သုံးခွ - ရန်ကုန် YBS 34 ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး သွေးပေါင်ကျပြီး နှလုံးခုန်ရပ်၍ သေဆုံး

ရန်ကုန် ၂၁ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ အမှတ် ၉ ရပ်ကွက် ကားကြီးဝင်း၌ သုံးခွ - ရန်ကုန် YBS 34 ခရီးသည်ယာဉ်ပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရသည်။

 

မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်းတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်အမှတ် YGN 3P /---- သုံးခွ - ရန်ကုန်သွား ခရီးသည်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအနောက် ခရီးသည်ထိုင် ဒုတိယခုံတန်းတွင် အမျိုးသားတစ်ဦး ကားဘေးမှန်အား မှီ၍သေဆုံးနေသည်ကို တွေ့ရှိရသည်။

 

၎င်း၏ဘေးတွင် သျှင်ပါဂူ ဆေးရုံမှတ်တမ်းတွေ့ရှိရပြီး စစ်ဆေးရာ သေဆုံးသူမှာ ဦးသန်းထွန်း (၆၃)နှစ်၊ ရိုးကြီးကျေးရွာ၊ ခရမ်းမြို့နယ်နေသူဖြစ်ကြောင်းနှင့် နှလုံးရောဂါဖြင့် ဆေးကုသမှုခံယူနေရပြီး ယနေ့ဆေးစစ်ချက် မှတ်တမ်းအရ သွေးပေါင် ၁၀၀/၅၀ သာရှိနေရာ သွေးပေါင်ကျနေကြောင်း သိရှိရသည်။

 

အလောင်းအား စစ်ဆေးရာ ခန္ဓာကိုယ်ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းနှင့် ကနဦးစစ်ဆေးချက်အရ သေဆုံးသူသည် နှလုံးရုတ်တရက်ရပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကိုကျော်(သုံးခွ)