သုံးနှစ်အတွင်း ဝက်ဘ်ဆိုက် ၁၃၀ဝဝ ကျော်ကို တရုတ်ပိတ်သိမ်း

ပေကျင်း ၂၅ ဒီဇင်ဘာ

 

တရုတ်အစိုးရဟာ ၂၀၁၅ ခုနှစ်ကတည်းကစပြီး နိုင်ငံ့ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုဖြင့် ဝက်ဘ်ဆိုက်များကို  ပိတ်သိမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အစိုးရအနေနဲ့ လူထုအတွက် သန့်ရှင်းတဲ့ အင်တာနက်ကွန်ရက် ဖြစ်အောင် လုပ်ဆောင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ရှီကျင့်ဖျင် အာဏာရပြီးနောက်ပိုင်းမှာ တရုတ်အစိုးရဟာ နိုင်ငံအတွင်း အင်တာနက်ထိန်းချုပ်မှုကို တင်းကျပ်စွာ ထိန်းချုပ်လာတာ ဖြစ်ပါတယ်။  ဒီလိုလုပ်ဆောင်လိုက်တာဟာ ကွန်မြူနစ်ပါတီအပေါ် ဝေဖန်မှုတွေကို တားဆီးသွားဖို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းချုပ်လိုက်တာဖြစ်ကြောင်း ထောက်ပြပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

 

တရုတ်အစိုးရကတော့ နိုင်ငံတိုင်းဟာ အင်တာနက် အသုံးပြုမှုကို စည်းကမ်းသတ်မှတ်ပြီး ထိန်းညှိထားကြောင်း၊ တရုတ်နိုင်ငံရဲ့ ဥပဒေဟာလည်း နိုင်ငံတော်လုံခြုံရေး၊ လူမှုဘဝတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများမှ ကာကွယ်ရေးကို ဦးတည်ကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။

 

ယခုလို ဝက်ဘ်ဆိုက် ၁၃၀ဝဝ ကျော်နဲ့ အကောင့် ၁၀ မီလီယံနီးပါး ပိတ်သိမ်းမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အများစုဟာ လူမှုကွန်ရက်များဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ တိုင်းပြည်ရေရှည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အင်တာနက် လုံခြုံရေးဟာ အစိုးရရဲ့ အာဏာအောက်မှာ ရှိနေရဦးမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားတာကို တွေ့ရပါတယ်။

 

အစိုးရရဲ့ အင်တာနက် ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ပြည်သူ ကိုးဆယ်ရာခိုင်နှုန်းကို စာရင်းကောက်ယူခဲ့ရာမှာ ၆၃ ဒသမ ၅ ရာခိုင်နှုန်းကတော့ အင်တာနက်ပေါ်က အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ သိသိသာသာလျှော့ချ နိုင်ခဲ့တယ်လို့ စာရင်းပြထားတာ တွေ့ရပါတယ်။ တရုတ်ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဝက်ဘ်ဆိုက် အော်ပရေတာ ၂၂၀ဝ ကျော်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလို အင်တာနက် ထိန်းချုပ်မှုဟာ နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိကြောင်း Wang Shengjun (vice chairman of parliament’s standing committee) ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာလည်း မိမိအမည်အရင်းနဲ့ မှတ်ပုံတင်ဖို့ ရှောင်လွှဲနေတဲ့ အကောင့်အတုပေါင်း ၁၀ မီလီယံကျော်ကို ပိတ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

 

တရုတ်နိုင်ငံဟာ ပြည်ပသတင်းဌာနများ Google နှင့် Facebook အပါအဝင် အခြား လူမှုကွန်ရက်များကို ဆင်ဆာတင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

 

ကိုးကား > ရိုက်တာ