ မရတာ။ အဲဒီမှာ အတွေ့အကြုံက ဘာလဲဆိုတော့ ဒီဟာက ကျွန်တော်တို့ နိုင်ငံအတွက် အလွန်ကို အရေးကြီးတဲ့ ကိစ္စပဲ။ ဒီသတင်းအမှားတွေကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့နဲ့ ပါလာတဲ့အထဲက အင်တာနက်ကုမ္ပဏီတွေ၊ အွန်လိုင်း ကုမ္ပဏီတွေပေါ့လေ။ အဲဒီလိုလုပ်နေတဲ့ အဖွဲ့က သုံးယောက်၊ လေးယောက်လောက် ပါလာတယ်။ သုံးယောက်၊ လေးယောက်ဆိုပေမယ့် ကျွန်တော်တို့ အားကိုး ရမယ့် လူတွေလို့ သိတယ်။

 

ဘာကြောင့်လဲဆိုတော့ အခုဖြစ်တာကလည်း အွန်လိုင်းနဲ့ဖြစ်တာဆိုတော့ အွန်လိုင်းနဲ့ ပတ်သက်တာတဲ့ ဟာတွေမှာ သူတို့ရဲ့ စီးပွားရေးအရ  ဒီသတင်းတွေကို သူတို့က ကြည့်နေရတာ။ အခု ကျွန်တော်တို့က ဒီမှာ စောင့်ကြည့်မှုတွေ လုပ်မယ်ဆိုရင် ဌာနက လူပေါင်းများစွာနဲ့ ကိရိယာများစွာနဲ့ လုပ်နေရမှာ။ အဲဒီမှာ သူတို့နဲ့ တွေ့ပြီး ခင်မင်ရင်းနှီးလာတော့ အထွေအထူးတောင် မလုပ်ရဘူး။ ဒီအထဲမှာ ရှာရင်းဖွေရင်းနဲ့ သတင်းဝင် လာတဲ့အထဲမှာ သတင်းအမှားလို့ထင်ရင် ချက်ချင်း ကျွန်တော်တို့ကို ပြောပါ။ အဲဒီလို သုံး၊ လေးယောက် လောက်က ပြောရင် ကျွန်တော်တို့မှာ ဥပဒေက ပေးထားတာ ဘာရှိသလဲဆိုရင် ထုတ်ပြန်နိုင်တယ်။ ဒီဟာ သတင်းအမှားပါဆိုပြီး ချက်ချင်း  Website ထောင်ပြီး ထုတ်ပြန်နိုင်တယ်။

 

ကျွန်တော်တို့က Website ကိုစပြီး ထူထောင်တာပေါ့။  အဲဒီ အဖွဲ့လေးတွေနဲ့ အခြေအနေလေးတွေ ရှိတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီးတော့ လုပ်လို့ ရမယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့လေးလုပ်လိုက်မယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ်ကစပြီး လုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကို ထားပြီးတော့ သတင်းရလာတာနဲ့ ကျန်တဲ့အဖွဲ့တွေကို ဒီလိုတော့ ရတယ်၊  ခင်ဗျားတို့ဆီမှာ ဘာအထောက်အထားများရှိသလဲ။ သတင်းအမှားလား၊  ဘာလားဆိုတာ။ အထောက်အထားရတာနဲ့ တိုင်းပြည်အတွင်းမှာရော၊ နိ်ုင်ငံတကာကိုရော တင်လိုက်မယ်။ ဥပမာ ဓာတ်ပုံကိစ္စမှာ မဟုတ်တဲ့ ဓာတ်ပုံတွေ၊ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်က ဓာတ်ပုံတွေ ဒါကျွန်တော်တို့ဆီမှာ ဖြစ်တယ် ဆိုပြီး ပါသွားရင် အွန်လိုင်းလုပ်နေတဲ့ ကျွန်တော်တို့ မီဒီယာကုမ္ပဏီတွေက သိတယ်။

 

အွန်လိုင်းလုပ်နေတဲ့ မီဒီယာကုမ္ပဏီတွေက  သိတယ်ဆိုရင် သူတို့ဆီကယူပြီး ချက်ချင်းတင်လိုက်လို့ရတယ်။ အဲဒါကို ရခိုင်က ပြန်လာပြီးကတည်းက စောင့်ကြည့် လေ့လာရေးလုပ်မယ်ဆိုပြီး အစပျိုးနေတာပါ။ အခုတော့ တရားဝင်လုပ်မယ်။ လုပ်ပြီးတော့မှ ဥပမာကျွန်တော်တို့ဆီက Facility မရှိရင်တောင် ကျွန်တော်တို့ မီဒီယာသမားတွေ Facility ကိုယူပြီးတော့ ဒါကိုလုပ်မယ်။ သတင်းတု၊ အတင်းမှားတွေ ဖြစ်တဲ့ကိစ္စကို အခြေခံ သိတာနဲ့ ကြေညာမယ်။ ဒါတစ်ခုကို လုပ်ထားတယ်။

