သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန်  ၁၄   မတ်

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

 

1

 

အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီးသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

 

2

 

အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက ဆောင်ရွက်တော်မူသည်။

 

3

 

ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် များက ``သာသနဿစလောကဿ ဝုဎ္ဍိ ဘဝတု သဗ္ဗဒါ´´အစချီသော (၂)ဂါထာကို သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်တော်မူကြသည်။ 

ထို့နောက် အစည်းအဝေးကျင်းပမည့် ၁၃၈၀ ပြည့်နှစ် တပေါင်းလဆန်း (၉၊၁၀၊၁၁) ရက်၊ ၂၀၁၉ခုနှစ် မတ်လ(၁၄၊၁၅၊၁၆)ရက်များအတွက် အစည်းအဝေး အစီအစဉ်ကို လျှောက်ထားအတည်ပြုချက်ရယူပြီး နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ကြီးများထံမှ သြဝါဒနာယူကြသည်။

ထို့နောက် အစည်းအဝေးသဘာပတိနိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယ သြဝါဒဂါထာကို မြွက်ကြားတော်မူသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

ယင်းနောက် တစ်နှစ်တာကာလအတွင်းပျံလွန်တော်မူသွားကြသည့် နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွား တော်မူကြောင်း မှတ်တမ်းတင်ပြီးအစားထိုးရွေးချယ် တင်မြှောက်ခြင်း ခံရသောနိုင်ငံတော် သြဝါဒါစရိယဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုတင်သွင်း၍ အတည်ပြုချက်ရယူကာတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်းလျှောက်ထားပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။

မွန်းလွဲ(၁)နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာနိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများထံလှူဒါန်းမည့် ငွေကျပ်သိန်း၆၄၀တန်ဖိုးရှိ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းစာအုပ်၄၀၊ အဋ္ဌကထာကျမ်းစာအုပ်၄အုပ် စုစုပေါင်း ၄၄အုပ် လျှင် တစ်စုံ၊ အစုံ၅၀ဝကျမ်းစာအုပ်များနှင့် ငွေကျပ်သိန်း၁၂၀ဝတန်ဖိုးရှိ ခေတ်မီစာပုံနှိပ်စက်တစ်လုံကို လှူဒါန်းရာဆရာတော်ကြီးများ၏ ဥပတ္ထမ္ဘကအဖြစ် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ အလှူရှင် စည်သူဝဏ္ဏကျော်ထင် ဦးရန်ဝင်း+ဒေါ်လွင်လွင်ဝေ(အေဝမ်းဆောက်လုပ်ရေးကုမ္ပဏီ)၊ ဦးစိုးမြင့်ဆွေ+ သုဓမ္မ သိင်္ဂီ ဒေါ်ရည်ဝိုင်းဦးနှင့် သားမောင်ခန့်စည်သူ၊ ဦးအာကာကြိုင်+ သုဓမ္မသိင်္ဂီ ဒေါ်သိင်္ဂီလင်းနှင့် သမီးမဂုဏ်ရှိန်မြင့်မိုရ်ကြိုင် သားသမီးမြေးတစ်စုတို့က ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် တစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကိုကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာတော်များက ဖတ်ကြားတင်သွင်းတော်မူကြပြီး အစီအစဉ်များအတိုင်းဆက်လက် ဆွေးနွေးတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များက တင်ပြ လာကြသည့် အကြံဉာဏ်များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များ ဖြစ်ကြသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနန္ဒသာရနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒတို့က ရှင်းလင်းပြန်ကြားလျှောက်ထားကြပြီး ပထမနေ့အစည်းအဝေးကို ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင်+ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစုက (၃၉)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခဲ့သည်။

(သတင်းစဉ်)