သုံးနှစ်တာကာလအတွင်း စင်ကာပူ၏ လေထုအခြေအနေမှာ အဆိုးရွားဆုံးဖြစ်

စင်ကာပူ စက်တင်ဘာ ၁၆

 

အင်ဒိုနီးရှားနိုင်ငံမှ တောမီးလောင်မှုကြောင့် ထွက်လာသောမီးခိုးများ စင်ကာပူသို့ ရွေ့လျားလာသည့်အတွက် စင်ကာပူနိုင်ငံ၏ လေထုအခြေအနေမှာ သုံးနှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ လေထုညစ်ညမ်းမှု နှင့်ပတ်သက်ပြီး အစိုးရကစံသတ်မှတ်ထားသည့်အဆင့်မှာ စက်တင်ဘာ ၁၃ ရက်က ၁၀ဝ ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီက ပြောသည်။

 

သတ်မှတ်ချက် ၁၀ဝထက်ကျော်လွန်လျှင် ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းမရှိဟု သတ်မှတ်ကြသည်။ ထို့ကြောင့် အချိန်အကြာကြီး အပြင်သို့ထွက်ခြင်းများမပြုလုပ်ရန် ပြည်သူများအား တိုက်တွန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းနှင့် ကာလီမန်တန်ကျွန်းတို့တွင် ယခုအချိန်ဆိုလျှင် လယ်ကွင်းများ မီးရှို့သည့်အလေ့အကျင့်ရှိပြီး ထိုသို့ပြုလုပ်ခြင်းကြောင့် မီးခိုးများထွက်လာရခြင်းဖြစ်သည်။ ယခုနှစ်အတွင်း မိုးရွာသွန်းမှုမရှိခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