 

သမ္မတကြီးနဲ့ အာလာပသလ္လာပ ပြောတဲ့အခါမှာလည်း သမ္မတကြီးရဲ့ အားပေးမှုတွေရလာတော့ ဒါကို အင်တာနက်တွေ၊ အွန်လိုင်းတွေပေါ်မှာပေါ်လာတဲ့ သတင်းတွေကို ကျွန်တော်တို့ Counteract ဘယ်လို လုပ်မလဲဆိုတဲ့ အခြေခံက အခုဆိုရင် တော်တော်လေးရှိသွားပါပြီ။ ပြီးခဲ့တဲ့ လေးငါးခြောက်လနဲ့ အခုဆိုရင် လုပ်လို့ရသွားပါပြီ။ နောက်တစ်ခုက လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံမှာဖြစ်တဲ့ သတင်းတု၊ သတင်းမှားဆိုရင် ကျွန်တော်တို့ရဲ့ ဥပဒေနဲ့ ချက်ချင်းအရေးယူလို့ရတယ်။ ဒါပေမယ့် နိုင်ငံခြားကထုတ်တဲ့ သတင်းတွေဆိုရင် ကျွန်တော်တို့က လုပ်လို့မရဘူး။ ဒါကိုဘယ်လို လုပ်မလဲ ဆိုတော့ နိုင်ငံခြားမှာလည်း သတင်းမီဒီယာကောင်စီတွေရှိတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့အသံကို နားထောင်ကြည့်တဲ့အခါမှာ သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ချင်တယ်။ ချိတ်ဆက်ဆောင်ရွက်ဖို့ သူတို့ ကိုယ်တိုင်ကလည်း လာရောက်ချိတ်ဆက်ကြတယ်။

 

ဥပမာ ထိုင်းကထွက်တဲ့သတင်းစာကနေ ကျွန်တော်တို့ရဲ့ သတင်းတု၊ သတင်းမှားတွေ ပါလာရင် ကျွန်တော်တို့က တိုက်ရိုက်လုပ်လို့မရရင် ထိုင်းနဲ့ MoU ထိုးပြီးပါပြီ။ MoU မှာ ဒါတွေပါတော့ MoU အရ ထိုင်းကောင်စီကို ခင်ဗျားတို့ရဲ့ ဥပဒေအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေက ဒီလိုတွေလုပ်နေတယ်။ ကူပါဦးဗျာဆိုရင် သူတို့က ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တယ်။ အဲဒီလမ်းကြောင်းကိုလည်း စနေပါပြီ။ ထိုင်းနဲ့ MoU ထိုးပြီးပြီ။

 

စင်ကာပူ၊ အိန္ဒိယတို့နဲ့လည်း MoU ထိုးပြီးပါပြီ။ အခု နီပေါနဲ့ထိုးပြီးပါပြီ။  ဒီ ကွန်ရက်ကို အားကိုးပြီးလုပ်ပါတယ်။ ပြန်ချုပ်ရရင်  Facility တွေအနေနဲ့ ဝက်ဆိုက် ရှိပါပြီ။ ဝက်ဆိုက်က ချက်ချင်းထုတ်လို့ရပြီ။ ဥပဒေအရ ထုတ်ခွင့် အပြည့်အဝရှိပြီဆိုတော့ ရှိနေတဲ့ Facility တွေနဲ့ အကောင်း ဆုံးဖြစ်အောင် လုပ်မယ်။ လုပ်ရင်လည်း ဖြစ်လောက်တယ်လို့ ကျွန်တော်တို့ သဘောပေါက်တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး ပြောတဲ့ အကြောင်းအရာတွေကို လေ့လာပြီး ချက်ချင်းထုတ်ပြန်လိုက်တယ်။ ရတဲ့ Facility က သေးသေးလေးတွေ။ ဒါပေမယ့် ခိုင်လုံတယ်။ သူတို့ကို ကြည့်လိုက်တဲ့အခါမှာ သတင်းရင်းမြစ်တွေ၊ ဘာတွေမရှိဘဲ ဟိုလူကကြားလို့၊ ဒီလူကကြားလို့ဆိုတဲ့ အရေးအသားနဲ့ ရေးလိုက်တာက ကျင့်ဝတ်အရ လုပ်ကိုမလုပ် သင့်ဘူး။

 

ကျွန်တော်တို့ရဲ့ အကြီးဆုံးလက်နက်က ဘာလဲဆိုတော့ ထုတ်ပြန်လိုက်တယ်။ ဒီလို ဒီလိုဖြစ်နေပြီ။ ဒီမီဒီယာ သမားကိုသိရင် သူတို့က မဟုတ်တာတွေ လုပ်နေတယ်ဆိုရင် နိုင်ငံတကာမှာတော့ မီဒီယာတစ်ခုက မဟုတ်တာကို ရေးလိုက်တယ်ဆိုရင် သူတို့ကို ထောင်ကျတာထက်ကို သူတို့က နာသေးတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ပုံရိပ်ကပျက်သွားပြီ။ ဒါ့ကြောင့် ထုတ်ပြန်တာက ကျွန်တော်တို့ရဲ့ လက်နက်ပဲ။ ထုတ်ပြန်နိုင် ဖို့အတွက် ဝက်ဆိုက်ရှိပြီ၊ သတင်းမှားဆိုရင် မဟုတ်တဲ့ သက်သေပြဖို့အတွက် အထောက်အထားတွေရအောင် ကြည့်မယ်။ 

 

 ဒါကို ကျွန်တော်တို့ လုပ်ပါ့မယ်။ အဖွဲ့ဖွဲ့ ပါမယ်။ အဖွဲ့ဖွဲ့ပြီးမှ သူတို့မှာ ပစ္စည်းဘာညာ ရှိတယ်။ သတင်းမှားက လိုအပ်တဲ့ သတင်းအချက်အလက်၊ အတွေးအခေါ် ဒါတွေကို ဆွေးနွေးပွဲတွေခေါ်မယ်။ နိုင်ငံခြားက လည်း ဖိတ်ခေါ်မယ်။ ဖိတ်ခေါ်ပြီးတော့ အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်မယ်။ သင်တန်းကျောင်းတွေရှိပြီ။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ ဖြစ်စဉ်တွေကိုကျတော့ ဖိုရမ်တွေ၊ ဆွေးနွေးပွဲတွေ လုပ်မယ်။ ဒါ့ကြောင့် ဒီနေရာကို ကျယ်ကျယ်ဝန်း ဝန်းလုပ် ထားတယ်။ ကျွန်တော်တို့ အချင်းချင်းရော၊ နိုင်ငံခြားကသူတွေပါ ဝိုင်းကူ ဆွေးနွေး ပြောဆိုကြမယ့်သူတွေရှိတယ်။

 

သတင်းမီဒီယာကောင်စီချင်း လုပ်ထားတာဆိုတော့ သူတို့အနေနဲ့လည်း သွားရ လာရ လွယ်ကူတယ်။ အဲဒီ အဆင့်တွေတော့ ရောက်ပါပြီ။ တော်တော့်ကို အလေးထားပြီး လုပ်ပါမယ်။ ကျွန်တော်တို့ရဲ့ မှုခင်းများ ညှိနှိုင်းဖြေရှင်းမှုကော်မတီက အဓိက ဖြစ်သလို ဒုတိယအဓိကအကျဆုံးက သတင်းတု၊ သတင်းမှားပါ။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးလည်းသိမှာပါ။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး   မဟုတ်တဲ့ သတင်းတု၊ သတင်း မှားတွေက ဒုက္ခပေးနေတာ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ရဲ့ရပ်တည်မှုကို ကိုယ်လုပ်နိုင်ရဲ့သားနဲ့  မဟုတ်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ လာလာပြီး ဖိအားပေးပြီးတော့ ကျွန်တော် တို့နိုင်ငံရဲ့ အခြေအနေကို လာပြီးထိပါးတာတော့ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့ ကြိုးစားပါမယ်။

 

သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုပွဲမှာ သမ္မတကြီးက မိန့်ခွန်းပြောကြားရာမှာ “နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်မြင့်မားလာအောင် ကျွန်တော်တို့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာပို၍မြင့်တက်လာအောင် သတင်းမီဒီယာစွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြ ပါလို့” ပြောကြားမှုအပေါ် ကျွန်တော်တော့ အရမ်းကိုပီတိဖြစ်တယ်။ အားလည်း ကိုးသွားတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာပါတဲ့ နောက်ဆုံးအချက် ငါးချက်က ကျွန်တော်တို့ရဲ့ လမ်းပြမြေပုံလိုပဲ။ အဲဒီအပေါ်မှာကြည့်ပြီး ဆောင်ရွက်သွားပါမယ်။  ဒါတွေက လမ်းညွှန်တွေလို့ သဘောထားတယ်။  ကျွန်တော်တို့ လုပ်နိုင်သမျှကို လုပ်သွားပါ့မယ်။
တွေ့ဆုံမေးမြန်း  -  ရဲခေါင်ညွှန့်၊ နန္ဒာဝင်း